MMSY နဲ့ IYS အတူတူပေါင်းစုပြီး စုပေါင်းဝါဖြေပွဲလုပ်မယ်ဆိုတော့ ၀ါဖြေပွဲမတိုင်ခင် တစ်ပတ်လောက်အလိုကတည်းက စီစဉ်တာတွေ လုပ်ကြရတော့တယ်။ ပါဝင်တက်ရောက်ကြမယ့်လူဦးရေ ခန့်မှန်း(၅၀)၀န်းကျင်လို့တွက်ယူပြီး တိုင်ပင်ကြတယ်။
အဲလိုစီစဉ်ပြီးတဲ့နောက် ၀ါဖြေပွဲမတိုင်ခင် တစ်ရက်မှာ MMSY က မိသားစုဝင် ၄၀-ကျော်ပါဝင်မယ်လို့သိရတာကြောင့် IYS က မန်ဘာ ခန့်မှန်းတော့ သိပ်မများဘူးလို့သိရတာကြောင့် မိသားစုဝင် ၆၀-လောက်ပါဝင်ကြမယ်လို့ ခန့်မှန်းပြီး လူဦးရေ(၇၀)လောက် ပါဝင်မယ့် ၀ါဖြေပွဲလေးအတွက် ပါဝင်လုပ်အားပေးကြမယ်ဆိုတဲ့ မောင်နှမတွေစုပြီး တာဝန်တွေ ခွဲဝေယူကြတယ်။ Online က တစ်ခြား မွတ်စလင်မ်ဆိုက်တချို့ နဲ့ အခြားသူတစ်ချို့ကိုလည်း ဖိတ်ဖို့စီစဉ်ခဲ့ကြတယ်။ MFG, UOI တို့က Admin team နဲ့ YPD, YEDC, Smile Education, အစ္စလာမ့်တံခွန် တို့ကိုလည်း ဖိတ်ကြားခဲ့တယ်။
ဒီလိုနဲ့ ၀ါဖြေမယ့်နေ့ရောက်တော့ လုပ်အားပေးကြသူတွေ ၃-နာရီမှာ အားလုံးဆုံကြမယ်လို့ ချိန်းထားကြတာကြောင့် ကျွန်တော်ရယ်၊ Rosana ရယ် က ၃-နာရီမတိုင်ခင် ၀ါဖြေပွဲလုပ်မယ့်နေရာရောက်တော့ လှေကားထိပ်မှာ ရပ်စောင့်နေတဲ့ နာရူတိုကိုတွေ့ရတယ်။ အခန်းကိုရောက်တော့ ကိုမြတ်သူအရင်ရောက်နှင့်နေတာ တွေ့ရတယ်။ ခဏနေတော့ ကိုတိမ်မိုးလွင်ရောက်လာပြီးနောက် တစ်ခြား မောင်နှမတွေလည်း အသီးသီးရောက်လာကြတယ်။ အားလုံးလည်း ကိုယ်တာဝန်ယူထားကြရာအပိုင်းကို လုပ်ဆောင်ကြတော့တယ်။ ၄-နာရီလောက်ရောက်တော့ ကိုဝင်းဇော်လည်း Projector သယ်ပြီး ရောက်လာတာနဲ့ projector ဆင်ပြီး presentation လုပ်မယ့် powerpoint တွေကို စမ်းသပ်ကြတယ်။
