Sunday, November 14, 2010

ခါတော်မီမယ်ရွေးပွဲ

ကျနော်တို့ရွာမှာ ပြုလုပ်ခဲ့ဖူးတဲ့ ခါတော်မီမယ်ရွေးပွဲအကြောင်းကို အဖွားကပြောပြခဲ့တယ်။ ကျနော်စိတ်ဝင်တစားနားထောင်ခဲ့တာကို သူငယ်ချင်းတွေကိုလည်း သိစေချင်လို့ပြန်ပြောပြတာ။

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာပေါ့ဗျာ။ အဲရွာမှာအုပ်ချုပ်သူ သူကြီးက အသက်တော်တော်လည်းကြီးနေပေမယ့် သြဇာတော့တော်တော်ညောင်းဆိုပဲ။ အသက်သာကြီးတာ ရွာထဲမှာ ဘာပွဲပဲဖြစ်ဖြစ် စီကနဲဆို သူကြီးက ထိပ်ဆုံးရောက်ပြီးသားပဲတဲ့။ ဒါပေမယ့် အဲဒါလေးတွေကလည်း ပွဲသေးသေးလေးတွေလေ။ ပွဲအကြီးကြီးတွေတော့ မလုပ်နိုင်ကြဘူးတ့ ။ ပွဲတွေ မလုပ်နိုင်တာကလည်း ရွာမှာက စီးပွားရေးပြေလည်မှုမရှိကြတော့ မတည်ငြိမ်ဘူးပေါ့။ ဟိုအိမ်ဝင်ခိုးခံရလိုက်ပြီ၊ ဟိုအိမ်တော့ အဖောက်ခံရပြန်ပြီ၊ ဟိုအိမ်တော့ ဓါးပြတိုက်ခံရပြန်ပြီဆိုတာမျိုး ခဏခဏဖြစ်နေတယ်တဲ့။ ဒီတော့ ရွာသူရွာသားတွေကလည်း သူကြီးအုပ်ချုပ်မှုမကောင်းလို့ အခုလိုဖြစ်တယ်ဆိုပြီး သူကြီးကို မကျေမနပ်ဖြစ်ကြတာပေါ့။ သူကြီးကလည်း သူကြီးပါပဲ ကောင်းမှမကောင်းတာတဲ့။ ဒီတော့ သူကြီးကလည်း စဉ်းစားတယ်။ အခုလို ခဏခဏဖြစ်နေရင် ငါတော့သူကြီးဘ၀က ပြောင်းပေးရတော့မယ်။ ချက်ချင်းတော့မပြောင်းချင်သေးဘူး။ သူ့မြေးကိုပဲ သူကြီးအဖြစ် လွှဲပေးချင်တယ်။ သူ့မြေးကလည်း အရွယ်မရောက်သေးတော့ ခက်နေတယ်။

အဲဒီတော့ ရွာသူရွာသားတွေ အာရုံပြောင်းအောင် ပွဲတော်ကြီးတစ်ခုလုပ်ဖို့စဉ်းစားလိုက်တယ်။ ရွာလုံးကျွတ်ပွဲကြီးအနေနဲ့ကတော့ မလုပ်ဖြစ်တာ ဆယ်စုနှစ် ၂-စုလောက် ကြာနေပြီတဲ့။ ဒါနဲ့ပဲ တစ်နေ့တော့ သူကြီးကကြေညာတယ် ရွာမှာ မယ်ရွေးပွဲတစ်ခုပြုလုပ်မယ့်အကြောင်း။ ဘာလို့လဲဆိုတော့ ရွာလုံးကျွတ်အနေနဲ့ပွဲမရှိတာကြာပြီဖြစ်တဲ့အတွက် အဲဒီမယ်ရွေးပွဲမှာလည်း ရွာသူရွာသားတွေအားလုံးက ၀ိုင်းပြီးရွေးချယ်ပေးရမယ့်အကြောင်း၊ ပါဝင်အရွေးခံချင်တဲ့ မယ်တွေကလည်း လကြိုတင်ပြီးစာရင်းပေးထားရမှာဖြစ်တဲ့အကြောင်း၊ အဲဒီပွဲမှာ ရွေးချယ်ခံရမယ့် မယ်ရဲ့ လုပ်ဆောင်ချက်တွေကို တစ်ရွာလုံးက ၀ိုင်းဝန်းအကဲခပ်နေပြီး ရွေးချယ်ပွဲနေ့မှာမှ တရားဝင်မဲပေးပြီး ရွေးချယ်မှာဖြစ်ကြောင်း၊ အနိုင်အရှုံးကိုတော့ ဖွဲ့စည်းထားပေးမယ့် မယ်ရွေးပွဲကော်မတီက ဆုံးဖြတ်ပေးမှာဖြစ်ကြောင်း၊ ဒါကြောင့် မယ်တွေအနေနဲ့လည်း ရွာသူရွာသားတွေ ကိုယ့်ကိုမဲပေးစေဖို့စည်းရုံးလို့ရကြောင်း၊ အဲဒီမယ်ရွေးပွဲကြီးကိုလည်း ခါတော်ချိန်အမီပြုလုပ်မှာဖြစ်လို့ ခါတော်မီမယ်ရွေးပွဲလို့ ခေါင်းစဉ်တပ်ကြောင်း၊ အဲဒါတွေကို အော်လံကနေတစ်ဆင့်ရော၊ ရွာထဲက ဆယ်အိမ်ခေါင်းတွေက ရွာထဲလှည့်ပြီးရော ကြေညာပေးတယ်တဲ့။


