Thursday, January 20, 2011

ကိုယ်တိုင်အကြောင်းကို (လူလူချင်း) အခြားသူတွေက ပိုမသိနိုင်ပါ

သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ ...
“နင်ပြောချင်သမျှ ငါ့အကြောင်း ငါ့ကိုလာပြောပါ။ နင်သိချင်သမျှငါ့အကြောင်း ငါ့ကိုမေးပါ။ အခြားသူကို မေးရင် နင်သိချင်သမျှ အားလုံး သိရမှာမဟုတ်။ ဘာကြောင့်လဲ ဆိုတော့ ငါ့အကြောင်းကို ငါကိုယ်တိုင်လောက် (လူလူချင်း) အခြားသူတွေက ပိုမသိနိုင်ပါ” ဆိုတဲ့ အကြောင်းလေးကို ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် ဆုံဖြစ်ကြတဲ့ တစ်ရက်မှာ စကားစပ်မိရင်း စိတ်ပြုတင်းပေါက် ကိုယ်စီဖွင့်မိကြတယ်။

A : အင်း …. ဟုတ်တယ် … လူတစ်ယောက်အကြောင်းကို ကိုယ်တိုင်လောက် ဘယ်သူမှ ပိုမသိနိုင်ဘူး။
B : ငါ့အကြောင်းပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ရင် ငါ့မိဘကိုသာ လာမေးပေတော့။ အဲဒါဆိုပိုမမှန်ဘူးလား။



A : မဟုတ်ဘူး။ မိဘ မသိတဲ့အကြောင်းလည်း ရှိနိုင်သလို ရှိလည်းရှိတတ်တယ်လေ။ ဥပမာ - ရည်းစားထားတာကို မိဘက မသိစေချင်တာကို ကိုယ်က ပြောပြမလား။ ဟုတ်ဘူးလား။
B : မိဘကို မပြောပြပေမဲ့ လည်း မိဘကသိချင်သိနေတတ်တာ။ သားသမီးတွေကို သူတို့မွေးကျွေးစောင့်ရှောက်ခဲ့တာ။

A : သြော် … အားလုံးကိုတော့ ဘယ်ပြောပြပါ့မလဲ။ ရှင်ရော ရည်စားထားတဲ့အကြောင်း မိဘကို အကုန်လုံး လိုက်ပြောဖူးလား။ မိဘ မသိအောင် တမင် ဖုံးဖိထားတာ မဟုတ်ပေမယ့်လေ။ ကဲ ... ပြောလေ။
B : မိဘက အလိုလိုသိနေတာ။

A : အားလုံးကို သိလို့လား။ လျှောက်မပြောနဲ့နော်။
B : မရိုးမသားလုပ်ထားတဲ့သူတယောက် မိဘရှေ့မှာ ရဲရဲကြီး ရင်ဆိုင်ဝံ့လို့လား။

A : ဟာ … မရိုးမသားလုပ်ထားတာ မဟုတ်ဘူးလေ။
B : အပြောအဆိုအနေအထိုင်ကအစ လျှို့ဝှက်လာရင် တရက်မဟုတ်တရက်မိဘက သိလာတာကြီးပဲ။

A : လျှို့ဝှက်တာမှ မဟုတ်တာလေ။ အရွယ်ရောက်တဲ့သူတစ်ယောက်ကို မိဘက နေရာတကာလိုက်ပြီး ချုပ်ချုပ်ကန့်သတ်နေတာ မဟုတ်ဘူးလေ။ သူက ရည်စားထားတာကိုတော့ မိဘကို ပြောချင်မှ ပြောမှပေါ့။
B : စကားမပြောတတ်တဲ့ အူဝဲ အရွယ်တုံးက အလေးအပေါ့သွားချင်တာကို မိဘကဘယ်လိုလုပ်ပြီးသိနေလဲ။

A : သူ ပေါက်ချလိုက်တဲ့အခါ သိတာပေါ့။
B : အဲဒီခလေးရဲ့အရိပ်အခြေပဲ။ အမေကိုပြန်မေးကြည့်ပါ၊ သမီး ငယ်ငယ်တုံးက အပေါ့အလေးသွားချင်ခဲ့တာကိုအမေတို့ ကြိုတင်သိခဲ့ဘူးလားလို့။

A : ရှင်က စကားကို လာပြီး ကပ်သီးကပ်သပ်ပြောနေတယ်။ လူတစ်ယောက်က အရာအားလုံးကို မိဘကို တစ်စမကျန် ပြန်မပြောတတ်ပါဘူး။
B : ကျွန်မပြောတာကို ရှင်သဘောမပေါက်သေးဘူးထင်တယ်။

A : ဒါဆို ဆိုလိုရင်းကို ပြောလေ။
B : ကျွန်မဆိုလိုတာက ဘယ်သောအခါမှ မိဘကို ဘာမှမပြောလည်း မိဘက သူတို့သားသမီးကို အလိုလိုသိနေတတ်တာ။

A : မိဘက အလိုလိုသိတယ်ဆိုတာ အားလုံးကို မဟုတ်ဘူးနော်။
B : ဥပမာ ရဲတယောက်ရှေ့မှာ သူခိုး ဒါးမြတယောက်က ရင်ကော့ပြီးသွားရဲပါ့မလား

A : အာ … မဆိုင်ဘူးလေ။ မိဘ မသိအောင် ခိုးလုပ်တာ မဟုတ်ဘူးလေ။ တမင် အသိမပေးပဲထားတာလည်းမဟုတ်ဘူး။
B : အင်းပေါ့လေ၊ တချိန်ချိန်မှာ မိဘနေရာကိုရောက်ခဲ့ရင်တော့ ကျွန်မပြောတာ မှားသလားမှန်သလားသိရမှာပါ။

A : မဟုတ်ဘူး ရှင်ပြောတာကို လက်မခံတာ မဟုတ်ဘူးနော်။ ကျွန်မကလည်း မိဘနဲ့သားသမီးကြားမှာ ရှိတတ်တာလေးကို ပြောပြတာ။

* ကျွန်မရယ် မိဘနေရာကိုရောက်ရှိနေတဲ့ ကျွန်မရဲ့သူငယ်ချင်းရယ်ဆုံမိကြတဲ့ခဏမှာ ကျွန်မတို့နှစ်ယောက် စိတ်ပြုတင်းပေါက်ကိုယ်စီဖွင့်ပြီး အသိဖလှယ်ခဲ့ကြရာကနေ မိဘအပေါ်ပိုပြီးနားလည်မှုရှိလာစေခဲ့တဲ့ သူငယ်ချင်းသို့အမှတ်တရပါ။

No comments:

Post a Comment