Monday, December 23, 2013

ကလေးလေးတစ်ယောက်ကြောင့် ရရှိခဲ့တဲ့ သန္တရသ

လွန်ခဲ့တဲ့ ၂-နှစ်က မွေးခန်းထဲက ထွက်လာခါစ သမီးလေး

လွန်ခဲ့တဲ့ ၂-နှစ်လောက်က ရန်ကုန်မှာ ကိုယ်နေတဲ့ အဆောင်က အဆောင်မှူး အစ်မ ကလေးမီးဖွားတော့ သူ့အမျိုးသားက ခရီးဝေးမှာ ရောက်နေတယ်။ သူတို့ ဆွေမျိုးသားချင်းတွေကလည်း နယ်က ဖြစ်နေတော့ အဆောင်မှူးအစ်မ ဘေးနားမှာ ဆွေမျိုးသားချင်းလည်း တစ်ယောက်မှ မရှိဘူး။

သူကလေးမွေးချင်လို့ ဗိုက်နာတာကလည်း သောကြာညဖြစ်နေတော့ စနေနေ့ အလုပ်ပိတ်တဲ့ ကိုယ်တစ်ယောက်ပဲ သူ့ဘေးနားမှာ အချိန်ပြည့်နေခဲ့ရတယ်။ ဆေးရုံပေါ်ရောက် သားဖွားခန်းထဲထိလည်း သူ့ဘေးနား ကိုယ် တစ်ချိန်လုံး နေခဲ့ရတယ် ... သူ ဗိုက်နာလွန်းလို့ အော်တဲ့ခံစားချက်ကိုကြည့်ရင်း ကိုယ့်ညီမလေး မီးဖွားချိန်က ညီမလေး ဘေးနားမှာတောင် ကိုယ် အဲ့လို နေမပေးနိုင်ခဲ့တာ သတိရရင်း ... အစ်မကို တစ်ချိန်လုံး အားပေးနေခဲ့ရတယ်။ သူ့မှာ ဗိုက်နာလွန်းလို့ ကိုယ့်လက်ကိုလည်း မလွှတ်တမ်း ဆွဲထားပြီး ညည်းနေရှာတယ် .... Nurse လည်း တစ်ယောက်မှ ငှားလို့ မရဘူး။ မနက်မိုးလင်းမှ Nurse ငှားလို့ရမယ်တဲ့လေ။
ဗိုက်နာလွန်းပြီး ကလေးမမွေးဖွားနိုင်လွန်းဖြစ်နေတာကြောင့် ဆေးပုလင်းတွေ ချိတ်ပေးနေရတယ်။

Sunday, October 27, 2013

ပြုပြင်ပြောင်းလဲရမယ့် စိတ်ဓါတ်

IT ခေတ်ကြီးရဲ့ ကျွန်မတို့ လူမှုအသိုင်းအ၀ိုင်းမှာ ပျက်စီးလာတဲ့ စိတ်ဓါတ်တွေက အတော်လေး ကြောက်စရာကောင်းလှတယ် ..... ။

ဟိုးအရင်ခေတ်တွေက လက်ရုံးရည် နှလုံးရည်နဲ့ပြည့်စုံခဲ့တဲ့ အမျိုးကောင်းသားတွေဟာ ရန်သူနဲ့ မျက်နှာချင်းဆိုင် စီးချင်းတွေ့တယ်၊ အယဉ်ကျေးဆုံးစကားတွေနဲ့ စာချွန်တော်အပြန်အလှန် ပို့တယ်။

ဒီဘက်ခေတ်ကြီးမှာ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ အမျိုးကောင်းသား အတော်လေး ရှားပါးသွားပါပြီ။ အမျိုးကောင်းသားလုံးဝ မရှိတော့တာ မဟုတ်ပေမယ့် အများစုရဲ့ စိတ်ဓါတ်တွေက နိမ့်ကျသွားကြတယ်။
အမျိုးသား အမျိုးသမီး အားလုံးမှာ ... ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ သတ်မှတ်တာ၊ အမှန်တရားဘက် ရပ်နေသူတစ်ယောက်က ကိုယ့်ဘက်မပါတာ၊ ကိုယ်ပြောတဲ့စကားတိုင်းကို ဟုတ်ကဲ့၊ နာခံပါ့မယ်လို့ လိုက်မပြောပဲ အချက်အလက်နဲ့ ပြန်ပြောတာနဲ့ပဲ ကိုယ်နဲ့ စကားများ အချင်းများဖူးသူအဖြစ်သတ်မှတ်တာ၊ မနာလိုစိတ် တအားပေါက်ဖွားလာတာ၊ သူတစ်ပါးကို အပုတ်ချတတ်တဲ့ စိတ်ဓါတ်တွေ၊ ကိုယ်သာလျှင် တော်သည် တတ်သည်ဟု မာန်တက်လာတာတွေဟာ စိတ်ဓါတ် မပြည့်ဝသူတွေရဲ့ လုပ်ရပ်ပါပဲ။

