ဒီရက်ပိုင်းမှာ အားလပ်ချိန်လေးနည်းနည်းရနေတာကြောင့် စာအုပ်အဟောင်းတွေ ပြန်လှန်ရင်းနဲ့ ၂၀၁၀-ခု မတ်လက ခရီးသွားခဲ့တာလေးတွေကို ပြန်ဖတ်မိလာတယ် …. အဲဒီအချိန်ကတည်းက ခရီးစဉ်လေးကို စာရေးဖို့စိတ်ကူးရင်း မရေးဖြစ်ခဲ့တာကိုလည်း ပြန်သတိရလာတယ် …. ဒါနဲ့ပဲ ခရီးစဉ်လေးကို ပြန်တူးဆွမိတယ် ……
မှတ်မှတ်ရရ … ကျွန်မ အလုပ်လုပ်ခဲ့ဖူးတဲ့ Child Protection Project တစ်ခုရဲ့ အတွေ့အကြုံလေးပါ။ ဒီ Project မှာ ကျွန်မတာဝန်ယူထားရတာက မန္တလေးရယ်၊ လားရှိုးရယ်က သင်တန်းကျောင်းတွေကိုပါ။ Project ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုက ‘သင်တန်းကျောင်းကို အကြောင်းအမျိုးမျိုးကြောင့်ရောက်လာတဲ့ကလေးတွေကို မိဘတွေနဲ့အတူနေနိုင်အောင် ပြန်လည်ပေါင်းစည်းပေးရေး’ဖြစ်တော့ ကလေးတွေ မိဘအိမ်ကိုပြန်နိုင်အောင် မိဘတွေနဲ့ သွားတွေ့ပြီး ဆွေးနွေးညှိနှိုင်းရတာမျိုးလည်းရှိခဲ့တယ်။ လားရှိုးကျောင်းက ကလေးတွေမှာ မိဘတွေကလည်း ပြန်လာခေါ်တာမျိုးမရှိတော့ မိဘအိမ်တွေအထိလိုက်ဖို့ ကျွန်မ လားရှိုးကို သွားရပါတော့တယ်။ လားရှိုးကျောင်းက ကလေးတွေက သူတို့ဇာတိတွေက လားရှိုးတ၀ိုက်ကထက် ကွတ်ခိုင်ဟိုးဘက် ရွာလေးတွေက ဖြစ်နေတယ်။ ဒီတော့ ကျွန်မတို့လည်း အဲဒီဘက်တွေထိ လိုက်နိုင်ဖို့အတွက် လားရှိုးမြို့နယ် မ.ယ.က၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နောက်ပြီး ရွာတွေရဲ့အခြေခံတွေကိုသိတဲ့ တခြား NGO တွေနဲ့ ဆက်သွယ်တွေ့ဆုံဆွေးနွေးပြီး ကွတ်ခိုင်ဘက်က ရွာလေးတွေကို သွားဖို့ပြင်ဆင်ရတော့တယ်။ လားရှိုး (မ.ယ.က)က ကွတ်ခိုင်(မ.ယ.က)ဆီ လွှဲတဲ့စာကိုကိုင်ပြီး ကွတ်ခိုင်ကို ချီတက်ရတော့တယ်။
ကွတ်ခိုင်လည်း ရောက်ရော မ.ယ.ကနဲ့ ပြောဆိုဆွေးနွေးကြတယ်။ မ.ယ.