Wednesday, November 17, 2010

ပျော်ရွှင်ချမ်းသာစေဖို့ နည်းလမ်းများ (၁)

1. ဘ၀မှာ ရည်ရွယ်ချက်ရှိတယ်၊ အဓိပ္ပါယ်ရှိတယ်ဆိုတာ သတိရပါ။

2. ပျော်ရွှင်မှုရဖို့ နည်းဗျူဟာ ချမှတ်ကျင့်သုံးပါ။

3. အကြိမ်တိုင်းအောင်မြင်ဖို့မလိုဆိုတာ အမှတ်ရပါ။

4. ရည်မှန်းချက်တွေတစ်ခုနှင့်တစ်ခု လိုက်လျောညီထွေရှိသင့်တယ်။

5. နှိုင်းယှဉ်မယ့်အရာတွေကို ဥာဏ်ရှိရှိရွေးချယ်ပါ။

6. မိတ်ဆွေဖွဲ့ပါ။

7. ကိုယ့်ကိုယ်ကို ခြွင်းချက်မရှိ လက်ခံကြည့်လိုက်ပါ။

8. ကိုယ်ဘယ်ကလာသလဲဆိုတာ သတိရပါ။

9. အိပ်တော့မယ်လို့လှဲနေတဲ့အခါ အကြောင်းအရာတစ်ခုတည်းကိုပဲ တွေးတတ်အောင် ကန့်သတ်ပါ။

10. ခင်မင်မှုက ငွေထက်တန်ဖိုးရှိတယ်။

Monday, November 15, 2010

ခံစားချက်ကို အသိတရားနဲ့ ထိန်းချုပ်တတ်ဖို့လိုတယ်

ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် ဆုံဖြစ်ကြတဲ့ တစ်ရက်မှာ စကားတွေပြောကြရင်း ကျွန်မပြောလိုက်တဲ့ “ခံစားချက်ကို အသိတရားနဲ့ ထိန်းချုပ်တတ်ဖို့လိုတယ်”ဆိုတဲ့စကားအဆုံးမှာ ကျွန်မတို့နှစ်ယောက် စိတ်ပြုတင်းပေါက်ကိုယ်စီဖွင့်မိကြတယ်။

B : ခံစားချက်ကို အသိတရားနဲ့ ထိန်းချုပ်တတ်ဖို့လိုတယ်။

A : တစ်ခါတစ်လေခံစားချက်တွေကအသိတရားရဲ့အလွန်ကိုရောက်ရောက်သွားတတ်တယ်။
B : အဲလို အလွန်ကို ရောက်သွားတာ ကောင်းလား မကောင်းဘူးလား စဉ်းစားကြည့်လေ။

A : တစ်ခါတစ်ရံဆိုအသိတရားဟာခံစားချက်တစ်ချို့ ရဲ့ပုံစံသွင်းခြင်းကိုခံလိုက်ရတယ်။ အသိတရားဟာခံစားမှုကိုမကွယ်ဝှက်ပေးနိုင်ဘူးဆိုတာတော့သေချာတယ်။
B : ကွယ်ဝှက်ဖို့ပြောတာ မဟုတ်ဘူးလေ။ ထိန်းချုပ်ဖို့ပြောတာ

A : အင်း၊ တစ်ခါတစ်ရံသိနေခြင်းဟာလဲခံစားချက်ကိုဒုက္ခပေးတတ်တယ်။ အသိတစ်ရားတစ်ချို့ အောက်မှာ ခံစားချက်တွေကိုလျစ်လျူရှုရတာ ဘယ်လောက်တောင်ပင်ပန်းခက်ခဲလဲသိလား။
B : ဒုက္ခမပေးပါဘူး။ အလွန်ထိရောက်မသွားရင် ဒုက္ခမပေးဘူး။

A : အင်း။ ကျွန်မတို့မှာစိတ်ဒဏ်ရာတွေဆိုတာရှိတယ်။
B : သေချာတာပေါ့။ ကျွန်မမှာလည်း ရှိတယ်လေ။

Sunday, November 14, 2010

ခါတော်မီမယ်ရွေးပွဲ

ကျနော်တို့ရွာမှာ ပြုလုပ်ခဲ့ဖူးတဲ့ ခါတော်မီမယ်ရွေးပွဲအကြောင်းကို အဖွားကပြောပြခဲ့တယ်။ ကျနော်စိတ်ဝင်တစားနားထောင်ခဲ့တာကို သူငယ်ချင်းတွေကိုလည်း သိစေချင်လို့ပြန်ပြောပြတာ။

