Tuesday, September 04, 2012

မန္တလေးမြို့မှာ စံချိန်တင်ရတဲ့ ဖြစ်ရပ်

မနက်ကတည်းက လူက လည်ချောင်းနာ၊ နှာစေး၊ ဟတ်ချိုးတွေချီနေပြီး နေလို့မကောင်းချင်သလိုဖြစ်နေတာ နေ့လည်ဘက်မိုးတွေရွာလာတော့ ပြန်တဲ့အချိန် မိုးရွာနေရင် မိုးစိုပြီးချမ်းမှာတွေးပြီး စိတ်ညစ်နေတယ်။ မိုးကလည်း မတိတ်တဲ့အပြင် သည်းသည်းမည်းမည်းကိုရွာနေတော့ အိမ်ဘက်တော့ ရေကြီးနေပြီလို့တွေးမိတယ်။ ၃ နာရီ ၄၅ လောက်ကျ အဖေရောက်လာတယ်။ လမ်းတွေမှာလည်းရေတွေပြည့်နေပြီ မိုကလည်းတိတ်မယ့်ပုံမရှိဘူး။ လမ်းတွေလည်းတအားရှုပ်နေတာကြောင့် ညီမလေးကဆိုင်ကယ်မောင်းပြီး ကျွန်မကိုလာခေါ်ဖို့ စိတ်မချဘူး။

ဒါကြောင့် ကျွန်မကို လာခေါ် ပြီး ညီမလေးကိုသွားခေါ်မယ်ဆိုတာနဲ့ ပြန်လာလိုက်တယ်။
အား ရို ရိုး ၇၈-လမ်းမကြီးပေါ်မှာ ရေတွေက ဆိုင်ကယ်ဘီးတစ်ဝက်မြုပ်နေတယ်။ ကားတွေသွားတဲ့အရှိန်နဲ့ ရေလှိုင်းတွေဖြစ်တော့ ဆိုင်ကယ်တွေလည်း ပလပ်ထဲရေတွေဝင်လို့ ဆင်းတွန်းသူ၊ လမ်းလယ်မှာတင် တန့်နေသူတွေနဲ့ ရှုပ်ယှက်နေရောပဲ။ အဖေ့ဆိုင်ကယ်လည်းရေ၀င်ပြီး စက်ရပ်သွားတာနဲ့ လမ်းဘေးချပြီး စက်နိုးအောင်ပြန်လုပ်ရတယ်။ ဒါနဲ့ ညီမလေးကိုခေါ်ပြီး သားအဖ ၃-ယောက်ပြန်လာလိုက်တယ်။ မိုးကာအင်္ကျီဝတ်ထားပေမယ့် လူတစ်ကိုယ်လုံးရွှဲနစ်နေတယ်။ ဆိုင်ကယ်မောင်းရင်း လူကချမ်းပြီးတုန်လာတယ်။




လမ်းတလျှောက်လည်း ဆိုင်ကယ်တွေ ပလပ်ထဲရေ၀င်ပြီးထိုးရပ်သွားတာ၊ စက်နှိုးမရတော့လို့ ဆင်းတွန်းနေကြတာ၊ လမ်းဘေးမှာ ဆိုင်ကယ်ရပ် ပလပ်ဖြုတ်ပြီး ပြင်နေတာတွေမြင်ရတော့ ကိုယ့်ဆိုင်ကယ်လည်းဘယ်အချိန်ထိုးရပ်မလဲဆိုတဲ့စိတ်နဲ့မောင်းနေရတယ်။ လမ်းတွေကလည်းရှုပ် ကားတွေရေထဲမောင်းရင်ဖြစ်လာတဲ့ လှိုင်းနဲ့ မောင်းနေတဲ့ဆိုင်ကယ် ယိုင်မသွားအောင် မနည်းထိန်းမောင်းနေရတယ်။ အဲဒီအချိန်မှာပဲ အဖေ့ဆိုင်ကယ်က ထိုးရပ်သွားတယ်။ အဖေလည်း ဆိုင်ကယ်ကို လမ်းဘေးနားထိတွန်းပြီး ပလပ်ကိုဖြုတ်ပြီးပြင်တော့တာပေါ့။ ကျွန်မလည်း မပြင်တတ်တာရယ်၊ ကိုယ့်ဆိုင်ကယ်လေးနိုးနေတဲ့စက်ကို မရပ်လိုက်ရဲဘူး။ တော်ကြာ ပြန်ပြီးစက်နှိုးမရမှာစိုးလို့လေ။ အဖေလည်းလုပ်ရင်း တော်တော်နဲ့မရဘူး ရပ်ပြီးပြင်နေတဲ့အနားအိမ်က ကောင်လေးတစ်ယောက်ထွက်လာပြီး ကူလုပ်ပေးတယ်။ တော်တော်နဲ့မရတာကြောင့် နီးရာဆိုင်ကယ်ဝပ်ရှော့ထိ တွန်းသွားလိုက်ကြတယ်။

ဝပ်ရှော့ရှေ့ရောက်တော့ အဲဒီရှေ့မှာ မုန့်ပစ်စလက်ရောင်းနေတဲ့ တဲလေးတွေ့လိုက်တယ်။ လှမ်းကြည့်လိုက်တော့ ဗန်းထဲမှာ လုပ်ပြီးသားမုန့်တွေ တော်တော်များများတွေ့ရတယ်။ ပုံမှန်ဆို မုန့်ပစ်စလက်ရောင်းသူတွေမှာ အဲလိုလုပ်ပြီးသားမုန့်တွေ ကျန်နေတတ်တာ ရှားတယ်။ ဒီနေ့ မိုးတွေရွာနေတော့ လာဝယ်မယ့်သူမရှိလို့ မုန့်တွေကျန်နေရှာတာဖြစ်မယ်လို့ တွေးမိတယ်။ အဖေ့ဆိုင်ကယ်ကို ၀ပ်ရှော့ဆရာကပြင်ပေးနေတာနဲ့ ကျွန်မတို့ညီအစ်မလည်း အဲဒီမုန့်ပစ်စလက်ဆိုင်လေးဆီချီတက်ပြီး ၀ါးတီးဖွင့်လိုက်ကြတယ်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုလို့ ချမ်းတုန်နေတာကြောင့် မုန့်စားတဲ့အချိန်မှာတောင် မုန့်ကိုပါးစပ်ထဲတည့်တည့်ရောက်အောင် မနည်းထည့်နေရတယ်။ မုန့်လည်းစားအပြီး အဖေ့ဆိုင်ကယ်လည်းပြင်အပြီး ထွက်မယ်လုပ်တော့ ကျွန်မဆိုင်ကယ်က စက်နှိုးမရတော့ဘူး။ ချုပ်ဆွဲနှိုးလိုက် ကစ်ပြီးနှိုးလိုက်လုပ်တော့မှရသွားတယ်။ ဒါနဲ့ ထွက်လာလိုက်တော့ ၃၇ လမ်း၊ ၇၉လမ်းနဲ့ ၇၈လမ်းကြားမှာတင် နာရီဝက်ကျော်ကျော်ကြာသွားတယ်။ ၇၈လမ်းကျော်လိုက်တာနဲ့ လမ်းဘေးမှာဆိုင်ကယ်တွေတန်းစီလို့ ပလပ်ထဲရေ၀င်တာကို လုပ်နေကြတာလေ။

ဒီလိုနဲ့ပဲ ကိုယ့်ဆိုင်ကယ်လည်းဘယ်အချိန်ထိုးရပ်မလဲဆိုတဲ့အတွေးနဲ့ဆက်မောင်းလာရင်း တစ်ချက်တစ်ချက် ဟွန်းက ထထမြည်လာတော့တယ်။ သူများတွေလို ဆိုင်ကယ် ပလပ်ထဲရေမ၀င်ပဲ ဟွန်းထဲရေ၀င်ပြီး ဟွန်းကြောင်သွားပြီလေ။ ဆက်မောင်းလာရင်း သတင်းထောက်ကြီးတစ်ယောက်နဲ့တွေ့လိုက်သေးတယ်။ သူလည်း မန္တလေးရေကြီးတဲ့သတင်းလိုက်ယူနေတယ်ထင်ပါတယ်။ ဆိုင်ကယ်မောင်းရင်း လူလည်း ဟပ်ချိုး ဟပ်ချိုးဖြစ်လာပြီး မိုးရွာနေတဲ့မိုးရေထဲ၊ ရေကြီးနေတဲ့ရေတွေထဲ အချိန် ၂-နာရီကျော်ကြာပြီးတဲ့နောက် အိမ်ကိုရောက်ရှိပါတော့တယ်။ အရင်က ၁၅-မိနစ်၊ မိနစ်-၂၀ ဆိုင်ကယ်မောင်းရတဲ့ခရီးကို ၂-နာရီကျော်ကြာသွားတယ်။ အိမ်ရောက်ပြီး အိမ်ထဲဝင်နာရီကြည့်လိုက်တော့ ၆-နာရီ ၂၀-မိနစ်။
ဒီ ၂၀၁၂ အတွက် မန္တလေးမြို့မှာ စံချိန်တင်ရတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

ဒီစာရေးနေရင်းနဲ့ ဟတ် ဟတ် ဟတ်ချိုး. . . . ဟတ်ချိုး ဖြစ်လာလို့ ဆေးသောက်ပြီး အိပ်တော့မယ်။

No comments:

Post a Comment