က ဥက္ကဌကလည်း တော်တော်လေးသဘောကောင်းပါတယ်။ ကျွန်မတို့သွားမယ့်ရွာတွေက အညိုရောင်နယ်မြေဖြစ်လို့ လုံခြုံရေးအတွက် အရေးကြီးကြောင်း၊ ဒါကြောင့် ပြည်သူ့စွမ်းအားရှင်တစ်ယောက်(အဲဒီအချိန် သူတို့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု)ထည့်ပေးမယ့်အကြောင်းနဲ့ မြို့နယ်ကနေ၊ ကျေးရွာအုပ်စု၊ ကျေးရွာ တာဝန်ခံတွေကတဆင့် သွားလာဖို့သတိပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့လည်း ကွတ်ခိုင်ကနေ လားရှိုးကို ပြန်လာခဲ့ကြတယ်။ နောက်တစ်ရက် မနက်စောစောမှာတော့ လားရှိုးကနေ ကွတ်ခိုင်၊ ကွတ်ခိုင်ကနေ ရွာတွေကိုသွားဖို့ ဆက်ပြီးချီတက်ရတာပေါ့။ ရွာတွေသွားတော့ ကျွန်မတို့လည်း ရွာအုပ်စုလူကြီးကို သွားတွေ့ရတယ်။ အဲဒီရွာလူကြီးကလည်း သဘောကောင်းပါတယ်။ ရွာတွေက တောင်ပေါ်မှာဖြစ်လို့ ကျွန်မတို့ကားနဲ့ တက်ဖို့အဆင်မပြေတာကြောင့် ဆိုင်ကယ်ကယ်ရီမောင်းသူတွေကို ခေါ်ပေးပါတယ်။ ကျွန်မတို့သွားတာက ၅-ယောက်ပေါ့။ ကားမောင်းတဲ့ဦးလေးရယ်၊ ရန်ကုန်ကတစ်ယောက်ရယ်၊ မန္တလေးက ကျွန်မရယ်၊ လားရှိုးက စေတနာ့ဝန်ထမ်း ၂-ယောက်ရယ်ပေါ့။
ဒီနေ့သွားမယ့်ရွာကတော့ တောင်ပေါ်ကို ကားတက်လို့ရအောင် မကြာခင်ကလဲ လုပ်ထားတော့ ကားနဲ့သွားလို့ရတယ်ဆိုတော့ ကျွန်မ၀မ်းသာသွားတယ်။ ဒါနဲ့ပဲ ကျွန်မတို့ ၅-ယောက်ရယ်၊ တောင်ခြေကျေးရွာက ရာအိမ်မှူးတစ်ယောက်ရယ် တောင်ပေါ်ကို တက်ခဲ့ကြတယ်။ တောင်ပေါ်မှာ တစ်နေကုန်နီးပါးနေကြရတယ်။ ကားမောင်းတဲ့ဦးလေးကတော့ ကားအနီးအနားမှာ နေရစ်ခဲ့ရတယ်။ ကျန်တဲ့ ကျွန်မတို့ ၄-ယောက်ကတော့ မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယာက် ၂-ယောက်စီခွဲပြီး ကလေးတစ်ယောက်ချင်းစီရဲ့အိမ်ကို သွားပြီး မိဘတွေကို သွားရောက်ဆွေးနွေးရတယ်။ တောင်ပေါ်ရွာလေးက ပလောင်ဝ်တိုင်းရင်းသားတွေဖြစ်တော့ မြန်မာစကားကို ရေလည်အောင် မပြောတတ်ကြဘူး။ ကျွန်မတို့လည်း သူတို့နားလည်အောင် ဥပမာတွေနဲ့ ရှင်းပြလိုက်၊ စကားနားလည်သူက ကြားဝင် ဘာသာပြန်ပေးလိုက်နဲ့ တစ်နေကုန်နီးပါးပဲပေါ့။ နေ့လည်ပိုင်းကျတော့ မိုးတွေအုံ့လာတယ်။ အဲဒီမှာ ကလေးတစ်ယောက်ကပြောတယ် ဆရာမ မိုးရွာလာရင် ဆရာမတို့ပြန်လို့ မရဘူး ဒီမှာပဲ ညအိပ်ရလိမ့်မယ်တဲ့။ ကျွန်မ တော်တော်လေး စိတ်ညစ်သွားတယ်။ မိုးမရွာပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။ ဒါနဲ့ စကားပြောဆိုဆွေးနွေးပြီးလို့ ဆုံရပ်နေရာ ပြန်ရောက်တော့ ကျွန်မတို့ကားကို မတွေ့ရတော့ဘူး။ ကျွန်မလည်း တော်တော်စိတ်ပူသွားတယ်။ ဒါနဲ့ မေးကြည့်တော့မှ မိုးရွာလာရင် ကားက ပြန်ဆင်းလို့ မရနိုင်တော့ဘူး ဒါကြောင့် ကားက ပြန်ဆင်းသွားနှင့်ပြီ ဆရာမတို့ ခြေကျင်လျှောက်ရတော့မယ်တဲ့။ ကျွန်မတို့လည်း ကဲ ဘယ်တတ်နိုင်မလဲ မိုးမရွာလာခင် ခြေကျင်ပဲ ဆင်းကြတော့တာပေါ့ဆိုပြီး ကလေးတွေလမ်းပြပေးတဲ့ ဖြတ်လမ်းကနေ ဆင်းလာလိုက်ကြတော့တယ်။
လမ်းမှာ ခဏခဏချော်လဲတာကတော့ ကျွန်မပေါ့။ နောက်ဆုံးတော့ ကျွန်မလည်း မတတ်နိုင်တော့ဘူး ဖိနပ်ကိုချွတ် လက်ကကိုင်ပြီး ခြေဗလာနဲ့ဆင်းရတော့တာပေါ့။ ဖိနပ်မပါတော့ ခြေဖ၀ါးတွေလည်း နာလိုက်တာတအားပဲ။ အဲဒီအချိန်မှာပဲ တောင်ပေါ်ဒေသရွာခံတွေကို ကိုယ်ချင်းစာစိတ်တော်တော်လေးဝင်လာမိတယ်။ ကျွန်မတို့ တောင်ခြေရောက်တဲ့အချိန်မှာ ကားကို မတွေ့ရတော့ စိတ်ပူသွားမိပြန်ရော။ ဒုက္ခပါပဲ ကားက ဘယ်ရောက်သွားပြန်လဲမသိဘူး …. ဘယ်လိုပဲဖြစ်ဖြစ် အညိုရောင်နယ်မြေလည်း ဖြစ်နေတယ်ဆိုတော့ စိတ်ကလည်း ထင့်တာပေါ့။ ဟိုးခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ လမ်းလုပ်နေကြတဲ့သူတစ်စုကိုတွေ့တော့ သူတို့ကို သွားမေးရင်ကောင်းမယ်ဆိုပြီး သွားမေးမိတယ်။ တောင်ပေါ်ကဆင်းလာတဲ့ ကားတစ်စီးများတွေ့မိလားလို့မေးတော့ သူတို့ကပြောတယ် တောင်ပေါ်ကဆင်းလာတာ မတွေ့သေးဘူး။ နေဦး သူတို့ကားတစ်စိး တောင်ပေါ်တက်နေတယ်။ စက်နဲ့လှမ်းပေါက်ပေးမယ်တဲ့။ စက်နဲ့လှမ်းပေါက်ပေးမယ်ဆိုတော့ ကျွန်မတို့လည်း ဘာမှန်းမသိပဲ ၄-ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတာပေါ့။
အဲဒီအချိန်မှာပဲ သူတို့ထဲက တစ်ယောက်က ဝေါ်ကီတော်ကီကြီးထုတ်ပြီး တောင်ပေါ်ကဆင်းလာတဲ့ကားတစ်စီးတွေ့လားဘာညာမေးတော့မှ ကျွန်မတို့လည်း စက်နဲ့လှမ်းပေါက်တယ်ဆိုတဲ့ စကားကို နားလည်သွားတော့တယ်။ ကားတစ်စီးတောင်ပေါ်ကဆင်းလာနေတယ်။ ဒီဘက်က တက်သွားတဲ့ကားနဲ့ တွေ့နေလို့ လမ်းမလွတ်လို့ လုပ်နေရတာ အခုရပြီ ကားက ဆင်းသွားနေပြီလို့ သိလိုက်ရတော့မှ စိတ်အေးသွားတယ်။ ခဏနေတော့ တောင်ပေါ်ကဆင်းလာတဲ့ကားကို တွေ့လိုက်ရတယ်။ ကားလည်းရောက်ရော ကားပေါ်အပြေးအလွားတက်ပြီး အမောဖြေရင်း လားရှိုးကို ပြန်ဖို့အတွက် ရေပူဂိတ်မပိတ်ခင် ဂိတ်ကိုဖြတ်နိုင်ဖို့အရေး အသည်းအသန် မောင်းကြရပြန်တယ်။ ဂိတ်မပိတ်ခင်လေးမှာပဲ ရေပူဂိတ်ကိုကျော်နိုင်ခဲ့တယ်။ ဒီလိုနဲ့လားရှိုးပြန်ရောက်တော့ တစ်နေ့တာကို ပြန်သုံးသပ်ရင်း … လားရှိုးကနေ တောင်ခြေရွာလေးကိုရောက်ဖို့ ၃-နာရီကျော်ကျော် မောင်းရတယ်။ အသွားအပြန်ခရီးတင် အချိန် ၆-နာရီကျော်ကုန်နေပြီ။ နောက်နေ့တွေမှာ လားရှိုးကနေ အသွားအပြန်လုပ်ရင် အချိန်ကုန်မှာဖြစ်တာရယ်၊ ရေပူဂိတ်မပိတ်ခင် အသည်းသန်ပြေးလွှားရတာရယ်ကြောင့် ကွတ်ခိုင်မှာပဲနေပြီး အဲဒီကနေမှ ရွာတွေကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒီလိုနဲ့ နောက်နေ့မနက်က လားရှိုးမှာတည်းနေတဲ့ဟိုတယ်ကနေ check out လုပ် အရဲစွန့်ပြီး ကွတ်ခိုင်ကို ချီတက်ကြတယ်။ ကွတ်ခိုင်ရောက်မှ တည်းစရာနေရာတွေ လိုက်စုံစမ်းတော့ တည်းခိုခန်းလေးတစ်ခုမှာ တည်းဖို့အဆင်ပြေခဲ့တယ်။ ကျွန်မနဲ့ လားရှိုးက စေတနာ့ဝန်ထမ်းညီမလေးက တစ်ခန်း၊ ရန်ကုန်ကတစ်ယောက်နဲ့ လားရှိုးကစေတနာ့ဝန်ထမ်းမောင်လေးရယ်၊ ကားဆရာဦးလေးရယ်က တစ်ခန်း ကပ်သီးကပ်သပ်ရခဲ့တယ်။ လားရှိုးမှာ ရာသီဥတုက အေးတယ်ဆိုရုံရှိပေမယ့် ကွတ်ခိုင်မှာတော့ ကျွန်မတို့ တော်တော်လေး ဒုက္ခရောက်တော့တယ်။ မနက်မျက်နှာသစ်ရင် ရေတွေက ရေခဲဖြစ်လုမတတ်ဆိုတော့ ရေခဲတွေနဲ့မျက်နှာသစ်ပြီး လေဖြတ်မလားတောင် ထင်မိတယ်။ ရေချိုးခန်းကရေတွေလည်း မချိုးနိုင်ကြဘူး။ ညနေ ၆-နာရီကျော်လောက် ရွာထဲက ပြန်ရောက်လာရင် ယောက်ျားလေး ၃-ယောက်ကတော့ ကွတ်ခိုင်မြို့ထဲ ရေနွေးချိုးခန်းလေးတွေဖွင့်ထားတဲ့ဆီ ရေသွားချိုးကြတယ်။ ရေမချိုးလို့လည်းမရဘူး တစ်ကိုယ်လုံးက ဖုန်တွေနဲ့အလိမ်းလိမ်းလေ။ ကျွန်မနဲ့ စေတနာ့ဝန်ထမ်းညီမလေးကတော့ အဲလို ရေချိုးခန်းတွေမှာလည်း မချိုးချင်ဘူး။ ဒါနဲ့ အဲဒီညီမလေးက သူ့အမျိုး(အဒေါ်)တစ်ယောက်အိမ်ရှိတယ်။ သွားရှာမယ်ဆိုပြီး သူ့အဒေါ်အိမ်ကိုရှာပြီး အဲဒီမှာ ရေပူနဲ့ ရေသွားချိုးကြရတယ်။ သူ့အဒေါ်ကပဲ ကျွန်မတို့ ၂-ယောက်ကို ညစာထမင်းပါကျွေးပြီး နောက်ရက်တွေလည်း ကျွန်မတို့ ၂-ယောက် သူ့အိမ်မှာပဲ လာစားဖို့ ခေါ်တာကြောင့် ကွတ်ခိုင်မှာနေတဲ့တလျှောက် ညစာကို အဲဒီအိမ်မှာပဲ ထမင်းစားဖြစ်ခဲ့တော့တယ်။
