ရုတ်တရက် သည်းသည်းမည်းမည်း ရွာချလိုက်တဲ့ ရန်ကုန်မိုးကြောင့် သူမတစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတယ်။ တကယ်တမ်း သူမ မိုးမစိုချင်ပါဘူး။ ညဘက်ကားနဲ့ ပြင်ဦးလွင်ကို ခရီးသွားရဦးမှာကြောင့်ပေါ့။
သူမ ဒီမှာ အလုပ်ဝင်တာ ၁ လ ပင် မပြည့်သေးပဲ အလုပ်ဝင်ပြီး ၁ ပတ်အတွင်း ဧရာဝတီတိုင်းဘက်ကို သွားခဲ့ရတယ်။ ခရီးလမ်းက ကြမ်းပြီး အလုပ်ပင်ပန်းတဲ့ အရှိန်ကြောင့် သူမနေမကောင်းဖြစ်ပေမယ့် ပြန်လာပြီး ၂ ရက်အတွင်း အနားမယူမဖြစ်ပဲ အခုပြင်ဦးလွင်ကို တက်ရဦးမယ်။ သူမရဲ့ ရာထူးတာဝန်က ကြီးလှသည်မို့ သူမတာဝန်ကို ကျေပွန်အောင်တော့ ဆောင်ရွက်ချင်သည်။
မိုးစိုသွားပြီမို့ ရုံးကိုအရောက်ပြန်ကာ ညနေခရီးသွားမယ့် ကျောပိုးအိတ်ထဲက အ၀တ်တစ်စုံထုတ်လဲပြီး ကော်ဖီပူပူ ၁ ခွက်နဲ့ ဒီကိုဂျင်လ် ၁ လုံး သောက်လိုက်တယ်။
ညဘက်ခရီးစထွက်တော့ သူမ ကိုယ်ပူနေတာကို သတိထားမိတယ်။ တစ်လမ်းလုံး သူမ ကိုယ်အပူချိန်တက်ပြီး ဖျားတော့တယ်။ မနက်စောစော ပြင်ဦးလွင်ကားကြီးကွင်းကိုရောက်တော့ ရန်ကုန်ရုံးက စီစဉ်ပြီး booking လုပ်ထားပေးတဲ့ ဟိုတယ်ဆီ taxi နဲ့သွားလိုက်တယ်။
ဘေးက ကွင်းပြင်ကျယ်ကြီးတွေကြားထဲက ခြံဝင်းအကျယ်ကြီးထဲမှာ ၂ခန်းတွဲ ဘန်ဂလိုလေးတွေက တဘက်၊ ၃ ထပ်အဆောက်အဦးကြီးက ၁ ဘက်နဲ့ အလယ်မှာ ပန်းတွေနဲ့ အတော်လေးလှတဲ့ ဟိုတယ်ကိုမြင်လိုက်ရတဲ့ခဏအတွင်း လန်းဆန်းသွားခဲ့တယ်။
သူမအတွက် ၃ ထပ် အဆောက်အဦးရဲ့ ၂ထပ်က အခန်းတစ်ခန်းရတော့ ခဏအနားယူ ရေချိုးပြင်ဆင်ပြီးတဲ့အခါ ရွာတွေကိုသွားဖို့အတွက် ဒေသခံဝန်ထမ်း ၂ ယောက် လာခေါ်မှာကို စောင့်နေလိုက်တယ်။
နောက်တော့ တစ်နေကုန်ရွာတွေဘက်သွားပြီး ညနေပြန်လာတဲ့အခါမှာ သူမတော်တော်ဖျားနေပြီ။ သူမတစ်ယောက်တည်း ဖြစ်ပါ့မလား စိတ်ပူပြီး သူလာအိပ်ပေးရမလားလို့ ၀န်ထမ်း ၂ ယောက်ထဲက မိန်းကလေးဖြစ်သူက ပြောပေမယ့် သူ့သမီးလေးကလည်း နေမကောင်းဖြစ်နေတာမို့ သူမက တစ်ယောက်တည်းလည်းရတယ် စိတ်မပူပါနဲ့လို့ပြောလိုက်တယ်။ ညစာကို ခေါက်ဆွဲစားပြီးချိမ်မှာနော့ စောစော နားလိုက်မယ်ဆိုတဲ့အတွေးနဲ့ သူမ အိပ်စက်အနားယူဖို့ ပြင်လိုက်တယ်။