Saturday, October 19, 2013

ကျွန်မရဲ့ Role Model များ

ဘ၀မှာ သာမန်လူသားတွေထဲက ကျွန်မဘ၀မှာ လေးစားအားကျရတဲ့ ဆရာသမား၊ မိတ်ဆွေ များစွာရှိပါတယ်။

ဒီသာမန်လူသားတွေထဲကမှ ကျွန်မအနေနဲ့ Role Model အဖြစ် စံထားရသူက ၄-ဦး ရှိပါတယ်။ သူတို့တွေကတော့ (၁) ကျွန်မအဖိုး (၂) ကျွန်မအမေ (၃) ကျွန်မအဖေ (၄) အန်တီစု (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)

(၁) ကျွန်မအဖိုး >> တိုင်းပြည်လွတ်လပ်ရေးရဖို့ အင်္ဂလိပ်ကိုတော်လှန်၊ ဂျပန်ကိုတော်လှန်ရင်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ။ သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက်၊ မွတ်စလင်မ်ကွန်မြူနတီအတွက်ကို နောက်ဆုံးထွက်သက်ထိ ထမ်းဆောင်သွားတယ်။ သူ့ဘ၀တလျှောက်လုံးမှာ ထောင်ထဲ အကြိမ်ကြိမ်ရောက်ရပြီး ဘ၀အလဲလဲအပြိုပြိုနဲ့ မိသားစု ဒုက္ခရောက်ခဲ့သော်လည်း တိုင်းပြည်နဲ့လူမျိုး၊ ကိုယ့်အမျိုးသားတွေအတွက် လုပ်ဆောင်ခဲ့တယ်။

Sunday, October 06, 2013

နှစ် ၂၀၀-ကျော်မှ သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန် ဖျက်သိမ်းမည့်အပေါ် ဆက်သွယ်မေးမြန်းချက်

သုတမောင်
ဇင်းလင်းကုန်း မွတ်စလင်မ်သုဿာန်အတွင်းရှိ သမိုင်းဝင် ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များ
မန္တလေး   ။         ။      မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန်အား  ၁၇.၁၀.၂၀၁၃ ရက်နေ့တွင် မိမိတို့ သင်္ချိုင်းကော်မတီ အစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းပေးရန် ၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ ၁၇-ရက်နေ့ ရက်စွဲဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ လင်းဇင်းကုန်း မွတ်စလင် သုဿာန် ကြီးကြပ်မှုကော်မတီထံသို့ ပေးပို့သော စာအရ လင်းဇင်းကုန်း သုဿာန် ကြီးကြပ်ရေးကော်မတီ ဦးခင်မောင်စိုးထံသို့ M-Media မှ ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

မေး – လင်းဇင်းကုန်းမွတ်စလင်မ်သုဿာန် ဖျက်သိမ်းရှင်းလင်းပေးရန်ဆိုပြီး စက်တင်ဘာ ၁၇-ရက် နေ့စွဲနဲ့ စည်ပင်သာယာက စာထုတ်ထားတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ လက်ရှိကတော့ အဲ့ဒီစာ ထုတ်ထားတဲ့အတိုင်းပါပဲ။
မေး – စည်ပင်က ထုတ်တဲ့စာမှာ ၁၇.၁၀.၂၀၁၃ အပြီး ကိုယ်တိုင် ဖျက်ခိုင်းနေတယ်ဆိုတော့ အဲ့ဒီအပေါ်မှာ ဘယ်လို စီစဉ်ထားပါသလဲ။ဖြေ – ကျွန်တော်တို့အနေနဲ့က သင်္ချိုင်းနဲ့ ပတ်သက်လို့ ကျွန်တော်ဘာသာအရက ရွှေ့ပြောင်းမှု မရှိပါဘူး။ အဲလို ရွေှ့ပြောင်းမှု မရတာကြောင့် ကျွန်တော်တို့ မလုပ်တော့ပါဘူး။

မေး – ဒါဆိုရင် ဘယ်လိုများ ဆက်လက် စီစဉ်ထားပါသလဲ။

ဖြေ – ကျွန်တော်တို့အနေနဲ့လည်း သင်္ချိုင်းမှာရှိတဲ့ ဗလီနဲ့ ဒါရဂါတော်ကို ချန်လှပ်ပေးဖို့တော့ သက်ဆိုင်ရာကို စာတင်ထားပါတယ်။

မေး – အဲ့ဒီ လင်းဇင်းကုန်း သုဿာန်မှာက သမိုင်းဝင် အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဒါရ်ဂါတော် သခင်ကြီး အာဗစ်ရှာဟိုင်စိုင်နီရယ်၊ နောက် ဘိုးတော်ဘုရားကို သံတော်ဦးတင်လွှာကျမ်းဆက်သ ရေးသားခဲ့တဲ့ ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူဘွဲ့ရ စာဆိုတော် ဆရာကြီး ဦးနုရဲ့ ဂူဗိမာန်နဲ့ တခြားသော အစ္စလာမ့်သမိုင်းက အထင်က ပုဂ္ဂိုလ်တွေ အများကြီး မြှုပ်နှံထားတာဆိုတော့ အဲဒီကိစ္စကို ဘယ်လိုများ လုပ်ပါမလဲ။ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့ ဒီမှာ သမိုင်းဝင် ဦးနု၊ ဦးပိန်နဲ့ တခြားပုဂ္ဂိုလ်တွေ လည်းရှိနေတော့ ကျွန်တော်တို့ အဲဒါကို တင်ပြတောင်းခံထားတဲ့ အပိုင်းတော့ ရှိပါတယ်ခင်ဗျာ။

