Tuesday, August 28, 2012

လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်

လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်



  • မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။
  • ရောက်လေရာတွင် အခွင့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံသဘောတရားများကို ဖော်ထုတ်ပါ။
  • ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင် စည်းရုံးခြင်းဖြင့်သာ ရနိုင်သည်။
  • လှည့်လည်ခေါင်းဆောင်မှုနည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။
  • မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရွယ်ပါနှင့်။ နိမ့်နိမ့်ချိန်ပါ။ သာမန်ပြည်သူတွေ သဘောပေါက်ပါလိမ့်မည်။

Monday, August 27, 2012

ကိုယ့်ကိုယ်ကို သိဖို့လိုတဲ့ ကျွန်မတို့တစ်တွေ

ကျွန်မတို့တွေ ကိုယ့်ကိုယ်ကို သိဖို့လိုပါတယ် ....

A :      မင်္ဂလာပါ။ နေကောင်းလား သူငယ်ချင်း။ ရန်ကုန်ကပဲလား။
B :      မင်္ဂလာပါ။ နေကောင်းပါတယ်။ မန္တလေးက။

A :      သြော်၊ ကျွန်တော်လည်းမန္တလေးကပါ။ ဒါပေမယ့် ခင်ဗျားက ဘာလူမျိုးလည်း ကျွန်တော်က မွစ္စလင်မ်ပါ။ မခင်ကတည်းက ပွင့်ပွင့်ပြောထားတာပါ။
B :      ကျွန်တော့်ကို ဘာလူမျိုးလည်းမေးတယ်။ ပြီးတော့ ခင်ဗျားက မွတ်စလင်မ်လို့ပြောတယ်။ ခင်ဗျားက မွတ်စလင်မ်လူမျိုးလား။

A :      ဟုတ်ပါတယ်။ ခင်ဗျားကိုမေးတော့ ကျွန်တော်အရင်ဖြေထားမှ တရားတယ်ထင်လို့ပါ။
B :      ကျွန်တော် မွတ်စလင်မ်လူမျိုးလို့ မကြားဖူးဘူး။ ကျွန်တော်က အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူတစ်ယောက်ပါ. အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူတိုင်းကို မွတ်စလင်မ်လို့ခေါ်တဲ့အတွက် ကျွန်တော့်ကိုလည်း မွတ်စလင်မ်တစ်ယောက်လို့ပြောနိုင်ပါတယ်။

A :      ဟုတ်လား ဘာလူမျိုးတွေကြားဖူးလဲ။
B :      ကျွန်တော်ပြောတာက ဘာသာ သာသနာနဲ့ လူမျိုးကို ခွဲခြားပြီးပြောပြတာပါ။

Friday, August 24, 2012

အွန်လိုင်းပေါ်မှာ အလုပ်လျှောက်လွှာရေးမယ်


အလုပ်တွေများပြားလာတဲ့ခေတ် ကြီးထဲမှာ ကိုယ့်အလုပ်လျှောက်လွှာက လျှောက်နေကျပုံစံအတိုင်းဆိုရင် အလုပ် ရှင်က သတိမထားမိဘဲ သူလိုကိုယ်လို မထူးမခြားဖြစ်သွားပါလိမ့်မယ်။ အဲဒီ အတွက် အလုပ်လျှောက်လွှာတင်တဲ့အခါမှာ အလုပ်လျှောက်လွှာကို သူများထက် တစ်မူထူးခြားတဲ့ဒီဇိုင်းမျိုးနဲ့တင်ပြမှ အဆင်ပြေမှာပါ။