နေ၀င်ချိန်မှာ အခန်းထဲ မှောင်လာပြီဖြစ်လို့ မီးထွန်းလိုက်တော့ မီးချောင်းမရှိပဲ အခန်းရဲ့အလယ် မျက်နှာကျက်ကနေ တန်းလန်းကျနေတဲ့ ကြက်သွေးရောင် မီးအုပ်ဆောင်းနဲ့ သာမန်မီးလုံးမှိန်မှိန် တစ်ခုပဲတွေ့ရတယ်။ ရေချိုးခန်းထဲမှာတော့ ၁ ပေ မီးချောင်းတပ်ထားတာကို သူမ သတိထားမိခဲ့တယ်။ ဒါနဲ့သူမက ဟိုတယ်အတွင်း အခြေအနေကြည့်ဖို့ အခန်းထဲက လိုက်ကာကို ဆွဲဖွင့်ကြည့်လိုက်တယ်။ သူမနေတဲ့အခန်းက ၀ရံတာဘက်မှာ ပြတင်းပေါက် လုံးဝမရှိပဲ မှန်တံခါးကြီး ၂ ချပ်သာ အပြည့်ရှိပြီး မျက်နှာကျက်ကနေ နံရံအထိရှည်လျားလှတဲ့ ကြက်သွေးရောင် လိုက်ကာကြီးက အဲ့ဒီမှန်တံခါးကြီးကနေ အတွင်းကို မမြင်နိုင်အောင် ဖုံးကွယ်ထားပေးတယ်။
သူမ ကုတင်ပေါ်လှဲနေရင်း မနက်ဖြန်သွားရမယ့် ရွာတွေအတွက် စဉ်းစားနေမိတယ်။ အဲ့ဒီအချိန်မှာပဲ တဂျိန်းဂျိန်းနဲ့ အသံကြားပြီး လိုက်ကာကြီးတွေက လေတိုက်လို့ လွင့်သလိုဖြစ်နေတာမို့ သူမထပြီး လိုက်ကာကိုဟပြီး အပြင်ကို လှမ်းကြည့်လိုက်တယ်။ အပြင်မှာတော့ လေတိုက်နေတာကလွဲပြီး ဘာမှမမြင်ရပဲ မှောင်မည်းနေတယ်။ လေကလည်းတိုက်တော့ မှန်တံခါးကြီး ၂ ချပ်ရိုက်သံက တဂျိနိးဂျိန်း၊ လိုက်ကာကြီးတွေက တလွင့်လွင့်၊ မီးရောင်က နီကျင်ကျင်ခပ်မှိန်မှိန် အခန်းထဲမှာ သူမ ကုတင်ပေါ် ပြန်လှဲနေလိုက်တယ်။ အခန်းထဲမှာ လေလုံးဝမ၀င်ပဲ လိုက်ကာတွေက လေတိုက်ပြီး လွင့်နေသလို ဖြစ်နေတာကိုကြည့်ရင်းစိတ်ထဲမှာ ဘာကိုမှန်းမသိ စိုးရွံ့သွားသလို ခံစားလိုက်ရတယ်။
သူမစိတ်အာရုံပြောင်းဖို့ကြိုးစားရင်း TV channel တစ်ခုကလာနေတဲ့ ဇာတ်ကားတစ်ကားကို ကြည့်နေလိုက်တယ်။ ခဏကြာတော့ ရေချိုးခန်းထဲက ရေပိုက်ပွင့်ပြီး ရေကျသံလိုကြားတာနဲ့ ထသွားကြည့်လိုက်တော့ အသံကတိတ်သွားတယ်။ ဒါနဲ့ ရေပိုက်ခေါင်းတွေကို သေချာကိုင်ကြည့်လှည့်ပိတ်ခဲ့ပြီး သူမ TV ပြန်ကြည့်နေလိုက်တယ်။ ၁၀ မိနစ်လောက်နေတော့ တစ်ခါ ရေသံတွေကြားရပြန်လို့ သူမသွားကြည့်တော့လည်း အသံက တိတ်သွားပြန်တယ်။ အဲ့လိုမျိုး ၄ ခါလောက်ဖြစ်ပြီးချိန်မှာတော့ သူမ အိပ်ပျော်အောင်အိပ်ပစ်လိုက်ဖို့ ကြိုးစားတော့တယ်။