အဲလို ကြေညာလည်းပြီးရော နောက်ရက်ကစပြီး ရွာထဲမှာ အုံးအုံးကျွတ်ကျွတ်ပဲတဲ့။ ဟိုနေရာလည်းတီးတိုး ဒီနေရာလည်းတီးတိုး အဲဒီခါတော်မီမယ်ရွေးပွဲအကြောင်းပဲပြောနေကြတယ်။ ၀င်ပြီး အရွေးခံချင်တဲ့ မယ်တွေကလည်း အများကြီးပေါ်လာတာ မိုးဦးကျမှာထွက်လာတဲ့ မြက်ပင်တွေလိုပဲတဲ့။ ဘယ်အချိန်ကတည်းက ဒီလိုအခွင့်ကို စောင့်နေကြသလဲမပြောတတ်ပါဘူးတဲ့ဗျာ။ ရွာထဲက ကာလသားအဖွဲ့တို့၊ အမျိုးသမီးအဖွဲ့တို့၊ ကွမ်းတောင်ကိုင်အဖွဲ့ အဲလို ဘာအဖွဲ့ညာအဖွဲ့တွေကလည်း အဖွဲ့ကို ကိုယ်စားပြုပြီး ၀င်ပြိုင်မယ့် မယ်တွေရဲ့စာရင်းတွေလည်း တင်သွင်းလာသတဲ့။ အဲဒီထဲမှာ သူကြီးရဲ့ မွေးစားသမီးတောင်စာရင်းသွင်းလာသတဲ့။ စာရင်းသွင်းလာတဲ့သူတွေများလွန်းလို့ ပြိုင်ပွဲကျရင်အလွယ်တကူမှတ်မိလွယ်အောင် ကိုယ်စီအမှတ်အသားသင်္ကေတလေးလုပ်ပြီး အဲဒါတွေနဲ့ ပြိုင်ကြဖို့သတ်မှတ်လိုက်တယ်။