မေး – ဒါဆိုရင် တင်ပြတောင်းခံထားတဲ့အပေါ်မှာ တုန့်ပြန်မှုက ဘယ်လိုရှိပါသလဲ။ဖြေ – ဒီသမိုင်းဝင်တွေကိစ္စမှာ အရင်က ဖျက်ခဲ့တဲ့ သမိုင်းဝင်တွေကိုလည်း သူတို့က ထောက်ပြပြီး ဒါကိုလည်း ဖျက်ဖို့ပြောပါတယ်။
မေး – ဒီတော့ အခုလက်ရှိ လောလောဆယ်က ဒီသင်္ချိုင်းကော်မတီမှာ ပါဝင်ကြသူအများစုက မက္ကာကို ဟာဂ်ျသွားနေကြတယ်ဆိုတော့ ကျန်တဲ့ ကော်မတီဝင်တွေအနေနဲ့ အခုရက်ပိုင်းကြုံလာမယ့်ကိစ္စအတွက် ဘယ်လိုများ စီစဉ်ထားပါသလဲ။ဖြေ – ဟုတ်ကဲ့ ဒါကြောင့်ပဲ ကျွန်တော်တို့ သင်္ချိုင်းကော်မတီအနေနဲ့ နောက်ထပ် ၁-လလောက် ထပ်ပြီးနောက်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မေး – ဟုတ်ကဲ့ အဲဒါက တောင်းဆိုထားပြီပေါ့နော် ဒါဆို။ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့ တင်ထားပါပြီ။

မေး – ဒီတောင်းဆိုမှု စာတင်တာအတွက် အကြောင်းပြန်ကြားမှု ဘယ်လိုရှိပါသလဲ။ဖြေ – အခုထိတော့ အကြောင်းပြန်ကြားချက် မလာသေးပါဘူး။

မေး – ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ဖြေ – ဟုတ်ကဲ့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

၂၀၁၂-ခုနှစ် မေလ ၃၁-ရက်နေ့က မန္တလေးနေ့စဉ်သတင်းစာတွင် ပါရှိသော လင်းဇင်းကုန်း သုဿာန်အား ပိတ်သိမ်းရန် အသိပေးကြေညာချက် ထွက်ပေါ်လာပြီးနောက် ၀န်ကြီးချုပ်၊ ဌာနဆိုင်ရာ အဆင့်ဆင့်ကို စာများ ပို့ထားခဲ့ပြီး ဤသမိုင်းဝင်နေရာ ဖျက်သိမ်းမှာကို ကန့်ကွက်သည့်အနေဖြင့် လူ ၃၀၀၀ ကျော်မှ လက်မှတ်ထိုးပြီး အဆင့်ဆင့် တင်ပြထားပြီးလည်းဖြစ်ပါတယ်။

* ယခင် ၂၀၁၂-ခု ဇူလိုင် ၁၂-ရက်နေ့က အင်တာဗျူးပြုလုပ်ခဲ့သော လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန်အကြောင်းအား ဤ သမိုင်းဝင် လင်းဇင်းကုန်း မြန်မာမွတ်စလင် သုဿဿာန်"  အင်တာဗျူးတွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။

Friday, October 04, 2013

မဟုတ်မမှန် လုပ်ကြံတဲ့ eleven နဲ့ the voice တို့ သွေးထိုးလှုံ့ဆော်မှုများ ရပ်စေလို