ဒီအချိန်မှာပဲ မိုးကလည်း သည်းသည်းမည်းမည်းရွာချလိုက်ပြန်တယ်။ မိုးရွာလိုက်တော့ ကျွန်တော်လည်း စိတ်ထဲမှာ ၀ါဖြေပွဲလာမယ့် မောင်နှမတွေအတွက် စိုးရိမ်မိတယ်။ မိုးကလည်း မနက်ကတည်းက ဆက်တိုက်ရွာနေလိုက်တာ တစ်နေကုန်ပဲ။ ဒါပေမယ့် ၅း၃၀ - နာရီ မစခင်မှာပဲ မိသားစုဝင်တွေ တဖွဲဖွဲရောက်လာကြတယ်။ မုန့်တွေ ယူလာသူတွေလည်း ယူလာကြတာပေါ့။ တချို့မိသားစုဝင်တွေဆို ကိုသက်ကိုတို့နဲ့အတူ ခေါက်ဆွဲကြော်ထုတ်တွေ သယ်လာပေးလိုက်ရသေးတယ်။ ဒါနဲ့ပဲ ညနေ ၅း၃၅ -နာရီလောက်မှာ အစီအစဉ်ကို စတင်ခဲ့ကြတယ်။
ကျွန်တော်ကတော့ MC လုပ်ပေးရတယ်ပေါ့။ ၀ါဖြေပွဲကို အစီအစဉ်(၉)ခုနဲ့ ပြုလုပ်ခဲ့ကြတယ်။
ပထမဦးဆုံးအစီအစဉ်(၁) အနေနဲ့ ကေရာကသ်ရွတ်ဖတ်ပြီး အစီအစဉ်ကို စတင်ခဲ့တယ်။ ကေရာအသ်ရွတ်ဖတ်ပေးသူကတော့ ကိုမြတ်သူပေါ့။
အစီအစဉ်(၂) ကတော့ မိတ်ဆက်ခြင်းပေါ့။ မိတ်ဆက်ကြတော့လည်း မိသားစုဝင်တစ်ယောက်ချင်း ကိုယ့်နာမည်လေးနဲ့ MMSY မှာ ဘာနာမည်နဲ့ရှိပါတယ်ဆိုတာ မိတ်ဆက်ကြတယ်။ တစ်ချို့လည်း မိတ်ဆက်နေတဲ့အချိန်မှ ရောက်လာကြလို့ အသည်းအသန်ဝမ်းသာအားရမိတ်ဆက်သွားကြပါတယ်။ နောက်တော့ ဆရာဦးယာကွပ်နဲ့ အခန်းရှင် မာမူဦးသန်းဖေကလည်း မိတ်ဆက်စကားပြောပါတယ်။
အစီအစဉ်(၃) အရ MMSY နဲ့ IYS ရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေကို Presentation လုပ်ကြပါတယ်။ ပထမဆုံး IYS ရဲ့ လုပ်ငန်းစဉ်တွေကို IYS admin တစ်ယောက်ဖြစ်တဲ့ ကိုမင်းသူက ရှင်းလင်းပြောပြသွားပါတယ်။ နောက် MMSY ရဲ့ လုပ်ငန်းစဉ်တွေကိုတော့ ကိုတိမ်မိုးလွင် နဲ့ ကိုဂျွန်တို့က ရှင်းလင်းပြောပြပါတယ်။ (သူတို့ ၂-ယောက်ကတော့ တက်ရောက်လာတဲ့ မိသားစုဝင်အင်အားကိုကြည့်ပြီး အသံဝင်သွားတယ်လို့ သိရပါတယ် …. :P ….)
