Sunday, August 19, 2012

အီဒုဖီသရ် အမှတ်တရရဲ့ ကျွန်မ

အစ္စလာမ်သာသနာဝင်များအတွက်အီဒုဖီသရ်နှင့် အီဒုအ်ဒ်ွဟာ ဆိုတဲ့ အမှတ်ရစရာ အီးဒ်ပွဲတော် ၂-ရက်ရှိတဲ့အနက် အီဒုဖီသရ်နေ့မြတ်ရောက်တိုင်းပျော်ရွှင်ခဲ့ရတဲ့ ငယ်ဘ၀လေးကိုလွမ်းဆွတ်မိတယ်။ ဆွေမျိုးတွေအိမ်တွေသွား စလာမ်ပေး၊ ကျွေးတဲ့မုန့်တွေစား၊ အီတီပေးရင်ယူပြီး ပျော်နေတာပေါ့။ ရမသွာန်မ၀င်ခင် လကြည့်ရတဲ့နေ့ဆို ရင်တထိတ်ထိတ်နဲ့ လကြည့်ရတာအမောပဲ။ လကိုတအားမြင်ချင်လို့လေ။ လမြင်ရင် ရမသွာန်ရောက်ပြီလေ။ ရမသွာန်ပြီးမယ့်ရက်နီးလာရင် အ၀တ်အစားအသစ်တွေဝယ်ရတာလည်းအမောပါပဲ။

အ၀တ်စားအသစ်တွေဝယ်ပြီးတာနဲ့ အီးဒ်ရောက်ဖို့လကြည့်ရမယ့်ရက်ကို မျှော်နေတာပေါ့။ ဒီလိုနဲ့ အီးဒ်ရောက်ဖို့ လကြည့်ရတဲ့နေ့ ရောက်ရင် နေတဲ့အိမ်က ဘယ်ရပ်ကွက်မှာပဲရောက်နေနေ အဖိုးတို့နေတဲ့ မွတ်စလင်မ်ရပ်ကွက်ကို ပြေးတာပဲ။ လကြည့်တဲ့ ပထမနေ့မှာ လမမြင်ဘူးဆိုရင် 'လကလည်းဘာလို့မမြင်တာလဲမသိဘူး။ ပေးမြင်လိုက်ပြီးရော'လို့ ကလေးအတွေး တွေးခဲ့တာလည်း ခဏခဏပေါ့။ လမြင်ရတယ်ဆိုရင်တော့ အို - ဘာပြောကောင်းမလဲ တစ်ရပ်ကွက်လုံးက ကလေးတွေနဲ့အတူတူ 'လမြင်ပြီဗျို့ လမြင်ပြီဗျို့'လို့ ထပ်ခါတလဲအော်ရင်း ပျော်ခဲ့ရတယ်။ ပြီးတော့ မနက်အတွက် မုန့်တွေလုပ်နေတဲ့ လူကြီးတွေနားသွားပြီး မနက်ကျဘယ်သွားမယ်၊ ဘာတွေလုပ်မယ်၊ အီတီရရင်ဘာဝယ်မယ်နော်လို့ပြောရင်း ညနက်ထိမအိပ်တာကြောင့် 'မအိပ်ရင် မနက်ကျ မျက်နှာချောင်နေပြီး မလှတော့ပဲနေလိမ့်မယ်'ဆိုတာကြောင့် အိပ်ယာထဲပြေး မျက်လုံးကိုဇွတ်မှိတ် အိပ်ပျော်အောင်အိပ်ပြီး အီးဒ်မနက်မှာ လူကြီးတွေမနှိုးခင်ကတည်းက နိုးနေခဲ့တဲ့ ပျော်စရာ အီးဒ်နေ့တွေကို နွှဲပျော်ခဲ့တာ ၁၀-တန်းကျောင်းသူဘ၀အထိပေါ့။