သူများထက် ထူးခြား တဲ့ ဒီဇိုင်းမျိုးရဖို့ကလည်း ကိုယ့်ဘာသာကိုယ် စဉ်းစားနေရင်လည်း အချိန်ကုန်သွား နိုင်ပြီး International Style ဖြစ်၊ မဖြစ် ဆိုတာ လည်း စဉ်းစားဖို့ခက်ခဲပါတယ်။ အဲဒီအတွက် အလုပ်လျှောက်လွှာ ဖောင် ကို အင်တာနက်ပေါ်မှာပဲ နိုင်ငံတကာပုံစံ အတိုင်း တစ်ခါတည်းရေးပြီးတော့ တင် လို့ရပါတယ်။
အခုညွှန်ပြပေးချင်တဲ့ ဆိုက်မှာက Basic Information ၊ Work Experience ၊ Qualification၊ Education၊ Interests၊ References ဆိုပြီးပါ ရှိပြီး Basic Information မှာဆိုရင် Full name၊ Email Address၊ Phone Number ၊ Website၊ Address စတာတွေကို ထည့်ခိုင်းပြီးတော့ ကျန်တဲ့နေရာတွေ မှာလည်း သူ့လိုမျိုးပဲ တစ်ခုချင်းထည့် ပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Monday, August 20, 2012

အီးဒ်ရဲ့အနှစ်သာရ

"အီးဒ်ရဲ့အနှစ်သာရ"


မဆုံဖြစ်တာကြာတဲ့ ဆွေမျိုးတွေနဲ့ဆုံတယ်။ တစ်ခါမှမမြင်ဖူးခဲ့တဲ့ တူ တူမ ၀မ်းကွဲတွေကိုမြင်ဖူးလိုက်တယ်။ အစ်မတစ်ယောက်လိုခင်မင်ခဲ့သူတစ်ယောက် အမိမြေရဲ့အဝေးရောက်နေလို့. အဆက်သွယ်ပြတ်နေခဲ့ပေမယ့် သူက ကျွန်မအကြောင်းကို အမြဲသတိတရမေးနေတတ်တာသိလာရတယ်။ အချစ်ဆုံးသူငယ်ချင်းတွေဆုံဖြစ်ကြတယ်။ မတွေ့ဖြစ်တာကြာတဲ့ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ မထင်မှတ်ပဲဆုံခဲ့တယ်။ မဆုံတွေ့ဖြစ်တာကြာတဲ့ အဒေါ်ဝမ်းကွဲတွေရယ် မောင်နှမနှစ်ဝမ်းကွဲတွေဆုံပြီး ရှေးဟောင်းနှောင်းဖြစ် အသစ်တွေပြောပြီး ရီမောပျော်ရွှင်ခဲ့ရတယ်။ ရန်ကုန်မှာတုန်းက ညီမလေးကို သူငယ်ချင်းတွေနဲ့အတူ တစ်ခါလှမ်းမြင်လိုက်တယ် - ညီမလေးသွားလာလှုပ်ရှားနေတာကိုမြင်တွေ့နေတာ - မသင့်တော်တာတွေ့ရင် တိုင်ပြောဖို့အသင့်ပဲဆိုပြီး ခြိမ်းခြောက်လာတဲ့ အစ်ကိုဝမ်းကွဲတွေရဲ့ ညီမတစ်ယောက်အပေါ်ထားတဲ့ သံယောဇဉ်တွေကို တွေ့ခဲ့ရတယ်။ ဒီနေ့မြင်ရတာ မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိလိုက်တာဆိုတဲ့ စကားလေးကြောင့် ကြည်နူးခဲ့ရတယ်။ ဖုန်းဆက်ပြီး အီးဒ်မုဘာရပ်က်လုပ်ကြတဲ့ သာသနာ့မောင်နှမများနဲ့ အီးဒ်အထိမ်းအမှတ် ဆုတောင်းပေးကြတဲ့ ဘာသာခြားသူငယ်ချင်းများနဲ့ ၀မ်းသာပျော်ရွှင်စွာဖုန်းပြောခဲ့ရတယ်။ နင်တို့လာမှပဲ တွေ့ရတာပါဆိုတဲ့ လူကြီးသူမတွေစကားကြောင့် စိတ်ကျေနပ်ခဲ့တယ်။ အင်တာနက်မှာ သမီးရေးတာတွေဖတ်ရတယ် ဆက်ရေးလို့ ဦးလေးဝမ်းကွဲတွေက အားပေးအားမြှောက်ပြုကြလို့ စာရေးဖို့ပိုပြီးအားတက်ခဲ့တယ်။