အစီအစဉ်(၄) အရကတော့ အစ္စလာမ့်ကဗျာရွတ်ဖတ်တဲ့အစီအစဉ်ပေါ့ ….. ဒီအစီအစဉ်လေးမှာ ပထမဆုံး ကိုမြတ်သူက ကိုသန်းမင်းထိုက်(မြန်မာစာ)ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့ပြီး ဒုတိယအနေနဲ့ ကိုသက်ကိုက ဆရာစိန်ဌေးဟန်ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့တယ် …….. ။ အဲဒီအချိန်မှာပဲ ရေသန့်ဗူးလေးတွေရယ် စပျစ်သီးနဲ့ စွန်ပလွန်သီးတွေကို လိုက်ချပေးနေတာတွေ့ရတယ်။ တစ်ပြိုင်နက် မီးဖိုချောင်ထဲက စားဖိုမှူးအဖွဲ့ကလည်း ၀ါဖြေစာတွေကို အသည်းအသန် ပြင်ဆင်ခွဲတမ်းချပေးနေကြပါတယ်။ ကဗျာရွတ်ဖတ်ပြီးတော့ အဇာန်ပေးတော့မယ်အချိန်ရောက်ခါနီးတာကြောင့် ခဏလေးနားရင်း အဇာန်ပေးချိန်ကို စောင့်ရင်း ၀ိုဇူလုပ်သူတွေ လုပ်ကြပါတယ်။
အစီအစဉ်(၅) အဇာန်ပေးတာနဲ့ ရေနည်းနည်းသောက် အသီးစားပြီး ဆွလာသ်ဝတ်ပြုကြတယ်။ မောင်နှမတစ်ဦးဖြစ်တဲ့ ကိုနေအောင် အေမာန်လုပ်ပေးပါတယ်။ ဆွလာသ်ဝတ်ပြုပြီးတာနဲ့ ၀ါဖြေဖို့ပြင်ဆင်ကြပါတယ်။
အစီအစဉ်(၆) အရ ၀ါဖြေကြပါတယ်။ လူဦးရေက (၈၀)နီးပါးထိ ရှိသွားတာကြောင့် စားဖိုဆောင်ကအဖွဲ့ကလည်း သူတို့မစားပဲ အရှေ့ကလူတွေကို ဦးစားပေးတဲ့အနေနဲ့ ရေသောက် ပဲသုပ်စားပြီး တင်းတိမ်နေကြတယ်။ ခဏနေ လူအားလုံးစုံသွားပြီဆိုမှ သူတို့လည်း စားကြတယ်။ ၀ါဖြေပြီးကြတော့ မိသားစုဝင်တစ်ချို့လည်း ပြန်သွားကြတယ်။
အစီအစဉ်(၇) အရ မပြန်ပဲ ကျန်နေခဲ့ကြသူတွေကတော့ ဆွေးနွေးဝိုင်း အစီအစဉ်လေးကို ဆက်ခဲ့ကြတယ်။ ဆွေးနွေးပွဲအစီအစဉ်လေးမှာ ဆွေးနွေးဖြစ်ခဲ့တာတွေက ………..
၁) လစဉ်လူငယ်ဖိုရမ်စကားဝိုင်းလေးလုပ်ရန် ။ ။ စက်တင်ဘာလ (၂၅)ရက်နေ့ တနင်္ဂနွေနေ့မှာ HIV & STI Awareness ခေါင်းစဉ်နဲ့ အဲ့ဒီအခန်းမှာပဲ နေ့လည် (၂)နာရီမှာ စတင်ပြီး ဆေးပညာပိုင်းရော အစ္စလာမ်တရားတော်ပိုင်းပါ ပါဝင်ဆွေးနွေးကြပါမယ်။
၂) အီးဒ်မိတ်ဆုံစားပွဲကို Interfaith ပုံစံမျိုးစီစဉ်ရန် ။ ။ လောလောဆယ်တော့ အောက်တိုဘာလ (၉)ရက်နေ့ကို လျာထားပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ စီစဉ်နိုင်ဖို့ အားလိုပါတယ်။
၃) အွန်လိုင်းနှင့် offline ရှိလူငယ်အင်အားစုများစုပြီး ဘာသာခြားညီနောင်များ၏ အစ္စလာမ့်အပေါ်အမြင်ဆိုတဲ့ survey research လေး စနစ်တကျလုပ်ဖို့ပါ။ အသေးစိတ်ကို လာမယ့် စကားဝိုင်းတွေမှာ စနစ်တကျလေးဆက်လက်ဆွေးနွေးသွားပါမယ်။ ဒီစကားဝိုင်းလေးမှ တဆင့် နောက်ပိုင်း လူငယ်တို့ Career အတွက် သင်တန်းလေးများ စီစဉ်သွားနိုင်သည် အထိဆက်လက်ကြိုးစားပါမယ်။ အင်ရှာအလ္လာဟ် ၄) MMSY ရဲ့ NFE (သာကေတကျောင်းက