အဲဒီမှာလည်း ခုနကပြောသလိုပဲ ကိုယ့်သင်္ကေတလေးတွေပြပြီး ရွာထဲလှည့်ပြီး ကိုယ့်ကိုမဲပေးဖို့ စည်းရုံးကြတော့တယ်။ တစ်ချို့ရွာသူရွာသားတွေကတော့ အဲဒီခါတော်မီမယ်ရွေးပွဲကြီးကို လုံးဝ စိတ်မ၀င်စားဘူး။ သူတို့စားဝတ်နေရေးအတွက်ပဲ စိတ်အားထက်သန်နေကြတယ်။ ပြီးတော့ သူကြီးကိုလည်း အယုံအကြည်မရှိကြဘူး။ သူကြီးရဲ့ မွေးစားသမီးပဲ ရမှာပါလို့လည်း ပြောနေကြတယ်။ သူတို့ပြောလည်း ပြောချင်စရာပဲ သူကြီးမွေးစားသမီးက သူကြီးအရှိန်အ၀ါအားကိုးနဲ့ တစ်ခြားသူတွေ စည်းရုံးလို့မရအောင်၊ ရွာသူရွာသားတွေကို ချော့လိုက်ခြောက်လိုက်နဲ့ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ တောတို့ဘုရင်အရှင်သခင်ကေသရာဇာစောင့်ကြောင့်ထိုင်နေတဲ့ပုံကို မဲပေးအောင် အစွမ်းကုန်စည်းရုံးနေသတဲ့လေ။ တစ်ချို့က စပါးပင်ပုံ(သူကလည်း သူကြီးနဲ့အမျိုးနီးစပ်တော်သယောင်ပဲတဲ့)၊ တစ်ချို့ကခမောက်ပုံ၊ တစ်ချို့ကဒေါင်းပုံ၊ တစ်ချို့က တယ်လီဖုန်းပုံ၊ တစ်ချို့ကခဲတံပုံ၊ တစ်ချို့ကဖောင်တိန်ပုံ၊ ပုံမျိုးစုံကို အမှတ်အသားပြုလုပ်ပြီး စည်းရုံးနေကြတော့တယ်။ ဒါပေမယ့် ကေသရာဇာအမှတ်အသားလောက် စည်းရုံးမှုမလုပ်နိုင်ကြဘူးတဲ့လေ။ ကေသရာဇာပုံပြီးရင် စပါးပင်ပုံက ဒုတိယစည်းရုံးမှုအားအကောင်းဆုံးဖြစ်နေတော့ တစ်ချို့ရွာသူရွာသားတွေက အားမလိုအားမရဖြစ်ကြတာပေါ့။ တစ်ချို့ကဆို အဲဒီမယ်ရွေးပွဲကို လုံးဝအားမပေးဘူး။ ဒါကြောင့် မယ်ရွေးပွဲနေ့မှာလည်း လုံးဝမဲပေးပြီးမရွေးချယ်ဘူးလို့ ဆုံးဖြတ်ထားကြတယ်တဲ့။ ဘာဖြစ်လို့ အဲမရွေးချယ်ပဲနေကြသလဲဆိုတော့ ရွာမှာအတော်ဆုံး တစ်ရွာလုံးရဲ့ အချစ်တော်မိန်းကလေးတစ်ယောက်ရှိတယ်။ အဲဒီမိန်းကလေးသာ ဒီမယ်ရွေးပွဲကို ၀င်ပြိုင်ခဲ့ရင် သူ့ကိုပဲအားလုံးက ရွေးချယ်ကြမှာ။ ဒါကြောင့် သူကြီးနဲ့သူ့အပေါင်းပါတွေက အဲဒီမိန်းကလေးဝင်ရောက်ယှဉ်ပြိုင်ခွင့်မရအောင် တားဆီးပိတ်ပင်ထားကြတယ်တဲ့လေ။ အဲလို လုံးဝရွေးချယ်မဲမပေးဖို့ ဆုံးဖြတ်ထားတဲ့အထဲမှာ ကျနော့်အဖွားလည်း အပါအ၀င်ပဲတဲ့ဗျာ။