နောက်နေ့တွေကျ ကျွန်မတို့သွားမယ့် ရွာတွေက ဟိုး တောင်ထိပ်လေးတွေမှာရှိတာကြောင့် ကားလုံးဝ သွားလို့မရဘူး။ ဒါကြောင့် ကားမောင်းတဲ့ ဦးလေးကတော့ ကားကိုစောင့်ရင်း တောင်ခြေမှာပဲ နေခဲ့ရတယ်။ ကျွန်မတို့က ခြေကျင်လျှောက်တက်မယ်ဆိုတော့ ရွာလူကြီးက ရီတယ်။ ဆရာမတို့ရယ် ကျွန်တော်တို့ လျှောက်ရင်တောင် ၃-နာရီကျော်ကျော်လောက် လျှောက်ရတယ်။ ဆရာမတို့လျှောက်ရင် ညနေမှ တောင်ပေါ် ရောက်လိမ့်မယ်တဲ့။ ဆိုင်ကယ်မောင်းတဲ့သူတွေကလည်း ဒီလမ်းကို မောင်းနေကျဖြစ်လို့ ဆရာမတို့ စိတ်ချပါတဲ့။ ဒါနဲ့ပဲ ကျွန်မတို့လည်း ဆိုင်ကယ် ၄-စီး ငှားပြီး တောင်ပေါ်တက်ဖို့ ပြင်ရတော့တယ်။ ဆိုင်ကယ်စထွက်တော့ ဆရာမတို့ ကျောပိုးအိတ်တွေကို နောက်ကျောမှာမပိုးနဲ့ ရင်ဘတ်မှာလွယ်လိုက်ပါလားဆိုတာနဲ့ ကျောပိုးအိတ်ကနေ ရင်ပိုက်အိတ်လုပ်ပြီး လွယ်ရတော့တယ်။ စထွက်လာပြီးခါစ တောင်ကိုကွေ့ဝိုက်ပြီးမောင်းနေတော့ ကျွန်မလည်း ဆိုင်ကယ်နောက်ထိုင်ရင်း ပတ်ဝန်းကျင်ကို ငေးလာတာပေါ့။ တစ်နေရာလည်းရောက်ရော ဆိုင်ကယ်မောင်းတဲ့ကောင်လေးက ဆရာမ ဆိုင်ကယ်ကို အသားကုန်ကိုဆွဲထားတော့နော်။ မတ်မတ်လမ်းတွေရောက်ပြီတဲ့။ အဲလိုလည်းပြောပြီးရော ဆိုင်ကယ်မောင်းတာ သူပြောသလိုပဲ တကယ့်ကို မတ်မတ်ကြီးတက်တော့တာပဲ။ ကျွန်မလည်း ဆိုင်ကယ်ထိုင်ခုံကို အသားကုန်ဆွဲထားရတယ်။ မဟုတ်ရင် ပက်လက်လန်ပြီး ပြုတ်ကျခဲ့တော့မှာသေချာတယ်။ ပြီးတော့ လမ်းက ဆိုင်ကယ်လမ်းမရှိဘူး။ တောင်ကမ်းပါးအစွန်းလေး လူတွေသွားနေတဲ့လမ်းလေးမှာ ဆိုင်ကယ်ကိုမောင်းရတာ။ ကျောက်ခဲတွေကလည်း ပေါသေးတယ်။