TV ကို Remote နဲ့ ပိတ်လိုက်ပြီး သူမ မျက်လုံးမှိတ်ထားလိုက်တယ်။ ခဏနေတော့ မှိတ်ထားတဲ့ သူမမျက်လုံးထဲမှာ TV ပွင့်ပြီးလင်းနေသလိုဖြစ်တာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ TV က တကယ်ပဲပွင့်နေတယ်။ ဒါနဲ့ သူမ Remote နဲ့ပြန်ပိတ်ပြီး ပြန်အိပ်လိုက်တယ်။ ခဏနေတော့ ခုနကလို ပြန်မြင်တာနဲ့ မျက်လုံးပြန်ဖွင့်ကြည့်တော့ TV က ပွင့်နေပြန်တယ်။ သူမ တခြား channel ပြောင်းပြီးပိတ်လိုက်တော့ TV က ပြန်မပွင့်ဘူး။ ပထမ Channel ပြန်ပြောင်းပြီးပိတ်လိုက်ရင် ပြန်ပြန်ပွင့်တယ်။ အဲ့လိုမျိုး ၃ ကြိမ်လောက် ဆက်တိုက်ဖြစ်ပြီးချိန်မှာ သူမ ငိုချင်သလိုဖြစ်လာတယ်။ ကုတင်ပေါ်ကဆင်းပြီး TV က ခလုတ်ကို သွားပိတ်ပြီး TV Plus ပါ ဖြုတ်ပြစ်လိုက်တယ်။ သူမ မျက်လုံးပြန်မှိတ်ထားပြီး အချိန်တစ်ခုစောင့်ကြည့်လိုက်တယ်။ TV လုံးဝ ပြန်မပွင့်လာတော့ဘူး။ သူမစိတ်ထဲမှာ စူးစမ်းချင်သွားတယ်။ TV ခလုတ်ပြန်ဖွင့် ပထမ channel မှာထားပြီး စမ်းသပ်တော့ TV က ပြန်ပြန်ပွင့်လာတယ်။ နောက်ဆုံးမှာ သူမလည်း ဖျားနေတဲ့အရှိန်ရော အခန်းထဲမှာ တစ်ယောက်တည်း ချောက်ခြားစရာဖြစ်နေတာရယ်ကြောင့် TV Plus ကိုဖြုတ်ထားပြီး အိပ်လိုက်တော့တယ်။
မနက်မိုးလင်းလို့ ရွာတွေထဲသွားပြီး ပြန်ရောက်ချိန်မှာ ရုံးက ဒေသခံဝန်ထမ်းတွေကို ပြောပြမိတော့ မိန်းကလေးဝန်ထမ်းက သူမနဲ့အတူ ညဘက်လာအိပ်ပေးခဲ့လို့ ဘာမှထူးထူးခြားခြား မကြုံခဲ့ရတော့ဘူး။
ရန်ကုန်ပြန်ရောက်ချိန်မှာတော့ ဘ၀မှာ ထူးဆန်းစွာကြုံခဲ့ဖူးတဲ့ အဲ့ဒီအတွေ့အကြုံကို ရုံးကခင်မင်နေသူတချို့ကိုပြောပြမိတယ်။ အဲ့ဒီ ဟိုတယ်မှာသွားတည်းဖူးတဲ့တစ်ယောက်က အံ့သြစွာနဲ့ ဘာလို့ အဲ့ဒီမှာတည်းတာလဲ အဲ့ဒီမှာတည်းမယ်မှန်း သူမသိလိုက်လို့ သူကြိုသိရင် တခြားမှာတည်းဖို့ပြောမှာ၊ သူကိုယ်တိုင် အဲ့ဒီဟိုတယ်မှာတည်းဖူးတယ်။ ဒီလိုမျိုးကြုံခဲ့ဖူးတယ်။ အဲ့ဒီအခန်းက သရဲခြောက်တာလို့ ပြောလာတော့မှ နောက်ပိုင်းတွေ သူမ ပြင်ဦးလွင်သွားတိုင်း အဲ့ဒီဟိုတယ်မှာ မတည်းတော့ပဲ တခြားဟိုတယ်ကို ပြောင်းပြီးတည်းတော့တယ်။
တစ္ဆေ သရဲဆိုတာကို စိတ်ထဲမှာ မထားတတ်တာကြောင့် သူမကြုံတွေ့ခဲ့ရတဲ့ အဲ့ဒီအဖြစ်အပျက်ဟာ တကယ်ပဲ ခြောက်လှန့်ခံခဲ့ရသလား၊ နေမကောင်းဖြစ်နေချိန် စိတ်ထင်ယောင်ထင်မှား ဖြစ်မှုလားဆိုတာကိုတော့ သူမ ကိုယ်တိုင် အခုထိ မသိခဲ့ပါဘူး။
![]() |
ပြင်ဦးလွင် |

No comments:
Post a Comment