Sunday, August 19, 2012

အီဒုဖီသရ် အမှတ်တရရဲ့ ကျွန်မ

အစ္စလာမ်သာသနာဝင်များအတွက်အီဒုဖီသရ်နှင့် အီဒုအ်ဒ်ွဟာ ဆိုတဲ့ အမှတ်ရစရာ အီးဒ်ပွဲတော် ၂-ရက်ရှိတဲ့အနက် အီဒုဖီသရ်နေ့မြတ်ရောက်တိုင်းပျော်ရွှင်ခဲ့ရတဲ့ ငယ်ဘ၀လေးကိုလွမ်းဆွတ်မိတယ်။ ဆွေမျိုးတွေအိမ်တွေသွား စလာမ်ပေး၊ ကျွေးတဲ့မုန့်တွေစား၊ အီတီပေးရင်ယူပြီး ပျော်နေတာပေါ့။ ရမသွာန်မ၀င်ခင် လကြည့်ရတဲ့နေ့ဆို ရင်တထိတ်ထိတ်နဲ့ လကြည့်ရတာအမောပဲ။ လကိုတအားမြင်ချင်လို့လေ။ လမြင်ရင် ရမသွာန်ရောက်ပြီလေ။ ရမသွာန်ပြီးမယ့်ရက်နီးလာရင် အ၀တ်အစားအသစ်တွေဝယ်ရတာလည်းအမောပါပဲ။

အ၀တ်စားအသစ်တွေဝယ်ပြီးတာနဲ့ အီးဒ်ရောက်ဖို့လကြည့်ရမယ့်ရက်ကို မျှော်နေတာပေါ့။ ဒီလိုနဲ့ အီးဒ်ရောက်ဖို့ လကြည့်ရတဲ့နေ့ ရောက်ရင် နေတဲ့အိမ်က ဘယ်ရပ်ကွက်မှာပဲရောက်နေနေ အဖိုးတို့နေတဲ့ မွတ်စလင်မ်ရပ်ကွက်ကို ပြေးတာပဲ။ လကြည့်တဲ့ ပထမနေ့မှာ လမမြင်ဘူးဆိုရင် 'လကလည်းဘာလို့မမြင်တာလဲမသိဘူး။ ပေးမြင်လိုက်ပြီးရော'လို့ ကလေးအတွေး တွေးခဲ့တာလည်း ခဏခဏပေါ့။ လမြင်ရတယ်ဆိုရင်တော့ အို - ဘာပြောကောင်းမလဲ တစ်ရပ်ကွက်လုံးက ကလေးတွေနဲ့အတူတူ 'လမြင်ပြီဗျို့ လမြင်ပြီဗျို့'လို့ ထပ်ခါတလဲအော်ရင်း ပျော်ခဲ့ရတယ်။ ပြီးတော့ မနက်အတွက် မုန့်တွေလုပ်နေတဲ့ လူကြီးတွေနားသွားပြီး မနက်ကျဘယ်သွားမယ်၊ ဘာတွေလုပ်မယ်၊ အီတီရရင်ဘာဝယ်မယ်နော်လို့ပြောရင်း ညနက်ထိမအိပ်တာကြောင့် 'မအိပ်ရင် မနက်ကျ မျက်နှာချောင်နေပြီး မလှတော့ပဲနေလိမ့်မယ်'ဆိုတာကြောင့် အိပ်ယာထဲပြေး မျက်လုံးကိုဇွတ်မှိတ် အိပ်ပျော်အောင်အိပ်ပြီး အီးဒ်မနက်မှာ လူကြီးတွေမနှိုးခင်ကတည်းက နိုးနေခဲ့တဲ့ ပျော်စရာ အီးဒ်နေ့တွေကို နွှဲပျော်ခဲ့တာ ၁၀-တန်းကျောင်းသူဘ၀အထိပေါ့။

Friday, August 17, 2012

လူ

လူ



“ဘ၀မှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ်။”

