Saturday, November 06, 2010

အလွမ်းဋီကာ


@ မနက်အလုပ်သွားတဲ့အခါ ကန်တော်ကြီးဘေးကဖြတ်တိုင်း အမြဲတမ်းဖြတ်သန်းသွားနေခဲ့ရတဲ့ မန္တလေးကျုံးကြီးနဲ့ နန်းမြို့ရိုးကြီးကိုလွမ်းတယ်။

@ မနက်ခင်းရုံးကိုရောက်တော့ ရုံးရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီးဆူညံပွက်လော ရိုက်နေလေ့ရှိခဲ့တဲ့ အရင်က Mandalay Team ကိုလွမ်းတယ်။

@ တနင်္ဂနွေနေ့ မနက်ရောက်တိုင်း အမြဲသွားနေကျ မနက်ဈေးကို လွမ်းတယ်။

@ တနင်္ဂနွေနေ့ နေ့လည်ရောက်တိုင်း အမြဲသွားခဲ့တဲ့ Sunday Class Discussion အချိန်လေးတွေကိုလွမ်းတယ်။

@ ညနေ ကျွန်မ ပြန်မလာမချင်း ထမင်းမစားပဲစောင့်နေတတ်တဲ့သူငယ်ချင်းနဲ့ ညစာအတူစားတဲ့အခါ ညနေတိုင်း ၀ိုင်းဖွဲ့စားခဲ့တဲ့ မိသားစုထမင်းဝိုင်းလေးကိုလွမ်းတယ်။

@ မနက်ပိုင်း ကော်ဖီဖျော်သောက်တဲ့အခါ မနက်တိုင်း ဖေဖေသောက်တဲ့ကော်ဖီထဲက ကျွန်မအတွက် အနည်းဆုံးတစ်ငုံစာအမြဲတမ်းချန်ပေးလို့ သောက်ရတဲ့ကော်ဖ်ီလေးကိုလွမ်းတယ်။

@ ရန်ကုန်မြို့ထဲမှာ ခြေကျင်လမ်းလျှောက်သွားရတိုင်း၊ ဘတ်စ်ကားစီးရတဲ့အခါတိုင်း အမြဲစီးခဲ့တဲ့ စီးတော်ယာဉ် ဆိုင်ကယ်လေးကိုလွမ်းတယ်။

@ Meeting လုပ်တဲ့အခါတိုင်း Meeting တိုင်းမှာ အမြဲငြင်းခုန်ရန်ဖြစ် Meeting ပြီးရင် ကိုယ်တွေမဟုတ်သလို ချစ်ခင်ရင်းနှီးစွာ ပျော်ရွှင်ခဲ့ဖူးတဲ့ Team နဲ့ Meeting တိုင်းမှာ Team Member အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အသားကုန် ဆော်ပလော်တီးပြီး ကိုယ့် Team ကို သူများ Team က လာပြောရင် နည်းနည်းမှ အထိမခံတတ်ပဲ ပြန်ပြီးရန်ဖြစ်ခဲ့ကြဖူးတဲ့ Team လေးကိုလည်းလွမ်းတယ်။





@ ရန်ကုန်မြို့ထဲ လမ်းလျှောက်ရင်း တစ်ယောက်နဲ့တစ်ယောက် တိုက်မိကြရင် တိုက်သူရော တိုက်ခံရသူရော မသိသလို ဂရုမစိုက်တတ်ကြတဲ့ အလေ့အကျင့်ကိုမြင်ရတိုင်း ‘မတော်လို့နော်၊ ဆောရီးပါနော်၊ တောင်းပန်ပါတယ်နော်’ လို့ အမြဲပြောတတ်လေ့ရှိတဲ့ မန္တလေးကိုလွမ်းတယ်။

@ ရှမ်းခေါက်ဆွဲသွားစားတဲ့အခါ ‘ကျွန်မက ခေါက်ဆွဲကြိုက်တတ်တယ်’ဆိုပြီး ရှမ်းခေါက်ဆွဲ ခဏခဏလုပ်ကျွေးတဲ့ သူငယ်ချင်းမေမေရဲ့လက်ရာ ရှမ်းခေါက်ဆွဲကို လွမ်းတယ်။

@ သင်္ဘောသီးထောင်းသွားစားတဲ့အခါ ထမင်းဗူးမယူဖြစ်လို့ပဲဖြစ်ဖြစ် ဟင်းတွေကိုမစားချင်တဲ့အခါပဲဖြစ်ဖြစ် သင်္ဘောသီးထောင်းနဲ့ထမင်းဖြူနဲ့ သွားစားလေ့ရှိခဲ့တဲ့ ခိုခိုရို့ဆိုင်လေးကိုလွမ်းတယ်။