နောက် တက္ကသိုလ်ကျောင်းသူ ဘ၀ကစပြီး ငယ်ဘ၀လောက် မပျော်ရွှင်တော့ပေမယ့် အီးဒ်နေ့ရောက်တိုင်း ဆွေမျိုးတွေ၊ ဆရာတွေ၊ အသိမိတ်ဆွေလူကြီးသူမတွေအိမ် စလာမ်ဆိုသွားခဲ့တိုင်း လူကြီးတွေက 'လူငယ်တွေလည်း အလုပ်တွေကိုယ်စီနဲ့ မအားလပ်ကြတော့ အရင်လိုမရောက်လာဖြစ်ကြဘူး။ တခြားရက်တွေမလာနိုင်မှန်းသိတော့ မမျှော်ပေမယ့် အီးဒ်နေ့ရောက်တိုင်းတော့ လာမယ့်သူတွေကို မျှော်မိတယ်။ တို့တွေက အရင်လို မသွားနိုင်ကြတော့ဘူး။ ဒါကြောင့် တို့ဆီလာမယ့်သူတွေကိုပဲ မျှော်နေတာ။ မင်းတို့လူငယ်တွေလာရင် အရမ်းဝမ်းသာတယ်။ တို့တွေက နေ့သေမလားညသေမလားမသိတော့ အလ္လာဟ်သဘောတူလို့ထားသေးရင် နောက်နှစ်တွေလည်း ဆုံကြသေးတာပေါ့'ဆိုပြီး အလုပ်အကိုင်အဆင်ပြေဖို့၊ ကျန်းမာချမ်းသာစေဖို့၊ သွားလာရေးလမ်းခရီး အဆင်ပြေစေဖို့ ဆုဒုအာပြုပေးကြတယ်။

လူကြီးတွေပြောတဲ့စကားတွေက အားပေးဖေးမပေမယ့် သူတို့ရဲ့ အားငယ်စိတ်ကိုလည်းမြင်ရတာကြောင့် ကျွန်မ နှစ်စဉ်တိုင်း ရောက်အောင်သွားခဲ့တယ်။ လူကြီးတွေကျေနပ်တာကို ကျွန်မ ၀မ်းသာပီတိဖြစ်မိတယ်။ ကလေးတွေက ကျွန်မကို စလာမ်လာပေးတော့ သူတို့ကိုအီတီပေးတဲ့အခါ သူတို့လေးတွေပျော်ရွှင်နေတာကိုမြင်ရရင် ငယ်ဘ၀လေးပျော်ရွှင်ခဲ့တာကို အမှတ်ရပြီး ပြုံးမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီးဒ်နေ့ရောက်တိုင်း ကြည်နူးဝမ်းသာပျော်ရွှင်မှုအပြည့်နဲ့ပေါ့။
လွန်ခဲ့တဲ့ ၄-နှစ်က MMSY ဆိုတဲ့ Online က မြန်မာမွတ်စလင်မ် website လေးမှာ ကမ္ဘာတလွှားနေရာအနှံ့အပြားကို အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြရတဲ့ မြန်မာ့မြေက မွတ်စလင်မ်သူငယ်ချင်းမောင်နှမတွေ အများကြီးရလိုက်တယ်။ အကြောင်းကြောင်းကြောင့် အမိမြေကမိသားစုနဲ့ခွဲပြီး အဝေးရောက်နေကြရပေမယ့် အီးဒ်နေ့မှာ မိသားစုဆွေမျိုးသားချင်းတွေနဲ့အတူရှိချင်ကြတဲ့ သူငယ်ချင်းမောင်နှမတွေဖြစ်နေကြတာသိလာရတယ်။ ဒါကြောင့် အဲဒီနောက်ပိုင်းအီးဒ်နေ့တွေမှာ ကျွန်မအရင်လို အပြည့်အ၀ မပျော်ရွှင်မိတော့ဘူး။ ကျွန်မတို့က မိသားစုဆွေမျိုးသားချင်းမိတ်ဆွေသူငယ်ချင်းတွေနဲ့အတူဆုံစည်းရလို့ ပျော်ရွှင်နေတဲ့အချိန်
အိမ်နဲ့ဝေးနေသူတွေရဲ့ ရင်တွင်းဆန္ဒတွေကို ကျွန်မ ခံစားနားလည်တတ်လာလို့ပေါ့။