ကလေးတွေစာသင်ကြားမှု)အတွက် နောက်နှစ်ဆက်လုပ်သွားရန်နဲ့ ဆရာရှာဖွေရန်ကို လည်းဆွေးနွေးဖြစ်ပါတယ်။ တစ်ပတ်ကို ၃-ရက် ကလေးတွေအပေါ် စာသင်ကြားမှုကို စိတ်ပါဝင်စားမှုရှိပြီး စေတနာပြည့်ဝတဲ့ ဆရာတစ်ယောက်ခန့်ထားရန်၊ MMSY ကနေ Annountment လုပ်ပြီး ဆရာခေါ်ယူပါမယ်။ ကျွန်တော်ဖော်ပြဖို့ မေ့သွားတာတွေကိုတော့ သတိရတဲ့ ညီအစ်ကိုမောင်နှမတွေက ဆက်ဖြည့်ပေးကြပါ။ [အစီအစဉ်(၇) ဆွေးနွေးမှုအစီအစဉ်လေးမှာ ဆွေးနွေးခဲ့တာတွေကို ရေးသားပေးပို့တဲ့ ကိုမင်းသူ ကျေးဇူးပါ …. ]
အစီအစဉ်(၈) အရ ကူညီပေးသူများနှင့် ပါဝင်ပေးသူများ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားပါတယ်။
အစီအစဉ်(၉) အရ ကိုမြတ်သူမှ ဒုအာဆုမွန်တောင်းပေးပြီး ၀ါဖြေပွဲအစီအစဉ်ကို ရပ်နားခဲ့ကြပါတယ်။
ဒီလိုနဲ့ ၇း၄၀နာရီ လောက်မှာ အစီအစဉ်အားလုံးပြီးစီးခဲ့ပြီး အားလုံးလည်း ပြန်သွားတာပေါ့။ ၀ါဖြေပွဲ စီစဉ်သူတွေကတော့ ထုံးစံအတိုင်း ပတ်စာခွာဖျာလိပ်သိမ်းဆည်း ရှင်းလင်းကြတော့တာပေါ့။ ၀ါဖြေပွဲတက်လာတဲ့ မိသားစုဝင်တချိုကလည်း ၀ိုင်းဝန်းသိမ်းဆည်းရှင်းလင်းပေးကြတယ်။ အားလုံးပြီးတော့ ၈း၃၀ နာရီ ကျော်သွားတယ်။ ပါဝင်ကူညီပေးကြသူတွေလည်း တော်တော်လေးကို ပင်ပန်းသွားကြတယ်။ ဒါပေမယ့် အားလုံးရဲ့ စိတ်မှာဝမ်းသာကြည်နူးမှုတွေနဲ့ပြည့်နေတာကို မြင်ရလို့ ကျေနပ်ဝမ်းသာမိပါတယ်။
ဝါဖြေပွဲတက်ရောက်လာတဲ့ မိသားစုဝင်တစ်ချို့ ရေးသားခဲ့ကြတဲ့ “ပြောချင်တဲ့ ရင်တွင်းစကားလေးတွေ”
ကိုထိုက်ထွေး ==> Online စုပေါင်း ၀ါဖြေပွဲအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။
ကိုအောင်ကိုဦး ==> ပါဝင်ရတဲ့အတွက် ၀မ်းမြောက်ပါတယ်။
ကိုအေးမင်းထွန်း ==> ပါဝင်ရတဲ့အတွက် ၀မ်းသာပါတယ်။
ကိုယုယအောင် ==> ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။
ကိုကျော်တင့်ထွန်း ==> အရမ်းကောင်းတဲ့အစီအစဉ်ပါ။
ကိုရဲထွဋ်ဝင်း ==> သူငယ်ချင်းအားလုံးဆုံရတဲ့အတွက် ၀မ်းသာပါတယ်။
ကိုအောင်သူ ==> အစ္စလာမ့်မောင်နှမတွေ ညီညီညွတ်ညွတ် စုပေါင်းပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။
မဝေဟင်လွင် ==> အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်။
နာရူတို ==> မုန့်အများကြီးစားချင်တယ် XD (၀ါကိုက်ခြင်း)
Sakura ==> အရမ်းကျေးဇူးတင်ပါတယ်။
Rosana ==> နောင်နှစ်တွေမှာလည်း အခုလို ဆုံတွေ့ချင်ပါတယ်။
Thida Latt ==> မောင်နှမများအားလုံး ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ နောင်နှစ်များမှဲာ ပြန်လည် ဆုံတွေ့နိုင်ပါစေ ….. အာမီးန် ….
