Saturday, September 29, 2012

မှန် နဲ့ ရေ

ကျွန်မတို့တွေ ဘ၀ပတ်ဝန်းကျင်မှာ ကြားဖူးနေကျစကားလေးတစ်ခွန်းရှိတယ်။ အဲဒါက “ငါကတော့ လူတွေကို မှန်လိုပဲ ကျင့်သုံးတော့မယ်/မှန်လိုပဲကျင့်သုံးတယ်”တဲ့။ “ငါကတော့ ရေလို ကျင့်သုံးတယ်”ဆိုတဲ့ စကားကတော့ ကြားရခဲပါတယ်။ ကျွန်မစဉ်းစားကြည့်တယ်။



မှန်လိုကျင့်သုံးတယ်ဆိုတော့ … ကိုယ်က မှန်ဆိုတဲ့သဘောပေါ့နော်။ ဒီနေရာမှာ ပြောနေကြတဲ့ မှန်ဆိုတာ ကြည့်ရ၊ မြင်ရတဲ့ ပြဒါးသုတ်ထားတဲ့ ကြည့်မှန်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဒီတော့ မှန်လိုကျင့်သုံးမယ်ဆိုတော့ ကိုယ့်ရှေ့လာရပ်တဲ့သူက လှနေရင် သူလှတာမြင်ရအောင် ကိုယ်က လှတာပေးမြင်မယ်။ ကြည့်သူက ရုပ်ဆိုးနေရင် ကိုယ်က ရုပ်ဆိုးတာပေးမြင်မယ်။ ကြည့်သူက မဲ့ပြရင် ကိုယ်က မဲ့ပြမယ်။ ကြည့်သူက ပြုံးပြရင် ကိုယ်က ပြုံးပြမယ်ပေါ့။ ကြည့်တဲ့သူရဲ့ လုပ်ဆောင်ချက်အတိုင်း ကိုယ်က လိုက်လုပ်ပေးနေတာပေါ့။ ဒါဆိုရင် ကျွန်မ တစ်ချက် အတွေးချော်ကြည့်မိတယ်။ တကယ်လို့ ကိုယ့်ရှေ့လာရပ်မိပြီး လုပ်ပြနေသူက မျက်စိမမြင်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူလုပ်ပြတဲ့အရာတိုင်းကို ကိုယ်က ပြန်လိုက်လုပ်ပြမယ်ဆိုရင် ကိုယ်ပဲ အရူးအပေါတစ်ယောက်ဖြစ်နေမှာပေါ့။ ဘာလို့လဲဆိုတော့ မျက်စိကန်းနေသူကို ကိုယ်ကပြန်ပြီးလုပ်ပြနေလည်း သူမှ မမြင်နိုင်တာပဲ။



နောက်ပြီးတော့ ဥာဏ်ရည်မမှီသူတစ်ယောက်က မှန်ရှေ့လာရပ်ပြီး သူစိတ်ထင်တာတွေကို လုပ်ပြနေတိုင်း ကိုယ်ကပြန်လိုက်လုပ်နေရင်လည်း ကိုယ်လည်းပဲ အရူး(ဥာဏ်ရည်မမီသူလို)ဖြစ်နေတော့မှာပေါ့။ ဒါက ကျွန်မ အတွေးချော်ကြည့်မိတာပါ။ တကယ်လို့ ကိုယ်က မှန်လိုပဲ ကျင့်သုံးတော့မယ်လို့ စဉ်းစားမိရင် လောကကြီးမှာ အတွေးကန်းနေသူ၊ အတွေးရူးနေသူတွေလည်း တစ်ပုံတစ်ပင်ကြီးရှိနေတာ သတိထားဖို့တော့ လိုမယ်လို့ ထင်တယ်။ အဲလိုလူတွေကို ကိုယ်က မှန်လိုကျင့်ပြီးလိုက်လုပ်ပြနေလို့ကတော့ ဘေးလူတွေအမြင်မှာ ကိုယ်ဟာလည်း အဲဒီ အကန်း၊ အရူး လို့ပဲထင်မြင်ကြမှာပဲလေ။ ပြီးတော့ တစ်စုံတစ်ယောက်ကသာ အဲဒီမှန်ကို ဓါးနဲ့ခုတ်ခွဲလိုက်ရင် အစိတ်အမွှာမွှာကွဲမသွားရင်တောင် အနည်းဆုံးတော့ အက်သွားတတ်တယ်။