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာပေါ့ဗျာ။ အဲရွာမှာအုပ်ချုပ်သူ သူကြီးက အသက်တော်တော်လည်းကြီးနေပေမယ့် သြဇာတော့တော်တော်ညောင်းဆိုပဲ။ အသက်သာကြီးတာ ရွာထဲမှာ ဘာပွဲပဲဖြစ်ဖြစ် စီကနဲဆို သူကြီးက ထိပ်ဆုံးရောက်ပြီးသားပဲတဲ့။ ဒါပေမယ့် အဲဒါလေးတွေကလည်း ပွဲသေးသေးလေးတွေလေ။ ပွဲအကြီးကြီးတွေတော့ မလုပ်နိုင်ကြဘူးတ့ ။ ပွဲတွေ မလုပ်နိုင်တာကလည်း ရွာမှာက စီးပွားရေးပြေလည်မှုမရှိကြတော့ မတည်ငြိမ်ဘူးပေါ့။ ဟိုအိမ်ဝင်ခိုးခံရလိုက်ပြီ၊ ဟိုအိမ်တော့ အဖောက်ခံရပြန်ပြီ၊ ဟိုအိမ်တော့ ဓါးပြတိုက်ခံရပြန်ပြီဆိုတာမျိုး ခဏခဏဖြစ်နေတယ်တဲ့။ ဒီတော့ ရွာသူရွာသားတွေကလည်း သူကြီးအုပ်ချုပ်မှုမကောင်းလို့ အခုလိုဖြစ်တယ်ဆိုပြီး သူကြီးကို မကျေမနပ်ဖြစ်ကြတာပေါ့။ သူကြီးကလည်း သူကြီးပါပဲ ကောင်းမှမကောင်းတာတဲ့။ ဒီတော့ သူကြီးကလည်း စဉ်းစားတယ်။ အခုလို ခဏခဏဖြစ်နေရင် ငါတော့သူကြီးဘ၀က ပြောင်းပေးရတော့မယ်။ ချက်ချင်းတော့မပြောင်းချင်သေးဘူး။ သူ့မြေးကိုပဲ သူကြီးအဖြစ် လွှဲပေးချင်တယ်။ သူ့မြေးကလည်း အရွယ်မရောက်သေးတော့ ခက်နေတယ်။

အဲဒီတော့ ရွာသူရွာသားတွေ အာရုံပြောင်းအောင် ပွဲတော်ကြီးတစ်ခုလုပ်ဖို့စဉ်းစားလိုက်တယ်။ ရွာလုံးကျွတ်ပွဲကြီးအနေနဲ့ကတော့ မလုပ်ဖြစ်တာ ဆယ်စုနှစ် ၂-စုလောက် ကြာနေပြီတဲ့။ ဒါနဲ့ပဲ တစ်နေ့တော့ သူကြီးကကြေညာတယ် ရွာမှာ မယ်ရွေးပွဲတစ်ခုပြုလုပ်မယ့်အကြောင်း။ ဘာလို့လဲဆိုတော့ ရွာလုံးကျွတ်အနေနဲ့ပွဲမရှိတာကြာပြီဖြစ်တဲ့အတွက် အဲဒီမယ်ရွေးပွဲမှာလည်း ရွာသူရွာသားတွေအားလုံးက ၀ိုင်းပြီးရွေးချယ်ပေးရမယ့်အကြောင်း၊ ပါဝင်အရွေးခံချင်တဲ့ မယ်တွေကလည်း လကြိုတင်ပြီးစာရင်းပေးထားရမှာဖြစ်တဲ့အကြောင်း၊ အဲဒီပွဲမှာ ရွေးချယ်ခံရမယ့် မယ်ရဲ့ လုပ်ဆောင်ချက်တွေကို တစ်ရွာလုံးက ၀ိုင်းဝန်းအကဲခပ်နေပြီး ရွေးချယ်ပွဲနေ့မှာမှ တရားဝင်မဲပေးပြီး ရွေးချယ်မှာဖြစ်ကြောင်း၊ အနိုင်အရှုံးကိုတော့ ဖွဲ့စည်းထားပေးမယ့် မယ်ရွေးပွဲကော်မတီက ဆုံးဖြတ်ပေးမှာဖြစ်ကြောင်း၊ ဒါကြောင့် မယ်တွေအနေနဲ့လည်း ရွာသူရွာသားတွေ ကိုယ့်ကိုမဲပေးစေဖို့စည်းရုံးလို့ရကြောင်း၊ အဲဒီမယ်ရွေးပွဲကြီးကိုလည်း ခါတော်ချိန်အမီပြုလုပ်မှာဖြစ်လို့ ခါတော်မီမယ်ရွေးပွဲလို့ ခေါင်းစဉ်တပ်ကြောင်း၊ အဲဒါတွေကို အော်လံကနေတစ်ဆင့်ရော၊ ရွာထဲက ဆယ်အိမ်ခေါင်းတွေက ရွာထဲလှည့်ပြီးရော ကြေညာပေးတယ်တဲ့။