ထိုက် ==> This is my first experience with muslim
မေပန်းပွင့် ==> to get good bro, sis and friends.
မိုးတွေ ရွာနေတဲ့ကြားထဲက ၀ါဖြေပွဲကိုအရောက်လာပြီး ပါဝင်ခဲ့ကြတဲ့ မိသားစုဝင်မောင်နှမများအားလုံး၊ MFG Admin team၊ အစ္စလာမ့်တံခွန်ဝိုင်းတော်သားများနဲ့ ၀ိုင်းဝန်းပါဝင်ခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဝါဖြေပွဲမှာ အခန်းကူညီပေးခဲ့တဲ့ မာမူဦးသန်းဖေ၊ အလှူငွေထည့်ဝင်ပေးကြတဲ့ မောင်နှမများ၊ မုန့်များယူဆောင်ကြသောမောင်နှများ၊ Projector ကူညီပေးခဲ့တဲ့ ကိုဝင်းဇော်၊ အိုးပန်းကန်ခွက်တွေ ကူညီပေးတဲ့ ညီမ ညိုညိုဝင်းနဲ့ ပါဝင်ကူညီပေးခဲ့ကြတဲ့ …… မောင်နှမတွေဖြစ်တဲ့ ကြိုဆိုရေးနဲ့ reception တာဝန်ယူပေးခဲ့ကြတဲ့ မောင်လေး ထိုက်ထွန်း၊ သစ်ဆန်းခန့်၊ ညီမလေး နာရူတို၊ Sakura၊ ကျန်တဲ့အစီအစဉ်တွေမှာ တက်ညီလက်ညီ ကူညီပေးခဲ့ကြတဲ့ မောင်လေး နေသူ၊ ရဲလင်း၊ ကိုမြတ်သူ၊ အစ်မ မမီဇာန်၊ ညီမလေး မချယ်ရီ၊ မနီလာ၊ မRosana ၊ မစိုးယုမော်၊ မဝေဟင်လွင်နဲ့ စလယ်ဆုံး ဦးဆောင် ပေးခဲ့ကြတဲ့ ကိုဂျွန်၊ ကိုသက်ကို၊ ကိုမင်းသူ၊ ကိုတိမ်မိုးလွင်နဲ့ နောက်ဆုံးပိတ် လုပ်အားပေးသွားကြတဲ့ ကိုအောင်သိန်း၊ကိုရဲထွဋ်ဝင်း၊ ၀ါဖြေပွဲအချိန်အတွင်း လိုအပ်မှုတစ်ခုကို ချက်ချင်းကူညီပေးခဲ့သူ ကိုလူမင်းဟန် တို့နှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကို MMSY မိသားစုဝင်တွေ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ပါဝင်ကူညီသူများ ကျန်နေခဲ့လျှင် ကျွန်တော့်ကို ပြန်ပြောပေးကြပါဦး ........... :)

No comments:
Post a Comment