အဲ ဒီနေရာတစ်ခုပြောဖို့ကျန်နေတယ်။ သူကြီးက ကြေညာထားတာ မဲပေးချင်သူပေးလို့ရတယ်၊ ကိုယ့်ဆန္ဒနဲ့ကိုယ် မပေးပဲနေချင်လည်းရတယ်တဲ့။ ရွာကလည်း ကြီးတဲ့အတွက် မဲပေးရမယ့်သူတွေအဆင်ပြေအောင်လို့ ရွာအရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း အဲလိုခွဲပြီး မဲပေးဖို့နေရာတွေ သတ်မှတ်ပေးထားတယ်တဲ့။ ဒီလိုနဲ့ ရွေးချယ်ပြိုင်ပွဲမဲပေးရမယ့်ရက်လည်းနီးလာတယ်။ တစ်ချို့က ခရီးတွေဘာတွေသွားကြမယ် ရွေးချယ်ပွဲရက်မှာမရှိနိုင်ဘူးဆိုတော့ သူကြီးကစဉ်းစားတယ် ဒါဆိုရင် ကြိုတင်ရွေးချယ်ပေးရတဲ့စနစ်လုပ်မယ်။ ကဲ ဒီတော့ ရွေးချယ်ပွဲရက်ရွာမှာမရှိနိုင်မယ့်သူတွေ သူကြီးလက်ထောက်တွေဆီသွားပြီး ကြိုတင်ရွေးချယ်မဲပေးခဲ့ဖို့ကြေညာတယ်။ ကျန်တဲ့သူတွေလည်း ရွေးချယ်ပွဲနေ့မှာ မဲပေးရလွယ်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဲလာပေးရမယ့်ကတ်ပြားတွေ အိမ်တိုင်းစေ့ကို လိုက်ပေးတယ်။ ပြောတော့ ကိုယ့်သဘောဆန္ဒအလျောက်နေနိုင်တယ်ဆိုပြီး အဲလိုကတ်တွေပေးတာဟာ ရွေးချယ်မဲ လာပြီးပေး/မပေး သိရှိနိုင်အောင်လို့ မသိမသာခြိမ်းခြောက်တဲ့သဘောပဲလို့ အဖွားကပြောတယ်။ ခုနကပြောတဲ့ ကြိုတင်ရွေးချယ်မဲကိုလည်း တစ်ချို့သွားပေးတာမျိုးရှိသလို တစ်ချို့ကလည်း သွားမပေးဘူးတဲ့။ သွားပေးတဲ့သူတွေကလည်း တစ်ခြားမယ်တွေကို မရွေးချယ်ရဲဘူး။ သူကြီးလက်ထောက်တွေက သူကြီးမွေးစားသမီးရဲ့သင်္ကေတကိုပဲ အမှန်ခြစ်ပေးဖို့ ဖိအားပေးကြသတဲ့။ ဒါကြောင့် သူတို့လည်းကြောက်ပြီး သူကြီးရဲ့မွေးစားသမီးကိုပဲ အမှန်ခြစ်ပေးခဲ့ရပြီး သူတို့တကယ်ပေးချင်တဲ့သူကို မပေးခဲ့ရဘူးတဲ့လေ။

ဒီလိုနဲ့ ရွေးချယ်ပွဲကြီးပြုလုပ်တဲ့နေ့ရောက်လာရောတဲ့။ အဲ ရွေးချယ်ပွဲကြီးတော့မဟုတ်သေးဘူး။ အမှန်ခြစ်ပေးရတဲ့ပွဲကြီးပေါ့။ ဒီနေရာမှာ ကျွန်တော့်အဖွားအကြောင်းနည်းနည်းပြောဦးမယ်။ အဖွားက တကယ့်ကို စပ်စုတတ်တဲ့အကျင့်ရှိတယ်။ အဲဒီအချိန်က ကျနော့်အဖွားရဲ့အသက်က ၂၀-၀န်းကျင်ဆိုတော့ အလွန်တရာကိုမှ စပ်စုစိတ်ဝင်တဲ့အရွယ်ပဲတဲ့ဗျာ။ ဒါနဲ့အဖွားက သူသာ ဒီရွေးချယ်အမှန်ခြစ်ပွဲကြီးနေရာကို မသွားခဲ့ရင် ဘယ်လိုပုံစံတွေရှိတယ်၊ ဘယ်လိုစီစဉ်သွားတယ်ဆိုတာသူသိလိုက်မှာမဟုတ်ဘူး။ ပြီးတော့ သူ ဒီအသက်ရောက်လာတဲ့အထိ အဲလိုရွေးချယ်ပွဲကို တစ်ခါမှမကြုံဖူး၊ မပါဝင်သေးဘူးတဲ့။ ဒါနဲ့ သူဆုံးဖြတ်လိုက်တယ်။ အဲဒီ ရွေးချယ်အမှန်ခြစ်ပေးရတဲ့နေရာကို သူသွားမယ်။ အခြစ်ခြစ်ဖို့သွားမယ်ဆိုပြီး သူ့အမေရယ်၊ သူ့အစ်မရယ် သူ့မောင်လေးရယ်ကိုခေါ်ပြီး သွားကြသတဲ့။ အဖွားရဲ့အဖေကနေမကောင်းနေတာနဲ့ မလိုက်သွားနိုင်ခဲ့ဘူးတဲ့။