“ကျွန်တော်တို့ဟာ အချိန်တွေကို ဘယ်လိုကုန်လွန်စေခဲ့သလဲ? အဲဒီကုန်ခဲ့တဲ့အချိန်တွေအတွက် တစ်စုံတစ်ရာကို ပြန်ရလိုက်တာလား? ပြန်ရလိုက်တယ်လို့ ထင်နေခဲ့တာလား? နောက်ဆုံးကျရင်ကော?”
“ကျွန်တော်တို့ဟာ ဘ၀မှာ အချိန်ရဲ့ ဖိစီးခြင်းကို ခံနေရတာလား? ကျွန်တော်တို့ဟာ အချိန်ကို အသုံးချနေကြတာလား?”

“လူ့ဘ၀ဆိုတာ သံယောဇဉ်တွေ၊ သမုဒယတွေ၊ မျှော်လင့်ချက်တွေနဲ့ ကြိုးတွေနဲ့ ချည်နှောင်ခံထားရတာ ဆိုပါစို့။ အဲဒီကြိုးတွေကို ကျွန်တော်က အိပ်မက်လို့ နာမည်ပေးထားတယ်။ ကျွန်တော်တို့ကို ဘယ်သူက အိပ်မက်တွေနဲ့ လာချည်နှောင်တာလဲ? တရားခံကတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ပြတင်းပေါက်အပြင်ပကို လှမ်းကြည့်လိုက်ပါ။ လမ်းပေါ်မှာ ခုန်ဆွခုန်ဆွသွားနေကြတဲ့ လူတွေကို တွေ့ရပါလိမ့်မယ်။”

Tuesday, August 14, 2012

ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ..... ?

သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ?
ကျွန်မတို့အမိမြန်မာနိုင်ငံကြီးမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့်၊ ကိုယ်လက်ခံယုံကြည်တဲ့ ဘာသာတရားကို ဖိနှိပ်ချုပ်ချယ်နေတာတွေကိုလည်း တွေ့မြင်နေရတယ်။ စာလေးတစ်ပုဒ်ဖတ်ပြီးအဲဒီစာလေးမှာ ကျွန်မ ရင်ထဲက ခံစားချက်ကို ချရေးလိုက်တော့ စာတစ်ပုဒ်ဖြစ်သွားတယ်။
ကျွန်မတို့ရဲ့ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာ မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ တိုင်းရင်းသားစစ်စစ်တွေပါ။ မြန်မာရှင်ဘုရင်တွေလက်ထက်ကတည်းက ဘုရင့်သစ္စာခံ မင်းမှုထမ်းတွေပါ။ ဘုရင်ကိုယ်တိုင်နှစ်သက်ကြည်ဖြူလို့ သူ့ရဲ့ စားတော်ကဲအဖြစ် ခန့်ခံခဲ့ရသူ၊ သူကြွယ်အဖြစ်သတ်မှတ်ပေးခဲ့ပြီး သူကြွယ်မင်းလို့နာမည်တပ်ခံရသူတွေပါ ဘယ်နိုင်ငံမှ ရောက်လာပြီးနေခဲ့ကြသူတွေလည်းမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ပသီလို့ အသိအမှတ်ပြုခံခဲ့ရသူတွေပါ။ မြန်မာ့နိုင်ငံသမိုင်းကြောင်းတလျှောက်လုံးမှာ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့သူ၊ လွတ်လပ်ရေးရပြီးအချိန်တွေမှာလည်း နိုင်ငံတိုးတက်ဖို့ အများနဲ့တန်းတူ သက်စွန့်စံဖျားကြိုးပမ်းခဲ့ကြသူတွေပါ။
အဲလိုနေခဲ့သူတွေရဲ့ သားစဉ်မြေးဆက်ဖြစ်လာတဲ့ ကျွန်မတို့မှာတော့ မှတ်ပုံတင်လုပ်တဲ့အခါမှာ ကိုယ့်ဆွေမျိုးသားချင်းထဲမှာ တစ်ယောက်မှ မရှိတဲ့ အိန္ဒိယဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်ခံရတယ်။ တော်တော်တော့ ရင်နာမိတယ်။  
အိမ်ထောင်စုဇယား၊ မှတ်ပုံတင် ၁၀-နှစ်ကတ်၊ ၂၀၁၀-မဲပေးဖို့ထုတ်ပေးတဲ့ ကတ်မှာ လူမျိုးက ပသီပဲဗျ။ ၁၈-နှစ်နောက်ပိုင်းမှတ်ပုံတင်လဲတော့ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ ပါကစ္စတန်+ဗမာ၊ ဘင်္ဂလားဒေ့ရှ်+ဗမာ စတာတွေကို ထည့်တော့တာပဲ။ ပသီလို့ လုံးဝမပေးတာကြောင့် ၄-၅ ခါထက် မနည်း မှတ်ပုံတင် ပြန်လုပ်ခဲ့ဖူးတယ် မှတ်ပုံတင်တစ်ခါလုပ်ရင် ဖြည့်ရတဲ့ Form တွေကလည်း သိတဲ့အတိုင်းပဲ။  အဲဒါ နောက်ဆုံးတစ်ခေါက်မှာတော့ လ၀ကနဲ့ အကြီးအကျယ် ပြဿနာဖြစ်ပါတယ်။ တိုင်းရင်းသားဖြစ်ကြောင်း အထောက်အထား စာအုပ်မျိုးစုံ (ကိုယ့်ဘက် သူ့ဘက်က ထုတ်ထားတဲ့ စာအုပ်တွေ)ကို ယူသွားပြီး အပိုင်အနိုင်ပြောသော်လည်း ကျွန်မတို့က အဲဒါတွေ နားမလည်ပါဘူး။ အထက်က ပြောတာကိုပဲ လုပ်ရတာပါတဲ့။  နောက်တော့ ပတ်စ်ပို့စ်လုပ်တဲ့အချိန်မှာ ၁၀-နှစ်ကတ်နဲ့လုပ်ပါတယ်။ ချလံထွက်ခါနီးမှာ ပြဿနာတွေ မျိုးစုံတက်ပြီး ငွေကုန်လူပန်းပြီး ပတ်စ်ပို့စ်လည်း မရခဲ့တော့ပါဘူး။ ဒါနဲ့ ပသီမရရင် မှတ်ပုံတင်မယူဘူးဆိုပြီး ကျွန်တော် အသက်(၃၀)ကျော်အထိ ၁၀-နှစ်ကတ်နဲ့ပဲ နေခဲ့ပါတယ်။ ဒီလိုနဲ့နေလာရင်း ခရီးသွားရတာတွေများလာတာတော့ လမ်းမှာ မှတ်ပုံတင်ဆင်းပြရတိုင်း ၁၀-နှစ်ကတ်ပဲဖြစ်နေပြီး ဘာသာက မွတ်စလင်မ်ဖြစ်နေတဲ့အတွက်  ၁၀-နှစ်ကတ်ကို အခုအချိန်ထိ မလဲလို့ဆိုပြီး ခဏခဏ ပြဿနာဖြေရှင်းရပါတယ်။
အဲဒါနဲ့ မှတ်ပုံတင်လဲမှဖြစ်တော့မယ်ဆိုပြီး ၁၈-နှစ်ပြည့် မှတ်ပုံတင်ပြန်လုပ်ပါတယ်။ အဲဒီမှာလည်း အပေါ်မှာပြောခဲ့သလို လ၀ကနဲ့ ခဏခဏ စကားပြောရပါတယ်။ နှစ်ဘက် အဖိုးအဖွားတွေရဲ့ မှတ်ပုံတင်တွေ၊ မျိုးရိုးစဉ်ဆက်တွေကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်တယ်။ ကျွန်မအမေက ရန်ကုန်မွေးဖွားကြီးပြင်းလာသူဖြစ်တော့ အမေနဲ့ အဖိုးအဖွား တွေရဲ့ case file ကို ရန်ကုန်မှာပြန်ယူခိုင်းတယ်။ ကျွန်မတို့ယူပေးနိုင်ခဲ့တယ်။ နောက် အဖေဘက်က case file ကိုကျတော့ မန္တလေး မြို့နယ်လ၀ကရုံးက ရှာလို့မတွေ့သေးဘူးလို့ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လက်ထဲမှာ case file တွေကို copy ကူးထားတာရှိနေလို့ ပေးတာတောင် မရဘူး ရုံးမှာရှာနေဆဲဆိုပြီး လပေါင်း တော်တော်ကြာကြာ အချိန်ဆွဲထားခဲ့တယ်။ တချို့ကလည်းပြောတယ် ပိုက်ဆံပေးလိုက်ကွာတဲ့ ကျွန်မတို့ လုံးဝမပေးပါဘူး။ မှတ်ပုံတင်လုပ်လို့ တရားဝင် ကုန်ကျငွေကိုသာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လ၀ကက ဘာပြောလဲဆိုတော့ သမိုင်းတွေဘာတွေ ကျွန်မတို့ နားမလည်ပါဘူး။ အထက်က အမိန့်အတိုင်း ကျွန်မတို့ လုပ်ရတာပဲလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့က ဘယ် အိန္ဒိယ ပါကစ္စတန်ကမှ မဟုတ်တဲ့အတွက် အဲဒါပေးရင် မယူနိုင်ဘူးလို့ပြောတယ်။ သူတို့ဘက်က လေသံပြော့သွားပြီး လုပ်ပေးမယ်လို့ ပြောတယ်။ မှတ်ပုံတင်သွားယူရတဲ့နေ့မှာ case file ကို ကျွန်မတို့လက်ထဲပေးပါတယ်။ အဲဒီ case file ကိုင်သွားပြီး။ လ၀က ဦးစီးမှူးဆီမှာ မှတ်ပုံတင်ကို သွားထုတ်ရပါတယ်။ Case file ကို ကျွန်မကြည့်လိုက်တော့ ရှေ့ဆုံးစာရွက်တစ်မှာ နာမည်၊ လူမျိုး၊ ဘာသာ အကုန်ရေးထားတယ်။ အဲဒီမှာ ကြည့်လိုက်တော့လည်း ပသီ လို့ ရေးထားတယ်။ ဒါနဲ့ မှတ်ပုံတင်ယူဖို့ကို လက်မှတ်ထိုးလိုက်တယ်။ မှတ်ပုံတင်လည်း လက်ထဲရောက်ရော လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ အိန္ဒိယ+ဗမာ တဲ့။ တော်တော်ကို အံ့သြမိပါရဲ့။ နားကို မလည်နိုင်အောင်ပါပဲ။ လွတ်လပ်ခွင့်အပြည့်အ၀ရှိတယ်ဆိုတာ ဘာလဲ။
ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ….. ။
သမိုင်းကိုနားမလည်သူတွေ၊ သမိုင်းကို ကိုယ်တိုင် သေချာမသိတာနဲ့ပဲ မရှိဘူး မသိဘူးလို့ ပြောပြီး သမိုင်းကို လိမ်ညာချင်သူတွေနဲ့တော့ မြန်မာပြည်ကြီးမှာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအော်နေလို့လဲ အလကားပါပဲ။ ကျွန်မတို့တွေ သမိုင်းကို ပိုမိုနားလည်သင့်ကြပြီ၊ နားလည်အောင် ကြိုးစားသင့်ကြပါပြီ။
လက်ခံယုံကြည်တဲ့ဘာသာတရားမတူညီတာနဲ့ ကိုယ့်ဘာသာသည်သာလျှင် အမြင့်မြတ်ဆုံးပဲလို့ အတွင်တွင်ပြောနေကြမယ့်အစား အခြားဘာသာများ အကြောင်းကိုလည်း သေချာစွာလေ့လာသင့်ကြပါတယ်။ ကိုယ့်ဘာသာသာသနာမဟုတ်တာကို လေ့လာမယ်ဆိုရင် အဲဒီဘာသာဝင်မဟုတ်သူ ရေးထားတဲ့ စာတွေကို လေ့လာတာထက်စာရင် တခြားဘာသာဝင်တွေရေးသားထားတဲ့ စာအုပ်စာပေတွေကိုသေချာလေ့လာပြီး မိမိရဲ့ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားနိုင်ကြရင်ဖြင့် စစ်မှန်တဲ့လေ့လာမှုကို ရရှိနိုင်ပါတယ်။ ကိုယ်တိုင်ဖတ်ရင်းနားမလည်ရင်တောင်မှ အဲဒီဘာသာဝင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို မေးမြန်းသင့်ပါတယ်။ ဖြေကြားပေးသူ အနေနဲ့လည်း ကိုယ်မဖြေနိုင်တဲ့မေးခွန်းမျိုးကို ကိုယ့်ထက် နားလည်သူဆီမှာ မေးမြန်းပြီးမှသာ ပြန်လည်ဖြေကြားပေးသင့်ပါတယ်။
ဘာသာမတူ၊ လူမျိုးကွဲပြားတဲ့ မြန်မာ့မြေက မောင်နှမအားလုံးလည်း အစွန်းရောက်သူများမဖြစ်ကြရအောင် သမိုင်းကိုသေချာစွာလ့လာပြီး ကိုယ့်ဘာသာတရားရဲ့ ဆုံးမသွန်သင်ချက်များအတိုင်း လျှောက်လှမ်းပြီး စည်းလုံးညီညွတ်ပြီးအေးချမ်းသာယာတဲ့ အမိမြန်မာနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းထူထောင်သင့်ကြဖို့ အချိန်တွေမလွန်သေးပါဘူး။
သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ဆိုတာ မိမိကိုယ်တိုင် တွေးကြည့်ရင်း အမှန်တရားကို မြတ်နိုးသူများဖြစ်ကြပြီး သမိုင်းရဲ့တရားခံတွေအဖြစ်မှ ကင်းလွတ်နိုင်ကြပါစေ …………… ။