သတင်းဆောင်းပါး – ချမ်းငြိမ်းအေး

Daily Eleven News
တနေ့ကထုတ်တဲ့ daily eleven news နဲ့ မနေ့ထုတ် the voice daily မှာ သံတွဲက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးရေးသား ထားတဲ့ သတင်းတွေ ဖတ်ရပါတယ်။ အဲဒီသတင်းတွေမှာ ဖြစ်ရပ်မှန်ကို ပြောင်းပြန်လုပ်ပြီး ရေးသားထားတာတွေ တွေ့ရပါတယ်။ အကြမ်းဖက်ခံခဲ့ရတဲ့ ကမန်တိုင်းရင်းသားများရော၊ အမှန်တရားကို မြတ်နိုးသူများတွေကပါ အဲဒီလို အရေးအသားတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်းပြောကြပါတယ်။
အကြမ်းဖက်ခံရသူတွေဟာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြတဲ့ ကမန်တိုင်းရင်းသား အများစုပါ။
“မွတ်စလင်မ် အကြမ်းဖက်လို့ Daily Eleven က သုံးထားတဲ့ အသုံးအနှုန်းက ပဋိပက္ခကို ပိုပြီး ကြီးထွားစေတယ်။ အဲဒါကို ကျွန်တော်တို့ လုံးဝ ကန့်ကွက်ကြရမှာပါ။ အဲဒီ သတင်းတွေက ပြောင်းပြန်ဖြစ်နေတယ်။ ဖြစ်စဉ် တလျှောက်လုံးမှာ ကျွန်တော်တို့ (အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား) တွေက ခံနေရတဲ့ အနေအထားပဲရှိတယ်။ ကျွန်တော်တို့ ၅-ရွာပေါင်းမှ ရခိုင်တွေ ၂-ရွာလောက်တောင်မရှိဘူး။ သူတို့တွေ ရွာ ၅၀-နီးပါးလောက်က ကျွန်တော်တို့ကို ၀ိုင်းထားတာ။ ကျွန်တော်တို့မှာ ထွက်ပေါက်လည်း မရှိဘူး။ ကျွန်တော်တို့က တိုက်ခိုက်နိုင်တဲ့ အရည်အချင်းလည်းမရှိဘူး။ အင်အားလည်း မရှိဘူး။” လို့ သံတွဲ ဒေသခံတစ်ဦးက ပြောပါတယ်
ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှလည်း “မြန်မာပြည်က ဂျာနယ်တွေ၊ စာစောင်တွေအများစုက တဘတ်သက်ဆန်ဆန်၊ တဘက်စောင်းနင်းနဲ့ သတင်းအမှောင်ချတဲ့ပုံစံ ရေးနေတယ်။ တကယ်ဒေသခံမဟုတ်တဲ့ လူတစ်ယောက် ဂျာနယ်တွေ စာစောင်တွေ ဖတ်တဲ့အခါ ဗုဒ္ဓဘာသာဝင် ရခိုင်တွေပဲ သေဆုံးသွားပြီဆိုပြီးတော့ မုန်းတီးရေး ဘက်ကို ရောက်လာပြီး မွတ်စလင်မ်တွေက အကြမ်းဖက်တဲ့ပုံစံမျိုး ထင်ယောင် ထင်မှားဖြစ်အောင်လုပ်ဆောင်တာပဲလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်”လို့ ပြောခဲ့ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၂-ခု ဇွန်လကနေစပြီး အခု ၂၀၁၃-ခု အောက်တိုဘာလအထိ အကြမ်းဖက်ခံနေရတာ တွေဟာ ဘာသာရေးကို အကြောင်းခံတဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုဆိုတာ လက်ခံပါတယ်။
အများစုက သုံးနှုန်းကြတာကတော့ ဘာသာရေးပဋိပက္ခပေါ့။ ဒါဟာ တကယ်တော့ ဘာသာရေးပဋိပက္ခမဟုတ်ပါဘူး။ ပဋိပက္ခဆိုတဲ့ စကားလုံးက နှစ်ဦးနှစ်ဘက် အပြန်အလှန်ဖြစ်ပွားမှသာ ပဋိပက္ခလို့ ခေါ်ပါတယ်။ တဘက်စောင်းနင်း အကြမ်းဖက်ခံရတာကိုတော့ ပဋိပက္ခလို့ ခေါ်ဆိုလို့ မရနိုင်ပါဘူး။
၂၀၁၂-ခု ဇွန်လမှာ ရခိုင်အရေးကိစ္စ စဖြစ်တယ်။ ခိုးဝင်ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းနဲ့ အကြမ်းဖက်မှုစလုပ်ခံရတယ်။ ဘယ်သူတွေကို ပစ်မှတ်ထားခဲ့သလဲ။ အဓိက မွတ်စလင်မ်တွေကိုပါ။ နောက် တကျော့ပြန်ရခိုင်အရေးကိစ္စ၊ အဲဒီကနေ မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း ဒေသ၊ လားရှိုး၊ ဥက္ကံ၊ ကန့်ဘလူ၊ နောက်အခု သံတွဲ(ရခိုင်)၊ ဒီနေရာတွေ ဖြစ်သမျှကို ကြည့် လိုက်ပါ အကြမ်းဖက်ခံရတဲ့ သေဆုံးသူ၊ အိုးအိမ်စည်းစိမ် လက်မဲ့ဖြစ်ရသူ၊ ဒုက္ခသည်တွေအဖြစ်နဲ့ CAMP တွေမှာ ရောက်ကုန်သူတွေက အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်သူ မွတ်စလင်မ်တွေ အများစုပဲဖြစ်နေပါတယ်။ သူတို့တွေဟာ မြန်မာ့မြေမှာမွေး၊ မြန်မာ့မြေမှာ ကြီးပြင်းခဲ့ပြီး၊ မြန်မာနိုင်ငံကို အဆက်ဆက် ချစ်မြတ်နိုးခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေပါ။