ဟိုနေရာလည်းရောက်ရော သူတွေ့ရတာက ရွာထဲမှာ ပညာမတတ်၊ အရက်သောက်၊ ကြက်တိုက်၊ ဖဲရိုက်၊ မိန်းမပွေနေတဲ့ လူ့ငရှုတ်တွေက အဲဒီရွေးချယ်ပွဲဇာတ်ရုံထဲမှာ (ဇာတ်ရုံလို့ပဲ သုံးကြပါစို့ဗျာ။ ပြင်ဆင်ထားပုံက ဇာတ်ရုံနဲ့တူနေလို့) ရာထူးအကြီးကြီးတာဝန်အကြီးကြီးတွေယူထားပြီး မှင်သေသေနဲ့ တကယ့်ဆရာကြီးတွေဂိုက်ဖမ်းနေကြသတဲ့။ အဖွားက သူတို့အမှန်ခြစ်ပေးဖို့ကတ်တွေထုတ်ယူရမယ့်နေရာသွားပြီးကတ်တွေထုတ်ကြတယ်။ အဲဒီလို အမှန်ခြစ်ပေးရမှာကလည်း တစ်နေရာတည်းတစ်ခါတည်းနဲ့တင် ပြီးမသွားပဲ သုံးခါတိတိရွေးချယ်ပေးရမယ်တဲ့။ ဒါနဲ့ ပထမဆုံးအမှန်ခြစ်ပေးရမယ့်ကတ်မှာကြည့်လိုက်တော့ သူကြီးမွေးစားသမီး ကေသရာဇာ၊ စပါးပင်၊ ခမောက်၊ ဒေါင်း၊ အိုးစည် အဲဒါတွေကို တွေ့ရတယ်။ အဲဒီကတ်တွေကိုလည်း လက်မှတ်ထိုးပြီးထုတ်ရတယ်။ အဖွားတို့ကသွားတာ ၄-ယောက်ဆိုတော့ ကတ်ထုတ်ပေးတဲ့သူကပြောတယ်။ ၄-ယောက် တစ်ယောက်ချင်းလက်မှတ်ထိုးမနေနဲ့ အလုပ်ရှုပ်ပါတယ်။ အကုန်လုံးမှာ တစ်ယောက်ကပဲထိုးပေးလိုက်လို့ပြောတယ်။ ဒါနဲ့အဖွားက လက်မှတ်တွေကတူမှမတူတာဆိုတော့။ တာဝန်ရှိဆိုတဲ့သူက အရေးမကြီးဘူး။ ဘယ်သူ့လက်မှတ်ဖြစ်ဖြစ် လက်မှတ်ဆိုတာမျိုးပါသွားရင်ပြီးတာပဲတဲ့။ ဒါနဲ့ အဖွားကပဲ အားလုံးအတွက်ကို သူလက်မှတ်ထိုးလိုက်တယ်။ ပြီးတော့ အဖွားကမေးတယ် အိမ်မှာနေမကောင်းတဲ့အဖေကျန်ခဲ့တယ်။ သူကလည်း ဒီရွေးချယ်ပွဲမှာအခြစ်ပေးချင်တယ်။ သူ ဒီကိုတော့ မလာနိုင်ဘူးဆိုတော့။ အဲဒီလက်မှတ်ထုတ်တာဝန်ခံက ကျွန်တော်လည်းမပြောတတ်ဘူး ဇာတ်ရုံမှူးကိုပဲ မေးကြည်ပါလားဆိုတော့။ အဖွားက ဇာတ်ရုံမှူးကိုခုနကအတိုင်း သွားပြောသတဲ့။ ဇာတ်ရုံမှူးကလည်း အမှန်ခြစ်ပေးဖို့ကတ်ပြားတွေထုတ်ပေးတဲ့နေ့တုန်းကသာပြောရင် ကြိုတင်မဲအနေနဲ့ပေးနိုင်အောင် သူတို့ ကြိုတင်စီစဉ်ပေးမှာဖြစ်ကြောင်း၊ အခုတော့ ဘယ်လိုမှမတတ်နိုင်ကြောင်းတယ်။ အဖွားကလည်း ဒါဆိုလည်းပြီးတာပါပဲ တကယ်ပေးချင်တဲ့ဆန္ဒရှိသူတစ်ယောက်မပေးရတဲ့အတွက်စိတ်မကောင်းကြောင်းပြောပြီး ကတ်ပြားထဲမှာ တစ်ခြားသူတွေကို အမှန်ခြစ်ပေးလိုက်ပြီး ကေသရာဇာနဲ့စပါးပင်ကိုတော့ အမှားခြစ်ပေးလိုက်သတဲ့။