ဒါဆို ရေလို ကျင့်သုံးတယ်ဆိုတာကရောဘယ်လိုလဲ။ ခုနက မှန်လိုပဲ စဉ်းစားကြည့်မယ်။ ရေလိုကျင့်သုံးမယ် ဆိုမှတော့ ကိုယ်တိုင်က ရေဖြစ်တယ်ဆိုတဲ့သဘောပေါ့။ ဒီလိုဆိုရင် ရေက ဘယ်လိုကျင့်သုံးလဲ။ ရေချိုနဲ့ ရေငံ ဆိုတဲ့ ကွာခြားချက်ရှိပေမယ့်။ ရေဆိုတာ လူတွေအတွက် မရှိမဖြစ်ကို အသုံးဝင်တဲ့အရာပါပဲ။ သူမရှိရင် လူတွေ အသက်ရှင်ဖို့ ခက်ခဲတာကြောင့် “ရေအသက် တစ်မနက်”ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့တယ်လေ။ ဒီတော့ ရေဟာ သူနဲ့ထိတွေ့ရတဲ့ ပတ်ဝန်းကျင်ကို ငြိမ်းအေးမှုပေးတယ်။ သူ့ဆီက အေးချမ်းမှုလိုချင်သူတွေကို သူ့ဘ၀ကိုရေခဲအဖြစ်ပြောင်းလဲပြီး အေးချမ်းစေတယ်။ ပူနွေးတာကို လိုချင်သူတွေအတွက် သူ့ဘ၀ကို ရေနွေးအဖြစ်ပြောင်းလဲပြီး အသုံးတည့်စေတယ်။ သူဖြတ်သန်းစီးဆင်းရာတလျှောက်မှာ အချိုးအကွေ့တွေ့ရင် ချိုးကွေ့ပြီးစီးဆင်းတယ်၊ တည့်တည့်မတ်မတ် စီးတဲ့နေရာမှာ တည့်တည့်မတ်မတ်စီးဆင်းတယ်၊ လိုအပ်ရင် ကောက်ကွေ့နေတဲ့နေရာကို တည့်မတ်သွားအောင် လုပ်ပစ်တယ်၊ ချောက်ကမ်းပါးတွေတွေ့ရင် အရှိန်ဟုန်ဟန်ပြင်းပြင်းနဲ့ ခုန်ချစီးဆင်းတယ်။ လမ်းပိတ်ဆို့နေတဲ့ ကျောက်ဆောင်ကျောက်တုံးတွေတွေ့ရင် မာန်ဟုန်ပြင်းပြင်းနဲ့ ၀င်တိုက်ဖြိုခွဲတယ်။ ဘ၀အမောကို အေးချမ်းစွာအမောဖြေချင်သူတွေအတွက် ကမ်းစပ်ကိုပြေးလာတဲ့ လှိုင်းလုံးလေးတွေအဖြစ်နဲ့ ငြိမ့်ညောင်းမှုကိုပေးတယ်။

ဒါပေမယ့် သူ့အနေနဲ့လိုအပ်လာတဲ့အခါမှာ သူ့ရဲ့အဖော်အပေါင်းတွေနဲ့အတူ လက်တွဲပြီး ကြီးမားတဲ့လှိုင်းလုံးကြီးတွေအဖြစ်နဲ့တုန့်ပြန်တတ်တယ်။ သူ့ရဲ့လျှောက်လှမ်းနေတဲ့လမ်းတလျှောက်မှာ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ရပ်တန့်မနေဘူး။ သူသွားရာ လမ်းတလျှောက်လုံးမှာ အများကြီးကို ဆွဲခေါ်သွားတယ်။ သူ့ခရီးဆုံးထိလိုက်တဲ့အရာတွေကိုလည်း ခရီးဆုံးထိ ခေါ်သွားတတ်သလို၊ မလိုက်နိုင်ပဲ လှိမ့်ရင်းကျန်ခဲ့တဲ့ ကျောက်စရစ်ခဲလေးတွေကိုလည်း နိုင်သလောက်ဆွဲခေါ်ရင်း မရတော့တဲ့အဆုံးမှာ ချန်ထားရစ်ခဲ့တတ်တယ်။ သူ့ကို ရှေ့ဆက်သွားလို့မရအောင် တားဆီးခဲ့တယ်ဆိုရင်လည်း ချိုးကွေ့ပြီး တစ်ခြားဘက်က ရအောင်သွားတယ်။ သူဟာ ဘယ်တော့မှ ရပ်မနေဘူး။ သူ့ကို ဓါးနဲ့ ခုတ်ပိုင်းလိုက်ရင်တောင်သူကတော့ အရာမပြတ်ဆက်ပဲ ဆက်လျက်ပါ။  လောကကြီးမှာရှိတဲ့ ဘယ်လိုလူစားမျိုးနဲ့ပဲတွေ့ကြုံပါစေ သူ့ဘ၀သူ့လမ်းကြောင်းကို သူ့အရှိန်နဲ့သူ အဆက်မပြတ် လျှောက်လှမ်းနေမှာပါပဲ။

မှန်ဟာ ကျောက်တုံးပေါ်ကျရင် ထိခိုက်ကွဲအက်သွားတတ်ပေမယ့် ရေကတော့ အဲဒီကျောက်တုံးပေါ်ကို ရေတွေဖုံးလွှမ်းကျော်တက်ပြီး ခရီးဆက်သွားတတ်တယ်လေ ..... ။

ဒီတော့ ကျွန်မတို့တွေရော ဘ၀မှာ သူများလုပ်သမျှပြန်လုပ်ပြပြီး သူများတွေကြောင့် ပိုအသက်ဝင်တဲ့ မှန်အဖြစ်ရပ်တည်မလား။ဒါမှမဟုတ် ဘယ်သူတွေဘယ်လိုပဲဖျက်ဖျက် ကိုယ့်လမ်းကြောင်း ဦးတည်ချက် ပန်းတိုင်ကို မဆုတ်မနစ် လျှောက်လှမ်းတဲ့ ရေအဖြစ် ရပ်တည်မလားဆိုတာ … … ကိုယ်တိုင်ပဲ ခံယူကျင့်သုံးရမှာဖြစ်ပါတယ် ……
မနေ့ညက သူငယ်ချင်းလေးတစ်ယောက်နဲ့စကားပြောရင်း အခုကစပြီး “မှန်လိုပဲ ကျင့်သုံးတော့မယ်”ဆိုတဲ့ သူ့စကားလေး ကြားရပြီးနောက်မှာ တွေးမိတဲ့ အတွေးလေးကို ချရေးလိုက်ရင်း ….........................… သူငယ်ချင်းလေးအတွက် အမှတ်တရပါ …………

No comments:

Post a Comment