ပြီးတော့ အီးဒ်ရဲ့ချစ်စရာကောင်းတဲ့မြင်ကွင်းလေးက အရင်က တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေ မုန်းတီး နာကြည်းမှုတွေကို ဖြေဖျောက်တောင်းပန်ခွင့်လွှတ်ကြရင်း ရင်ချင်းအပ် လက်ချင်းထပ် စိတ်ချင်းကပ်ကြပြီး အလ္လာဟ်အရှင်မြတ်ရဲ့ကျေနပ်နှစ်မြို့မှုကို အပြည့်အ၀လက်ခံယူကြတဲ့ မြင်ကွင်းလေးပါ။ ကျွန်မလည်း ဘ၀တလျှောက်လုံးမှာ အလ္လာဟ်အရှင်မြတ်ရဲ့ကျေနပ်နှစ်မြို့မှုကိုအပြည့်အ၀ခံယူပြီး အရှင့်အချစ်တော် အီမာန်ရှင်ဖြစ်ချင်ပါတယ်။ ဒါကြောင် ကျွန်မဘ၀မှာ ကျွန်မရဲ့စိတ်ကိုနာကျင်စေခဲ့လို့ အဆက်သွယ်ဖြတ်တောက်ထားခဲ့သူ ၂-ယောက်ကို (အိမ်နဲ့အဝေးရောက်နေသူတွေလည်းဖြစ်နေလို့ ခံစားနားလည်ပြီး) အရှင်မြတ်မနှစ်သက်တဲ့ အဆက်သွယ်ဖြတ်တောက်ခြင်းကို အရှင့်ထံဝန်ချတောင်းပန်ရင်း သူတို့ထံ eid mubarak ကို email ကပို့လိုက်ဖြစ်တယ်။

အဲလိုပဲ ကျွန်မ သိရက်နဲ့ဖြစ်စေ မသိလိုက် မထင်မှတ်ပဲဖြစ်စေ ကျွန်မကြောင့် စိတ်အနှောက်ယှက်တစ်စုံတရာဖြစ်ခဲ့ကြရတဲ့ မောင်နှမ သူငယ်ချင်း မိတ်ဆွေအပေါင်းသင်းများအပေါ် ကျွန်မပြုမှားမိတာရှိပါက ခွင့်လွှတ်ကြေအေးပေးကြပါလို့ တောင်းပန်ပါတယ်။

ကျွန်မတို့ မြန်မာမှာ မနက်ဖြန် (၂၀-၈-၂၀၁၂)မှ အီးဒ်ဖြစ်ပေမယ့် အမိမြေနဲ့အဝေးရောက်မောင်နှမများ ဆင်နွှဲနေကြတဲ့ အီးဒ်အမှတ်တရရယ်၊ ကလေးဘ၀ အီးဒ်နေ့ကိုကြိုတင်ပျော်ရွှင်နေကြတဲ့ကလေးတွေကိုမြင်ရတော့ အခုလက်ရှိ ရခိုင်ဒေသက ကလေးတွေရဲ့အီးဒ်နေ့ကို မှန်းဆမြင်ယောင်ရင်း ဒီစာလေးကိုရေးဖြစ်သွားတယ်။

မောင်နှမ အားလုံးလည်း တစ်ဦးနဲ့တစ်ဦး ခွင့်လွှတ်နားလည်ကြရင်း အရှင်မြတ်ရဲ့ ကျေနပ်နှစ်မြို့မှုကို အပြည့်အ၀ နာခံကျင့်သုံးနိုင်ကြပါစေ . . . . . အာမီးန် . . . :-)

No comments:

Post a Comment