@ သူငယ်ချင်းနဲ့ အကြောင်းအရာတစ်ခုကို ဆွေးနွေးရင်း ငြင်းချက်ထုတ်စရာတွေပါလာတဲ့အခါ လွတ်လပ်ပွင့်လင်းစွာ ဆန့်ကျင်ဘက်ရှုထောင့်ကနေ ဖေဖေနဲ့ ငြင်းခုန်ဆွေးနွေးခဲ့တဲ့ စကားဝိုင်းလေးတွေကိုလွမ်းတယ်။

@ ကျွန်မထမင်းစားနည်းတဲ့အခါ ဟင်းတွေစားမကောင်းလို့ ထမင်းစားမ၀င်တာလား ဘာဟင်းစားချင်းလဲ ဘာဟင်းချက်ကျွေးရမလဲလို့ သူငယ်ချင်းကမေးတဲ့အခါ သမီးထမင်းစားတာနည်းတယ် ထမင်းများများစားလို့ ဖေဖေအမြဲပြောတတ်တဲ့ ညပိုင်း မိသားစုဝိုင်းထိုင်ပြီးစကားပြောတတ်တဲ့ အချိန်လေးတွေကိုလွမ်းတယ်။

@ ကျွန်မထမင်းစားနည်းတာကို သူငယ်ချင်းက ပွစိပွစိနဲ့ ပြောတဲ့အခါတိုင်း တစ်ခုခုဆို အမြဲတမ်းတတွတ်တွတ်ပြောတတ်တဲ့ ညီမလေးတွေရဲ့စကားလုံးတွေကိုလွမ်းတယ်။

@ တနင်္ဂနွေနေ့တိုင်းမှာလုပ်နေတဲ့ ဆွေးနွေးပွဲအစီအစဉ်လေးတွေကိုရောက်တိုင်း ၉၈-ခုနှစ်ကစပြီး သာသနာရေးနဲ့ပတ်သက်ပြီးဖွင့်တဲ့ သင်တန်းပေါင်းစုံလိုက်တက်၊ သာသနာ့သူငယ်ချင်းတွေရခဲ့ပြီး စိတ်ဓါတ်ဝါသနာ တူသူတွေ အတူ လက်တွဲလုပ်ဆောင်ခဲ့တဲ့ မန္တလေးကအချိန်တွေကို သတိရတယ်။

@ သူတို့ရဲ့ ပျော်စရာစိတ်ညစ်စရာ ဘာပဲဖြစ်ဖြစ် လာပြီးရင်ဖွင့်ပြောဆိုတိုင်ပင်တတ်တဲ့ ရန်ကုန်က သူငယ်ချင်းမောင်နှမ ၂-ယောက်နဲ့ဆုံတိုင်း မောင်နှမရင်းချာပမာ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင် ဆုံးမ ဖော်ကောင်လုပ်တတ်တဲ့ ၂၀၀၀-ခုနှစ်ကတည်းက စပြီးလက်တွဲခဲ့ကြတဲ့ သူငယ်ချင်းမောင်နှမတွေကို လွမ်းတယ်။

@ ခရီးသွားရတိုင်း ခရီးကပြန်လာတာနဲ့ အိမ်ကိုပြန်ခဲ့ရတဲ့ အချိန်တွေကိုလွမ်းတယ်။

@ MMSY က သူငယ်ချင်းတွေနဲ့ ရုံးပိတ်ရက် စနေ-တနင်္ဂနွေတွေမှာ ကလေးတွေဆီ ဆေးကုသွားပေးခဲ့တဲ့ရက်တွေကို လွမ်းတယ်။

