Saturday, August 11, 2012

ပါဝင်ခဲ့ကြပြန်ပြီ တို့တတွေသည်

ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်(မန္တလေး) မြင်ကွင်း


ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနားကျင်းပရာ ဘုရားကြီးအလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို ကျွန်မရောက်သွားတော့ ၀င်ပေါက်မှာတင် အလွန်ကို များပြားလှတဲ့လူတွေကို မြင်လိုက်ရတယ်။ ဘုန်းကြီး ကျောင်းဝင်းထဲကို ယာဉ်တွေ ပေးမ၀င်ပဲ ဘုန်းကြီးကျောင်းဝန်းအပြင်ဘက် ဘေးကကွက်လပ်မှာ ကားတွေ၊ ဆိုင်ကယ်တွေအပ်နိုင်အောင် စီစဉ်ပေးထားတဲ့နေရာမှာ ဆိုင်ကယ်သွားထားပြီး ကျောင်းဝင်းထဲ ၀င်ခဲ့လိုက်တယ်။

ကျောင်းဝင်းထဲမ၀င်ခင် သတိရလိုက်တာနဲ့ ဒီနေ့အတူဆုံမယ်လို့ ပြောထားတဲ့ အစ်ကိုတစ်ယောက်ဆီဖုန်းခေါ်လိုက်တော့ သူကအပေါ်ထပ်မှာ ရောက်နေပြီတဲ့လေ။ ဒါနဲ့ ကျောင်းဝင်းထဲကို အဖေနဲ့အတူတူဝင်သွားတော့ အဖေ့မိတ်ဆွေတွေ၊ ကျွန်မသူငယ်ချင်းတွေကိုလည်း တွေ့လိုက်ရတယ်။ ပြီးတော့ မေမေ့ရဲ့မိတ်ဆွေတချို့ (ကျွန်မငယ်ငယ်ကပဲ ဆုံဖူးလိုက်သူတွေ)ကိုလည်းတွေ့လိုက်ရတယ်။ ဘာသာပေါင်းစုံက ပါဝင်ခဲ့ကြသလို မွတ်စလင်မ်အများစုကိုလည်း တွေ့လိုက်ရတယ်လေ။



ပထမပိုင်းအစီအစဉ်က ၀ါဆိုသင်္ကန်းကပ်ပြီး၊ ဒုတိယပိုင်းအစီအစဉ်က ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့ တက်ရောက်လာကြသူတွေ အတူပါဝင်တဲ့ "နိုင်ငံတိုးတက်ရေးအတွက် ဘယ်လိုပူးပေါင်းပါဝင်ကြမလဲ"ဆိုပြီး ဆွေးနွေးကြတယ်။ 88-ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးပေးတာ တော်တော်လေးကောင်းတယ်။ နောက် တတိယပိုင်းအစီအစဉ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံအတွင်းကျဆုံးသွားကြသော ဘာသာဝင်အသီးသီးမှ ရဲဘော်များအားရည်စူး၍ တောင်းဆုပြုကြပါတယ်။

ဒုတိယပိုင်းအစီအစဉ် မပြီးခင်ခဏလေးမှာ ရန်ကုန်ပြန်ဖို့အတွက် ပြေးပြေးလွှားလွှား လှုပ်ရှားနေတဲ့ ကိုမြအေးကို မနေ့က ကိုမြအေးပြောသွားတဲ့ မြန်မာမွတ်စလင်မ်တွေ ၀တ်စားဆင်ယင်ပုံကအစ ပြုပြင်ဖို့လိုအပ်ကြောင်း၊ ဘာသာရေးဆရာများကလည်း အဲဒါတွေကို တိုက်တွန်းပေးဖို့လိုကြောင်းပြောတာနဲ့ပတ်သက်ပြီး အဲဒါမျိုးတွေမှာ ကိုမြအေး ဘယ်လိုပါဝင်ပေးနိုင်မလဲ လို့ ကျွန်မ  မေးခွန်းလေးတစ်ခု မေးကြည့်တော့ သူဖြေသွားတာက ..... "လိုအပ်ရင် ကျွန်တော်ပါဝင်ပေးမှာပါ၊ ဘယ်နေရာကပဲဖြစ်ဖြစ် ကျွန်တော်ပါဝင်မှာပါ၊ နောက်ဆုံး တံမြက်လှည်း ကြမ်းတိုက်တဲ့အထိကို ပါဝင်မှာပါ"လို့ ခပ်မြန်မြန်ဖြေကြားပေးသွားခဲ့ပါတယ်။

မွတ်စလင်မ်တွေအနေနဲ့ တိုင်းပြည်အကျိုးအတွက် ခေတ်အဆက်ဆက် ဘယ်တော့မှ နောက်ချန်မနေရစ်ပဲ ပါဝင်ဆောင်ရွက်ခဲ့ကြသလို ပြီးခဲ့တဲ့ ၂၄-နှစ်တာ ကာလအတွင်း ပထမဦးဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ နိုင်ငံ့သမိုင်းဝင်နေ့ အစီအစဉ်မှာလည်း တက်ကြွစွာ ပါဝင်ခဲ့ကြတာတွေကိုမြင်ရတော့ ကျွန်မအလွန်ကို ကြည်နူးဝမ်းသာမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အခမ်းအနားလေးကို ကျွန်မကျေနပ်တယ်။









ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်(မန္တလေး) မြင်ကွင်းဓါတ်ပုံတချို့

No comments:

Post a Comment