တစ်နေရာရောက်တော့ တစ်ဘက်ကို လှမ်းကြည့်လိုက်ချိန်မှာ ကျွန်မ ကျောချမ်းသွားမိတယ်။ အခုအချိန်မှာ ဆိုင်ကယ်တစ်ချက်ချော်သွားလိုက်ရင် ငါတော့ အရိုးအသားတစ်ခြားစီပဲဆိုပြီး တွေးမိသွားတယ်။ တောင်ကမ်းပါးအစွန်းလေးမှာ တောင်တက်လမ်းကို ကွေ့ဝိုက်ပြီးမောင်းနေရတယ်။ ဘေးတဘက်မှာက ချောက်တွေပဲ။ မတော်တဆ ကျောက်ခဲတလုံးကို နင်းမိပြီး ဆိုင်ကယ်ဘီးတချက်ချော်သွားမယ်ဆိုရင် သေချာပါတယ် ဆိုင်ကယ်က ချောက်ထဲ ကျသွားမှာပါပဲ။ ကျွန်မ အဲလို တွေးမိတဲ့အချိန်မှာပဲ အတွေးထဲ ချက်ချင်းဝင်လာတာက ဒီအချိန်မှာ ဆိုင်ကယ်မောင်းသူကို ကျွန်မယုံကြည်ရမယ်။ သူမောင်းတာကို မယုံကြည်ပဲ ကျွန်မ ကြောက်ရွံ့နေရင် မောင်းရတဲ့သူ့အတွက် အခက်အခဲဖြစ်လာမယ်။ ဒါကြောင့် ကျွန်မစိတ်ထဲမှာ ဆိုင်ကယ်မောင်းသူကို အပြည့်အ၀ယုံကြည်မှုပေးထားလိုက်ရပါတယ်။ (အဲဒီအချိန်မှာပဲ ကျွန်မအတွေးထဲဝင်လာတာလေးရှိပါတယ်။ အဲဒီအတွေးလေးကို ပို့စ်တစ်ခု သီးသန့်ရေးဖို့ စိတ်ကူးထားပါတယ်။)
အဲလိုနဲ့ တောင်ပေါ်ရွာလေးကို ရောက်တော့မှ ကျွန်မတို့လည်း သက်ပြင်းချနိုင်ကြတယ်။ ဆိုင်ကယ်တွေလည်းရပ်ရော ၄-ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရီလိုက်ကြတာ။ တစ်ကိုယ်လုံးက ဖုန်တွေနဲ့ မျောက်ဖြူလေးတွေဖြစ်နေကြလို့လေ။ ဖုန်တွေခါ သန့်ရှင်းရေးလုပ်ကြတယ်။ ခြေလက်သန့်ရှင်းရေးလုပ်ချင်လုပ်ဖို့ ရေဆေးလိုပေမယ့် ရေရှားပါးတာကြောင့် ခြေလက်မဆေးခဲ့ရပဲ တစ်ရှူးနဲ့သာ သုတ်ကြရတော့တယ်။ အဲဒီနောက်တော့ ကျွန်မတို့လည်း သွားတွေ့ရမယ့် ကလေးမိဘတွေအိမ်ကို လူခွဲပြီး သွားလိုက်ကြတယ်။
ဒီတောင်ပေါ်ရွာလေးတွေဟာ ဟိုအရင်ကဆို ဘိန်းစိုက်တဲ့ဒေသတွေပေါ့။ အခုတော့ ဘိန်းမစိုက်ရတော့ တာကြောင့် သူတို့မှာတခြားစီးပွားရေးလည်း မလုပ်နိုင်၊ လုပ်ဖို့လည်း အခွင့်အလန်းမရှိနဲ့ အလွန်ကို ဆင်းရဲလှပါတယ်။ ဟိုးတောထဲမှာ ဘိန်းစိုက်တာ အနည်းအကျဉ်းရှိသေးတာကြောင့် အဲဒီက ခူးလာတဲ့ ဘိန်းသီးတွေကို နေလှန်းထားတာလည်း တွေ့ခဲ့ရတယ်။ ရေကတော့ အလွန်ကို ရှားပါးတယ်။ ဒါနဲ့ ကျွန်မမေးကြည့်တယ် ရေချိုးတော့ ဘယ်လိုချိုးကြလဲဆိုတော့ တစ်ချို့က တစ်ပတ်တစ်ခါချိုးတယ်၊ တချို့ တစ်လတစ်ခါချိုးတယ်တဲ့။ အဲလိုလည်းကြားလိုက်ရော ကျွန်မ အလွန်ကို အံ့သြသွားမိတယ်။ ရွာလေးကနေ ဟိုးဘက်ဆက်တက်သွားရင် တောင်ထိပ်လေးတစ်ခုမှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ရေကန်တစ်ခုရှိတယ်။ မိုးရာသီမှာရွာတဲ့ မိုးရေကိုလှောင်ထားပြီး တစ်နှစ်ပတ်လုံးအတွက် သောက်ရေအဖြစ် အသုံးပြုကြရတယ်။ သုံးရေအတွက်ကတော့ ဟိုးတောင်အောက်ထိဆင်းပြီး စိမ့်စမ်းရေကို ခံယူကြရတယ်။ မိုးတွင်းကာလဆို စိမ့်စမ်းရေက အထွက်များပေမယ့် ကျွန်မတို့ရောက်သွားတဲ့အချိန်က နွေဦးပေါက်ကာလလည်းဖြစ်တော့ စိမ့်စမ်းရေက ထွက်လာတဲ့ရေက လက်ညှိုးတစ်ချောင်းစာလောက်ပဲ ရှိပါတယ်။ ရေတစ်ပုံး(၁၀-ပိဿာဝင်ပုံး) ရဖို့အတွက် ၁-နာရီလောက် ရေခံကြရတယ်။ အဲဒီစိမ့်စမ်းရေစီးကျတဲ့နေရာကိုရောက်ဖို့ တောင်ပေါ်ကနေ ၄၅-မိနစ်လောက် လမ်းလျှောက်ပြီးဆင်းကြရတယ်။ အသွားအပြန်က ၁-နာရီခွဲ ရေတစ်ပုံးစာရေပြည့်ဖို့က ၁-နာရီ၊ စုစုပေါင်း ၂-နာရီခွဲလောက်ကြာမှ ရေတစ်ပုံးရပါတယ်။ ရေချိုးချင်ရင်တော့ ဟိုးတောင်ခြေက ချောင်းလေးထိ ၃-နာရီလောက် ခြေကျင်လျှောက်ဆင်းပြီး ချိုးကြရပါတယ်။ သူတို့ရေမချိုးဖြစ်တာကို အံ့သြမှုမဖြစ်တော့ပါဘူး။ အဲလို သိလိုက်ရတော့ ကျွန်မလာခဲ့ရတဲ့ လမ်းအခြေအနေ အားလုံးကို မေ့လျော့သွားခဲ့ပြိး တောင်ပေါ်ဒေသ ဟိုးတောင်ထိပ်ပေါ်က ရွာလေးမှာနေထိုင်ကြတဲ့ ပလောင်ဝ်လူမျိုးအများစုကို သနားစိတ်ဝင်မိတာအမှန်ပါပဲ။
မြန်မာစကားကိုလည်း ရေလည်အောင် မပြောတတ်ကြတော့ ကျွန်မတို့မှာ သူတို့နားလည်အောင်ရှင်းလိုက် စကားပြန်နဲ့ပြောလိုက်နဲ့ ညနေထိရောက်သွားတော့တာပေါ့။ ဒီနဲ့ပဲ ညနေကျ တောင်ပေါ်ကပြန်ဆင်းလာခဲ့ကြပါတော့တယ်။ အဲလိုတောင်ထိပ်က မတူတဲ့ရွာလေးတွေကို ၃-ရက်ဆက်တိုက် သွားပြီးတဲ့အခါမှာတော့ ကွတ်ခိုင် မ.ယ.က ကို ကျွန်မတို့ ပြန်တော့မယ်အကြောင်း သွားရောက်အသိပေးနှုတ်ဆက်ပြီး လားရှိုးကို ပြန်လာခဲ့ကြပါတော့တယ် …….. ။
သြော် ……. သူတို့ရွာလေးတွေနဲ့ သူတို့လေးတွေ(ကလေးတွေ)အတွက် ဘယ်သူတွေကများ ဘယ်လို တိုတက်လာအောင် လုပ်ဆောင်ကြမှာပါလိမ့်နော် …………….
ဒီခရီးစဉ်လေးကတော့ ကျွန်မဘ၀ရဲ့ မှတ်မှတ်ရရ ခရီးစဉ်လေးတစ်ခုပါပဲ …………….
No comments:
Post a Comment