@ ဘတ်စ်ကားကို လမ်းပြောင်းပြန်စီးမိလို့ အင်းစိန်ဘက် တိမွေးကုရုံးရှေ့ကို အမှတ်တမဲ့ရောက်သွားတဲ့အခါ တိမွေးကုရုံးရဲ့ ဟိုးအနောက်ချောင်က သင်တန်းခန်းမမှာ TOT အတွက် CAMP ၀င်ရတဲ့ အချိန်နဲ့ ကျွတ်တွေပေါလို့ အိပ်တဲ့ကုတင်ခြေရင်းရော သင်တန်းချိန်မှာထိုင်ခုံခြေထောက်ပတ်ပတ်လည်မှာ ဆားတွေပုံထားခဲ့ကြတဲ့အချိန်နဲ့ ညနေပိုင်းရောက်လို့ အပြင်ကို ခိုးထွက်ကြတဲ့အခါ Team အားလုံး ကျွတ်တွယ်မှာမကြောက်တော့ပဲ မြက်ပင်ရှည်တွေကြားထဲက တိုးထွက်ပြီး အင်းစိန်တစ်ဝိုက်နဲ့ သမိုင်းလမ်းဆုံထိ တက်ညီလက်ညီ အတူလျှောက်လည်ခဲ့ကြတဲ့ အချိန်တွေကိုလွမ်းတယ်။

@ ရန်ကုန်မှာ လတ်တလောအများစုအသုံးများနေတဲ့ Interfaith ဆိုတဲ့ စကားလုံးကိုကြားတဲ့အခါတိုင်း Interfaith workshop ပြီးတဲ့နောက် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲလုပ်ဆောင်ပြီး ဖွဲ့စည်းခဲ့ကြတဲ့ Mandalay group ကိုလွမ်းတယ်။

@ တစ်ရက်လောက်သီချင်းသွားဆိုရအောင်ဟာလို့ ပြောတတ်တဲ့သူငယ်ချင်းတွေနဲ့တွေ့တိုင်း CD-OK သွားပြီး မိုက်ခဲခဲ့တဲ့ အရင်အချိန်တွေကိုလွမ်းတယ်။

@ စနေ-တနင်္ဂနွေနေ့တိုင်း ဘိုကလေးကနေ ရန်ကုန်ကို ပြန်လာလေ့ရှိတဲ့ ညီမလေးတစ်ယောက်နဲ့အတူ သန်လျင်ကိုသွားပြီးအပြန် အင်းယားကန်မှာ ငါးမျှားကြတော့ (ကိုယ်တိုင်တော့ မမျှားတော့ပဲ ထိုင်ကြည့်နေခဲ့ပါတယ်) အလယ်တန်းကျောင်းသူဘ၀က အိမ်နားက ချောင်းမှာ အိမ်နားက အစ်မကြီးတွေနဲ့အတူတူ ငါးသွားမျှားတဲ့ အဲဒီအချိန်က တီကောင်နဲ့ပဲ ငါးမျှားနေကြတဲ့အချိန်မှာ အားလုံးက တီကောင်မကိုင်ရဲလို့ ကြက်ဥပြုတ်ပြီးအနှစ်နဲ့ငါးမျှားတာ အကြာကြီးနေလို့ ဘာမှမထူးခြားလို့ ငါးမျှားချိတ်ကို ပြန်ဆွဲကြည့်လိုက်ရင် ကြက်ဥအနှစ်က မရှိတော့ဘူး အရည်ပျော်ပြီးကြွေကျသွားပြီလေ ….. ဒါနဲ့ ခြင်းအကြီးကြီးနဲ့ ငါးတွေကို ခပ်တော့ ငါးမိပေမယ့် ငါးအရှင်ကြီးလှုပ်နေတာကို တစ်ယောက်မှ မကိုင်ရဲလို့ ငါးမိတာကို ၀မ်းသာအားရအော်ပြီး ငါးတွေကို ပြန်လွှတ်ပေးခဲ့ကြပြီး ဗရုတ်ကျခဲ့တဲ့ အချိန်တွေကို လွမ်းတယ်။

@ ဒီအလွမ်းဋီကာကိုရေးရင်း အိမ်မှာ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြတဲ့အခါ စောဘွဲ့မှူးရဲ့ ရောဂါဆိုတဲ့ သီချင်းထဲကလို ….. ရောဂါ ….. ရောဂါ …. လို့ ထအော်ပြီး နောက်ပြောင်ခဲ့တဲ့ အရင်အချိန်လေးတွေလည်း လွမ်းတယ် ……………… အခုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရောဂါ …. ရောဂါ …. လို့ ရွတ်နေမိပါရဲ့ …………………………

ကြုံတွေ့နေရတာလေးတွေကို အရင်အချိန်က အမှတ်တရ တစ်ပိုင်းတစ်စလေးတွေနဲ့ယှဉ်တွေးရင်း ကြည်နူးမိလာတဲ့အတွက် အရင်အချိန်တွေကို အမှတ်တရဖြစ်စေဖို့ မှတ်မှတ်ယယ ရေးလိုက်တယ်။

No comments:

Post a Comment