Saturday, August 11, 2012

ပါဝင်ခဲ့ကြပြန်ပြီ တို့တတွေသည်

ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်(မန္တလေး) မြင်ကွင်း


ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနားကျင်းပရာ ဘုရားကြီးအလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို ကျွန်မရောက်သွားတော့ ၀င်ပေါက်မှာတင် အလွန်ကို များပြားလှတဲ့လူတွေကို မြင်လိုက်ရတယ်။ ဘုန်းကြီး ကျောင်းဝင်းထဲကို ယာဉ်တွေ ပေးမ၀င်ပဲ ဘုန်းကြီးကျောင်းဝန်းအပြင်ဘက် ဘေးကကွက်လပ်မှာ ကားတွေ၊ ဆိုင်ကယ်တွေအပ်နိုင်အောင် စီစဉ်ပေးထားတဲ့နေရာမှာ ဆိုင်ကယ်သွားထားပြီး ကျောင်းဝင်းထဲ ၀င်ခဲ့လိုက်တယ်။

ကျောင်းဝင်းထဲမ၀င်ခင် သတိရလိုက်တာနဲ့ ဒီနေ့အတူဆုံမယ်လို့ ပြောထားတဲ့ အစ်ကိုတစ်ယောက်ဆီဖုန်းခေါ်လိုက်တော့ သူကအပေါ်ထပ်မှာ ရောက်နေပြီတဲ့လေ။ ဒါနဲ့ ကျောင်းဝင်းထဲကို အဖေနဲ့အတူတူဝင်သွားတော့ အဖေ့မိတ်ဆွေတွေ၊ ကျွန်မသူငယ်ချင်းတွေကိုလည်း တွေ့လိုက်ရတယ်။ ပြီးတော့ မေမေ့ရဲ့မိတ်ဆွေတချို့ (ကျွန်မငယ်ငယ်ကပဲ ဆုံဖူးလိုက်သူတွေ)ကိုလည်းတွေ့လိုက်ရတယ်။ ဘာသာပေါင်းစုံက ပါဝင်ခဲ့ကြသလို မွတ်စလင်မ်အများစုကိုလည်း တွေ့လိုက်ရတယ်လေ။