နောက်တစ်ဆင့်မှာလည်း အဲလိုပဲ ခုနကသင်္ကေတတွေအပြင် မောင်း၊ တူ အခြားသင်္ကေတတွေလည်း ပါလာသတဲ့ ဒါနဲ့အဖွားလည်း ခုနကအတိုင်းပဲ အခြစ်တွေခြစ်ပေးလိုက်သတဲ့။ အဲနောက်ဆုံးအဆင့်နေရာလည်းရောက်ရော ကေသရာဇာပုံနဲ့စပါးပင်ပုံပဲကျန်တော့တယ် အဖွားလည်း အမှားခြစ်တွေခြစ်ပြီး ပြန်ထွက်လာခဲ့တယ်တဲ့။ ပြန်လာခဲ့တဲ့လမ်းမှာ အဖွားသူငယ်ချင်းနဲ့ဆုံသတဲ့ အဖွားက နင်လည်းအခြစ်သွားခြစ်လာတာလားဆိုတော့ သူငယ်ချင်းက သူဘာမှမရွေးချယ်ခဲ့ရကြောင်း ဘာလို့လဲဆိုတော့ သူ့မှာရွေးချယ်မဲပေးဖို့ကတ်ပြားမပါတဲ့အတွက် မရွေးခဲ့ရကြောင်း၊ ကတ်ပြားမပါတာဟာလည်း သူတို့မိသားစု ကတ်ပြားမရကြောင်း၊ လာလည်းမပေးကြောင်း၊ အခုတော့ ကတ်ပြားမရှိလို့ ရွေးချယ်ဆန္ဒပြုခွင့်မရကြောင်း စိတ်ဆိုးမာန်ဆိုးပြောပြီး ထွက်သွားတယ်တဲ့။ အဲ အဲဒီကတ်တွေပေးတာလည်း လူတိုင်းစေ့တော့ အကုန်မရဘူးတဲ့ဗျ။ တစ်ချို့တစ်ချို့ကတော့ မဲကတ်တွေ အဲလို ပေးမှန်းတောင် မသိလိုက်ပါဘူးတဲ့ဗျာ။ သူကြီးနဲ့အပေါင်းပါများက အဲလိုကတ်ပြားမရသူတွေရဲ့ အခြစ်တွေကို သူကြီးမွေးစားသမီးကေသရာဇာသင်္ကေတကို အမှန်ခြစ်ပေးထားတယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်လာခဲ့တယ်တဲ့။

ဒီလိုနဲ့ အားလုံးအခြစ်တွေခြစ်ပြီးတဲ့အခါ တကယ်အစစ်အမှန် အမှန်ခြစ်သူတွေရဲ့ကတ်ပြားတွေကို ရေတွက်ပြီး ကျွန်တော့်အဖွားတို့လို အခြစ်များသူတွေ၊ သေချာရှင်းလင်းအောင် မခြစ်သူတွေရဲ့ ကတ်ပြားတွေက ပယ်မဲ ဖြစ်သွားပါသတဲ့။ ရွာအပိုင်းလိုက် ကတ်ပြားတွေရေတွက်ကြတဲ့အခါ ခမောက်သင်္ကေတယူထားတဲ့မယ်လေးက ရွာသူရွာသား အများစုရဲ့ မဲကိုရရှိသတဲ့။ ဒါပေမယ့် အားလုံးပေါင်း(တစ်ရွာလုံးရဲ့)အဖြေထွက်လာတဲ့အခါမှာတော့ သူကြီးမွေးစားသမီး ကေသရာဇာကသာ မဲအများဆုံးရရှိတယ်လို့အဖြေထွက်လာပါတယ်။ နောက်ဆုံးမှာတော့ အဲလိုအနိုင်ရအောင် သူခိုးနည်းလမ်းပေါင်းစုံအသုံးပြုခဲ့တဲ့ ကေသရာဇာအမှတ်တံဆိပ်ကသာ အနိုင်ရရှိသွားပါသတဲ့ဗျာ။

ကျနော်စာကောင်းကောင်းမရေးတတ်ပါ။ ဒီအကြောင်းရာကိုရေးဖို့ တိုက်တွန်းပေးခဲ့တဲ့ ကျနော့်သူငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျာ။

No comments:

Post a Comment