Wednesday, November 10, 2010

ထာဝစဉ်လန်းဆန်းရမယ့် ပန်းကလေးဖြစ်စေချင်

( ၁ )

‘တောက်’

ကျယ်လောင်စွာထွက်ပေါ်လာသော တောက်ခေါက်သံခပ်ပြင်းပြင်းကြောင့် မီးပူတိုက်နေရာမှ ၀င့်ဝါနွယ်လှည့်ကြည့်လိုက်မိသည်။ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ နှုတ်ခမ်းဆူပြီး မကျေမနပ်ဖြစ်နေဟန်တူသော ညီမ၀မ်းကွဲ ငုဝါခင်ကို တွေ့လိုက်ရသည်။ ညီမလေလးတစ်ခုခုကို အလိုမကျဖြစ်လာပြီးမှ စိတ်ထဲမှသိလိုက်သည်။

‘ညီမလေး ငုဝါ ဘာဖြစ်လာတာလဲ။ ဘာကို မကျေမနပ်ဖြစ်လာတာလဲ ညီမလေးရယ်’

‘ဘာဖြစ်လာရမလဲမမရဲ့၊ အခုကျောင်းကပြန်လာတော့ လမ်းထိပ်မှာဘယ်ကကောင်တွေလဲမသိဘူး ညီမလေးကို အမီနာပြန်လာပြီလားတဲ့’

‘ဟင် … အဲဒါ ဘာဖြစ်လဲ။ စိတ်ဆိုးစရာလား ညီမလေးနာမည်က အမီနာမှမဟုတ်တာ။ ရှဖီယာပဲ ရှဖီယာကို အမီနာလို့ မှားခေါ်တာနေမှာပေါ့’

‘ညီမလေးမှ သူတို့နဲ့မသိတာ။ ညီမလေးကိုခေါ်ပါ့မလား။ သက်သက်ရန်စတာပဲ’‘ဒါဖြင့်လဲ အခြားတစ်ယောက်ကို နှုတ်ဆက်တာနေမှာပါ။’

‘ဟာ … မမကလဲ ဘယ်ကလာ တခြားတစ်ယောက်ကို နှုတ်ဆက်ရမှာလဲ။ လမ်းပေါ်မှာ ညီမလေးနဲ့ ကေသီပဲရှိတာ။ ကေသီကတောင် နင်ကအမီနာလားဆိုပြီး ရီလိုက်သေးတယ်။ ငါသိတာတော့ အမီနာဆိုတာ ရုပ်ရှင်ထဲမှာ ထမင်းဟင်းချက်တဲ့ အိမ်ဖော်မကြီးပဲတဲ့။ သူတို့ ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ ညီမလေးသိတယ်။’

‘ကဲ … ရှင်းပါဦးညီမလေးရ’‘နေဦး၊ ပြီးမှပြောပြမယ်။ အိမ်ရှေ့မှာ ကေသီစောင့်နေလို့ စာအုပ်သွားယူပေးလိုက်ဦးမယ်.’

ငုဝါခင်ထွက်ပြီးမှ နွယ်ပြန်တွေးနေမိသည်။ နွယ်နှင့်ငုဝါသည် ညီအစ်မ၀မ်းကွဲတော်စပ်သည်။ နွယ့်မေမေနှင့် ငုဝါတို့ရဲ့ပါပါသည် မောင်နှမ၊ ငုဝါလေးနှစ်သမီးမှာ ငုဝါတို့ရဲ့ပါပါ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားပြီးနောက် ငုဝါမေမေ ဒေါ်မြတ်မွန်သည် သူ၏ဇာတိနယ်မြို့လေးရှိ မိဘများနှင့်နေထိုင်ရန် မန္တလေးမြို့မှပြန်လည်ရွေှ့ပြောင်းသွားခဲ့သည်။ ငုဝါတို့မောင်နှမသုံးယောက်လည်း လိုက်ပါသွားခဲ့ရသည်ပေါ့။ မောင်နှမသုံးယောက်အနက် ငုဝါသည်အကြီးဆုံးဖြစ်သည်။ အဖိုးအဖွားတွေက မြေးဦးဆိုပြီးအချစ်သည်းကာ အလိုလိုက်ထားသည်။ အငယ်တွေအပေါ်မှာလည်း သူမကပင် ဗိုလ်ကျဆိုးနွဲ့နေသည်။ အငယ်တွေပင် မိခင်မျက်နှာညှိုးနေလျှင် သိနားလည်ကြသည်။ ငုဝါကတော့ ဘာမှမသိ၊ နားလည်မှုလည်းမရှိ။


Saturday, November 06, 2010

အလွမ်းဋီကာ


@ မနက်အလုပ်သွားတဲ့အခါ ကန်တော်ကြီးဘေးကဖြတ်တိုင်း အမြဲတမ်းဖြတ်သန်းသွားနေခဲ့ရတဲ့ မန္တလေးကျုံးကြီးနဲ့ နန်းမြို့ရိုးကြီးကိုလွမ်းတယ်။