မွတ်စလင်မ်တွေပဲ ဒုက္ခသည်အဖြစ်ရောက်ကုန်ကြသလားဆိုတော့ ရခိုင်၊ ဗမာ ဗုဒ္ဓဘာသာတွေလည်း သေကြေ ထိခိုက်ဒဏ်ရာရသူ တချို့လည်းရှိပါတယ်။ ဒါကတော့ အကြမ်းဖက်ခံရသူတွေက ပြန်လည်ခုခံတဲ့အခါမှာ ပြန်ပြီး ထိခိုက်ကုန်ကြတာပါ။ မြန်မာနိုင်ငံသားတွေရဲ့ နှလုံးသားဟာ ပင်ကိုယ် အများအားဖြင့် နူးညံ့ပါတယ်။ အဲလို နူးညံ့တဲ့ နှလုံးသားတွေမှာ အရိုင်းစိတ်တွေ ၀င်လာစေတာက တခြားဘာသာတရားတခုကို မုန်းတီးစိတ်ဝင်လာအောင် မှိုင်းတိုက်ပေးမှုကြောင့်ပါပဲ
ဗုဒ္ဓဘာသာအအများစုနေထိုင်တဲ့ တိုင်းပြည်၊ ဘုန်းကြီးတစ်ပါးရဲ့ ဟောပြောမှုမှာ ကြည်ညိုတတ်လွန်းလှတဲ့ တိုင်းပြည်မှာ ဒီလို မှိုင်းတိုက်ခံရတာတွေ များလာတော့ ဘာမှန်းမသိတဲ့ အကြောက်တရားက လွှမ်းမိုးလာတယ်။ ဒါနဲ့ပဲ အကြောက်တရားဖြစ်လာတဲ့ ဘာသာအပေါ် သက်ဝင်ယုံကြည်သူတွေကိုပါ မုန်းတီးစိတ်တွေ ဖြစ်လာတယ်။ ဒါကတော့ ဘာသာရေးအရ မှိုင်းတိုက်မှုပါ။
တဘက်က နိုင်ငံရေးအရ မှိုင်းတိုက်မှုတွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာတိုင်း ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးဆိုတာကို မထိန်းသိမ်းနိုင်တဲ့ အာဏာပိုင်အဆင့်အဆင့်ကရော ဒီအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သတ်မှု ရှိနေမလားလို့ တွေးလာမိကြတော့မှာပါပဲ။
ဒါ့အပြင် နိုင်ငံတစ်ခုရဲ့ စတုတ္ထမဏ္ဍိုင်လို့ပြောကြတဲ့ မီဒီယာတွေကနေ တဖက်စောင်းနင်း ရေးသားချက်တွေ ဟာလည်း ဘာသာရေး လူမျိုးရေးအရ အမုန်းတရားတွေ ပွားများလာဖို့ တမင် အကွက်ချ လုပ်ဆောင်နေတာတွေ ဖြစ်နေတာတွေကို ကွက်ကွက်ကွင်းကွင်း မြင်နေရပါတယ်။ အခု ဖော်ပြထားတဲ့ အလဲဗင်းလို သဗွိုက်လို ဂျာနယ်တွေ၊ မီဒီယာတွေကတော့ Hate speech လုပ်ဆောင်ရာမှာ မီဒီယာကျင့်ဝတ် ချိုးဖောက်ရာမှာ ထိပ်ဆုံးအဆင့်က ရှိနေပြီး ဒီလိုမီဒီယာတွေကို မတားဆီးနိုင်တဲ့ နိုင်ငံတော်ကိုလည်း ဘယ်သူက ယုံကြည်နိုင်ပါတော့မလဲ။
ဒီလို အကြမ်းဖက်မှုတွေဖြစ်နေရတာဟာ တရားဥပဒေ စိုးမိုးမှု မရှိလို့ပါ။ နိုင်ငံတော်ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ သူတိုင်းက တရားဥပဒေ စိုးမိုးရေးအတွက် ၀ိုင်းဝန်းဆောင်ရွက် အကောင်အထည် ဖော်သင့်ပါတယ်။
ဒီနေ့ တွေ့လိုက်တဲ့ Eleven Daily မှာတော့ တောင်းပန်အပ်ပါသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ မွတ်စလင်မ်အကြမ်းဖက်သမားများ ဟူသော စကားလုံး သုံးနှုန်းမှုအတွက် တောင်းပန်အပ်ပါသည်၊ သက်ဆိုင်ရာ အယ်ဒီတာများကို အရေးယူပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ဆိုတာကို ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် အလဲဗင်းက ဒီလိုကိစ္စရပ်တွေမှာ မတော်တဆမှားယွင်းတာမျိုးမဟုတ်ပဲ တမင် အဓိကရုန်း ပြဿနာဖြစ်စေအောင် ဖန်တီးလှုံ့ဆော်ကို အမြဲလိုလို ဖန်တီးတတ်တာအောင် နောက်ပိုင်း သတင်းတွေမှာ သတိထားပေးစေလိုပါတယ်။ နိုင်ငံတော် တာဝန်ရှိသူတွေ အနေနှင့်လည်း မီဒီယာကျင့်ဝတ် ဖောက်ဖျက်နေမှုတွေကို တားဆီးဟန့်တား အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်။
နိုင်ငံကို ချစ်မြတ်နိုးသူမှန်ရင် ဘာသာရေး လူမျိုးရေးအရ မလိုမုန်းထား၊ အကြမ်းဖက်မှုတွေ၊ မှိုင်းတိုက်မှုတွေ၊ စစ်ဆင်နွှဲနေတာတွေကို ရပ်တန့်ပြီး နိုင်ငံရဲ့ အဓိက ပြဿနာကို လက်တွေ့ ဓမ္မဓိဋ္ဌာန်ကျကျ တွေးတောသုံးသပ်ရင်း ၀ိုင်းဝန်းလက်တွဲမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီကို လှမ်းတက်နိုင်မှာဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။