Wednesday, August 08, 2012

ကျွန်မရဲ့ သူရဲကောင်း (ရှစ်လေးလုံးနှစ်ပတ်လည် အမှတ်တရ)

မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်ဆံတဲ့အခါမှာ၊ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာတဲ့အခါမှာ စိတ်ရှည်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ မတူညီရင် ညှိကြည့်ပါ၊ မရရင် ဥပက္ခာပြုလိုက်ပါ။ လူတွေကို မိတ်ဆွေမဖြစ်ချင်နေပါစေ ရန်သူမဖြစ်ပါစေနဲ့။ မနာလိုဝန်တိုစိတ်ဟာ ကိုယ့်ဘဝတစ်ခုလုံး ချောက်ထဲကျအောင် တွန်းပို့တတ်တယ်။ ဒါကြောင့် အဲဒီစိတ်နဲ့ဝေးအောင်ရှောင်ပါ။ မာနထား မလွဲမှားပါစေနဲ့။ မခံချင်စိတ် မလွဲမှားပါစေနဲ့။ (ပသီမာလာဆွေ)

သမီးကျောင်းတက်တဲ့တလျှောက်လုံး အိမ်မှာဆိုရင်တော့ မေမေက သမီးရဲ့ဆရာမပဲပေါ့။ မှတ်မှတ်ရရ သမီး ၄-တန်း (စတုတ္ထတန်း) ကျောင်းသူဘ၀တုန်းကလေ။ အဲဒီတုန်းက ၁၉၈၈-ခုနှစ်၊ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို တွန်းလှန်ကြတဲ့ ပြည်သူ့ဆန္ဒတွေ ထုတ်ဖော်ပြလာကြတဲ့ ၈၈-အရေးခင်းဆိုတာ ဖြစ်ပေါ်တဲ့အချိန်ပေါ့။ သမီးတို့ကျောင်းတွေ ဖွင့်ပြီး သိပ်မကြာဘူး။ အရေးအခင်းဖြစ်တာကြောင့် ကျောင်းတွေပိတ်လိုက်တယ်လေ။ အဲဒီအချိန်တွေဟာ သမီး ဘ၀အတွက် ပိုပြီးအမှတ်တရ ဖြစ်စေခဲ့တယ်။ မေမေရဲ့တိကျပြတ်သားခိုင်မာမှုနဲ့ ရဲရင့်တဲ့သတ္တိအပြည့်ရှိတဲ့စိတ်ဓါတ် တွေကို သမီးမြင်တွေ့ခဲ့ရတဲ့အချိန် ဆိုလည်း မမှားပါဘူး။ အဲဒီအချိန်က သမီးတို့က အိမ်ငှားဘ၀နဲ့နေကြရတဲ့အချိန်လေ။ ဆန္ဒပြမှုတွေ စီတန်းလှည့်လည်မှုတွေ လုပ်ကြတော့ သမီးက လိုက်ကြည့်ရင်းနဲ့ အိမ်ကနေ မန္တလေးဘူတာကြီးရှေ့ ဆေးရုံကြီးနားအထိ ရောက်သွားခဲ့တယ်။ အဲဒီကနေမှ အိမ်ကိုပြန်လာတော့ မေမေက သမီးကို ဘာပြောခဲ့လဲ။ နောက်ကို အဲလိုအဝေးကြီးထိ လိုက်မသွားဖို့ကို သမီးနားလည်အောင်ပြောပြခဲ့ပြီး အဲလို သွားရကောင်းလားလို့ မဆူခဲ့ဘူးနော်။

Tuesday, August 07, 2012

မြတ်နိုးတယ် သြဂတ်


သြဂတ် . . .
နင်ဟာ ငါ့အတွက် အမှတ်တရတွေကို
အမြဲယူဆောင်လာတတ်တယ်နော် ....... ။
သြဂတ်ရေ. . . .
နင့်ကြောင့် ငါ . . .
ဝမ်းနည်းခဲ့ဖူးတယ် ...
ကြည်နူးခဲ့ဖူးတယ် ...