@ မနက်ခင်းရုံးကိုရောက်တော့ ရုံးရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီးဆူညံပွက်လော ရိုက်နေလေ့ရှိခဲ့တဲ့ အရင်က Mandalay Team ကိုလွမ်းတယ်။

@ တနင်္ဂနွေနေ့ မနက်ရောက်တိုင်း အမြဲသွားနေကျ မနက်ဈေးကို လွမ်းတယ်။

@ တနင်္ဂနွေနေ့ နေ့လည်ရောက်တိုင်း အမြဲသွားခဲ့တဲ့ Sunday Class Discussion အချိန်လေးတွေကိုလွမ်းတယ်။

@ ညနေ ကျွန်မ ပြန်မလာမချင်း ထမင်းမစားပဲစောင့်နေတတ်တဲ့သူငယ်ချင်းနဲ့ ညစာအတူစားတဲ့အခါ ညနေတိုင်း ၀ိုင်းဖွဲ့စားခဲ့တဲ့ မိသားစုထမင်းဝိုင်းလေးကိုလွမ်းတယ်။

@ မနက်ပိုင်း ကော်ဖီဖျော်သောက်တဲ့အခါ မနက်တိုင်း ဖေဖေသောက်တဲ့ကော်ဖီထဲက ကျွန်မအတွက် အနည်းဆုံးတစ်ငုံစာအမြဲတမ်းချန်ပေးလို့ သောက်ရတဲ့ကော်ဖ်ီလေးကိုလွမ်းတယ်။

@ ရန်ကုန်မြို့ထဲမှာ ခြေကျင်လမ်းလျှောက်သွားရတိုင်း၊ ဘတ်စ်ကားစီးရတဲ့အခါတိုင်း အမြဲစီးခဲ့တဲ့ စီးတော်ယာဉ် ဆိုင်ကယ်လေးကိုလွမ်းတယ်။

@ Meeting လုပ်တဲ့အခါတိုင်း Meeting တိုင်းမှာ အမြဲငြင်းခုန်ရန်ဖြစ် Meeting ပြီးရင် ကိုယ်တွေမဟုတ်သလို ချစ်ခင်ရင်းနှီးစွာ ပျော်ရွှင်ခဲ့ဖူးတဲ့ Team နဲ့ Meeting တိုင်းမှာ Team Member အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အသားကုန် ဆော်ပလော်တီးပြီး ကိုယ့် Team ကို သူများ Team က လာပြောရင် နည်းနည်းမှ အထိမခံတတ်ပဲ ပြန်ပြီးရန်ဖြစ်ခဲ့ကြဖူးတဲ့ Team လေးကိုလည်းလွမ်းတယ်။


Monday, November 01, 2010

အလုပ်တစ်ခုလျှောက်မယ်ဆိုရင်

အလုပ်တစ်ခုလျှောက်မယ်ဆိုရင် I. Cover Letter II. C.V. form တို့လိုအပ်ပါတယ်။


I. Cover Letter

ကိုယ်ဘယ်သူဖြစ်ကြောင်း၊ ဘာကြောင့်အလုပ်လျှောက်ကြောင်းကို ဖတ်သူထံ ပထမ အစပျိုး ရေးတဲ့စာ။ အဲဒါဟာ ကိုယ့်ကို အင်တာဗျူးလုပ်ပါဆိုပြီး ယဉ်ကျေးတဲ့အပြုအမူနဲ့ တောင်းဆိုလိုက်တဲ့စာလည်းဖြစ်တယ်။

ရည်ရွယ်ချက်
ကိုယ့်ရဲ့ C.V. form ကို အလုပ်ခန့်မယ့်သူဖြစ်ဖတ်အောင် ထောက်ခံရေးသား လိုက်တဲ့စာဖြစ်သည်။

ဘာတွေပါရမလဲ ?
- စာမျက်နှာ ၁-မျက်နှာထက်မပိုရ။ စာပိုဒ် ၃/၄-ပိုဒ်ဖြစ်ရမည်။
- အကြောင်းအရာ ၄-ခုပါရမည်။
(၁) လျှောက်မည့်နေရာ/ရာထူး
(၂) အလုပ်ခေါ်တာ ဘယ်လိုသိလဲ။ (သတင်းစာ၊ ဂျာနယ်၊ အသိမိတ်ဆွေ)
(၃) အဲဒီရာထူးနဲ့ ကိုယ်ဘာကြောင့်/ဘယ်လိုကြောင့် ထိုက်တန်ကြောင်း။
(၄) ကိုယ့်ကို ဘယ်လိုဆက်သွယ်လို့ရကြောင်း (ဖုန်း/လူမှတဆင့်)