Monday, September 16, 2013

တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့ကြသည့် မြန်မာ မွတ်စလင်မ်များနှင့် ကျဆုံးခဲ့သည့် မြန်မာမွတ်စလင်မ်များ

အမ်တူးအေ

နိုင်ငံရေးဆိုင်ရာ ပါလီမန်နှင့် မြူနီစပါယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို အက္ခရာစဉ်အလိုက် အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်
၁။    ဦးကာ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေး၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးနှင့် ပညာရေးဌာန၀န်ကြီး (အိမ်စောင့်အစိုးရလက်ထက်)
၂။    မစ္စတာကရင်ဂနီ၊ အောက်လွှတ်တော်အမတ် (၉၁-ဋ္ဌာနခေတ်)
၃။    ဦးကျော်ခင်၊ ရမည်းသင်း ရနောင် ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ)
၎။    ဦးခင်မောင်လတ်၊ တရားရေးရာဌာနနှင့် ကျန်းမာရေးဋ္ဌာန၀န်ကြီး (ဖဆပလ)
၅။    ဦးဘိုးခိုင်(စစ်တွေ)၊ အောက်လွှတ်တော်အမတ် (၉၁-ဋ္ဌာန ခေတ်)
၆။    ဒေါ်ခင်ခင်၊ ပြည်သူ့လွှတ်တော်အမတ်(တပ်ကုန်း)ဆရာကြီးအစား (ဖဆပလ)
၇။    ဦးဘိုးချယ်၊ တပ်ကုန်းပြည်သူ့လွှတ်တော်အမတ် (ဖဆပလ)
၈။    ဦးဂျမား၊ ပုသိမ်တောင်၊ လူမျိုးစုလွှတ်တော်အမတ် (ဖဆပလ)
၉။    ဦးဂဖား၊ မောင်းတော – လူမျိုးစု လွှတ်တော်အမတ် (ဖဆပလ)
၁၀။    ဦးစူလ်တန်အဟ်မတ်၊ မောင်းတောမြောက်၊ ပြည်သူ့လွှတ်တော်အမတ်၊ ပါလီမန်အတွင်းဝန် (ဖဆပလ)
၁၁။    ဦးစူလ်တန်မာမွတ်၊ ၀န်ကြီး (သန့်ရှင်း)
၁၂။    ဒေါ်စောရွှေ၊ (၁) ရန်ကုန်မြို့မလမ်းမတော်၊ ပြည်သူ့လွှတ်တော်အမတ်၊ (၂) ရမည်းသင်းတောင်၊ လူမျိုးစု လွှတ်တော်အမတ်

Wednesday, September 11, 2013

ကျွန်မဘ၀ရဲ့ နှလုံးသားအဟာရများ

ကျွန်မဘ၀ ကျွန်မရဲ့နှလုံးသားထဲမှာ အမြဲထည့်သွင်းထားတဲ့ အမှတ်တရ စကားလေးတချို့ရှိတယ်။ ဒီစကားလေးတွေက ကျွန်မအတွက်တော့ စိတ်ဓါတ်ခွန်အားဖြည့် (နှလုံးသားအာဟာရ)စကားလေးတွေပေါ့။ ကျွန်မကို ဒီလို ခွန်အားဖြည့်အမှတ်တရစကားလေးတွေ ပေးခဲ့ကြသူတွေ (မိဘ၊ ဆရာသမား၊ အစ်ကိုအစ်မ၊ သူငယ်ချင်းတွေကို)ကိုလည်း မှတ်မှတ်ရရ အမြဲ အမှတ်ရနေပါတယ်။ ဒါကြောင့် …. အမှတ်တယအဖြစ် ပြန်စုစည်းလိုက်ပါတယ် …. ။

Advice
  • အနာခံခြင်းဟာ အသာစံခြင်းအတွက် အရင်းအနှီးပေးဆပ်မှုတစ်ခုပဲ … ကျဆုံးမှုဟာ အခွင့်အရေးသမားအတွက် အရင်းအနှီးပဲ … ဒါကြောင့် …. ဘ၀တစ်ခုလုံးအတွက် မှတ်သားထားပါ။ ….. (ချစ်မေမေ)

  • အထက်ကိုတကယ် တက်ချင်တယ်ဆိုရင်တော့ ……….
  • နံပါတ်တစ်က … တကယ်ကြီးမြင့်ချင်တဲ့မြင့်မားတဲ့ ‘စိတ်ဓါတ်’
  • နံပါတ်နှစ်က … ပြည့်စုံသထက်ပြည့်စုံအောင် အမြဲကြိုးစားနေရမယ့် ‘အရည်အချင်း’
  • နံပါတ်သုံးက … မဖြစ်ရင် မနေဆိုတဲ့ ‘ဇွဲရှိမှု - ဇွဲကြီးမှု’ … ဆိုတာတွေနဲ့ပေါင်းစပ်ပြီး ကိုယ့်ဘ၀ ဘာဖြစ်ချင်တယ် … ဘာဖြစ်သင့်သလဲဆိုတာ ဆုံးဖြတ်နိုင်ရင် အထက်ကလူ တကယ်ဖြစ်နိုင်ပါတယ်။ …. (ချစ်ဖေဖေ)

  • ဖြူဖွေးနေတဲ့အရောင်ပေါ်မှာ သေးမွှားတဲ့အမဲစက်ဆိုတာ မြင်လွယ်၊ ထင်လွယ်တယ်။ ဒီတော့ ဘယ်လိုအမဲစက်မှ ဘ၀ထဲမှာ မထင်ဟပ်အောင် အမြဲဂရုပြုပါ။ …. (ချစ်မေမေ)

Saturday, September 07, 2013

သင့်မြတ်သူများပွဲတော်မှ ဒေါက်တာ ချန်ဒရာမူဇာဗာရဲ့ ပြောစကား

ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေးအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆွေးနွေးသည့် “သင့်မြတ်သူများ ပွဲတော်”တွင် ဒေါက်တာ ချန်ဒရာမူဇာဗာ၏ ပြောကြားချက်

အမ်တူးအေ
ဒေါက်တာ ချန်ဒရာမူဇာဗာမှ “ယနေ့ကမ္ဘာရဲ့ အကြီးကျယ်ဆုံးသော စိန်ခေါ်မှုကတော့ ကွဲပြားခြားနားတဲ့ နောက်ခံအခြေအနေနဲ့ ကွဲပြားမှု အမျိုးမျိုးရှိသူတွေအနေနဲ့ ဘယ်လိုမျိုးအတူတကွ နေနိုင်မလဲဆိုတာ ဆွေးနွေးကြဖို့လိုပါတယ်။ ကွဲပြားခြားနားမှုရှိတဲ့ လူ့အသိုင်းအ၀ိုင်းမှာ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတာ မြင်ရမှာဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ လူ့ဝန်းကျင်တစ်ခုမှာ ငြိမ်းချမ်းစွာအတူနေကြမယ်ဆိုတာနဲ့ပတ်သက်ပြီး ရိုးရိုးရှင်းရှင်းအဖြေတော့မရှိပါဘူး။ အခြေအနေတစ်ခုချင်းစီကို အသုံးပြုနိုင်တဲ့ ပုံသေနည်း၊ ဖော်မြူလာဆိုတာလည်း မရှိပါဘူး။ လူမျိုးဘာသာပေါင်းစုံ နေထိုင်ခဲ့ကြတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ငြိမ်းချမ်းစွာနေထိုင်နိုင်မလဲဆိုတာ ဆန်းစစ်လေ့လာလို့ရပါတယ်။
လူမှုအဖွဲ့အစည်းအတွက် ပထမဆုံးအနေနဲ့  အရေးကြီးတဲ့ နိယာမတစ်ခုရှိပါတယ်။ အဲဒါက လူ့အခွင့်အရေး Right ပဲ ဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ လူ့အသိုင်းအ၀န်းအားလုံးဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ အနှစ်သာရရှိတဲ့ အခွင့်အရေးတွေကို ရရှိရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးလို့ပြောတဲ့နေရာမှာ လွတ်လပ်စွာ ဘာသာတရားတစ်ခုတည်းမဟုတ်ပါဘူး။ ပြည်သူအားလုံးကိုလည်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ နိုင်ငံရဲ့အခြေအနေတွေမှာ ပါဝင်နိုင်ခွင့်တို့ ရှိရမှာဖြစ်ပါတယ်။ အခွင့်အရေးလို့ပြောရင် တာဝန်ယူမှု၊ တာဝန်ရှိမှု Responsibilities တွေဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ဟာ ကိုယ့်နိုင်ငံအတွက် အခွင့်အရေးနဲ့အတူ တာဝန်ယူမှုရှိရပါမယ်။ တာဝန်ယူမှုဆိုရာမှာ ကျွန်တော်တို့က လူနည်းစုဖြစ်နေရင် လူများစုကြီးအတွက် ရှိရမယ့် တာဝန်ဝတ္တရားတွေ ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် လူများစုကြီးထဲက လူတစ်ယောက်ဖြစ်နေရင် လူနည်းစုလေးပေါ်မှာ ရှိအပ်တဲ့တာဝန်ယူမှုဆိုတာလည်း ရှိရပါမယ်။ လူမှုအဖွဲ့အစည်းအတွက် အရေးကြီးတဲ့ တတိယမြောက်နိယာမတစ်ခုကတော့ Respect လို့ခေါ်တဲ့ အလေးထားမှုဖြစ်ပါတယ်။ အလေးထားမှုဆိုရာမှာ တစ်ဦးနဲ့တစ်ဦး ပုတ်ခတ်ခြင်း၊ နိမ့်ကျသေးသိမ်အောင်ပြုလုပ်ခြင်းတို့ မရှိအပ်ပဲ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိရမှာဖြစ်ပါတယ်။ လူမှုဆက်ဆံရေး အလေ့အထတွေမှာ အလေးထားမှုဆိုတာ ပါဝင်မနေရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြားမှာ ယုံကြည်မှု၊ လေးစားမှု ပျက်စီးသွားမှာဖြစ်ပါတယ်။ အတိုချုံးကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုမှာ အတိုင်းအတာတစ်ခုထိ ဟန်ချက်ညီမှု၊ ငြိမ်းချမ်းမှုအတွက် အရေးကြီးတဲ့အကြောင်းအချက် ၃-ခုက လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ အလေးထားမှု ဆိုတာကို အလေးအနက်ပြုဖို့ လိုပါတယ်။

Tuesday, September 03, 2013

သူငယ်ချင်း

Fri
သူငယ်ချင်းလို့
ခေါင်းစဉ်တပ်ထားခဲ့တဲ့
ဇာတ်လမ်းလေး တစ်ပုဒ်ထဲမှာပေါ့လေ
သူငယ်ချင်းဆိုသူ
သူတစ်ယောက်အတွက် ကျန်တယောက်က
အသည်းကွဲစရာရှိလို့ အသည်းကွဲသင့်ပါသလား???

သူငယ်ချင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ
စိတ်ကူးအိမ်မက်အရာရာဟာ
လေထဲက တိမ်တွေလို
တဖြည်းဖြည်းလွင့်မျောပြီပေါ့။

Friday, August 23, 2013

ပရဟိတနှင့်လူငယ်

 ပရဟိတနှင့်လူငယ်

ဦးထူးချစ်(MD - သပြေပညာရေးဖောင်ဒေးရှင်း)


ကိုယ့်ရဲ့ လုပ်ငန်းတွေကို ပျက်စီးအောင် ဖျက်ဆီးနိုင်သူဟာ ကိုယ် ကိုယ်တိုင်ပဲဖြစ်တယ် .... ကိုယ်နားလည် တတ်ကျွမ်းတဲ့ပညာကို တခြားသူကို မျှဝေဖို့လည်း လိုတယ် .... ။


ပရဟိတ(လူမှုရေး)လုပ်ငန်းတွေဘာ ဘယ်ဘာသာမှာပဲဖြစ်ဖြစ် ထင်ထင်ရှားရှားရှိခဲ့ဖူးတယ်။
ကိုယ်တိုင် အနေနဲ့ရော ပရဟိတဆိုတာကို ဘယ်လိုနားလည်လဲ။ ဘာတွေက ပရဟိတလုပ်ငန်းလို့ ထင်လဲ ... ?

ပရိဟတလုပ်ငန်းဟာ ကိုယ့်ဝန်းကျင်၊ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်မှာ မလုပ်နိုင်ရင်တောင် ကိုယ့်အိမ် ကိုယ့်မိသားစုကို serve လုပ်ပေးတာလည်း ပရဟိတ .... !

Thursday, August 22, 2013

၂၀၁၃-ခု မွေးနေ့အမှတ်တရ

birthday

1979-ခုနှစ် August လရဲ့ နေ့တစ်နေ့ဖြစ်တဲ့ (22)ရက်နေ့ ... အဲ့ဒီနေ့ညမှာ မိုးတွေသည်းထန်စွာ ရွာနေတယ်။

အဲဒီည အဲ့လို မိုးတွေသည်းနေတဲ့အချိန် မန္တလေးမြို့ ၈၄-လမ်းပေါ်က ပုဂ္ဂလိက ဆေးတိုက်တစ်ခုအတွင်းမှာ ကလေးလေးတစ်ယောက်ဟာ လူသားတစ်ယောက်အဖြစ် လူ့လောကကြီးထဲကို ၀င်ရောက်လာခဲ့တယ်။ အဲ့ဒီကလေးလေးကို ငေးကြည့်ရင်း ကြည်နူးနေတဲ့ မျက်နှာ၊ ဆံပင်နဲ့ လူတစ်ကိုယ်လုံးမှာ မိုးရေစက်တွေ ခိုတွဲနေပေမယ့် ကလေးလေးကို ကြည့်ရင်း ပျော်ရွှင်နေတဲ့မျက်နှာ ... အဲဒီ မျက်နှာ ၂-ခုလုံးက ကလေးလေးရဲ့ မျက်နှာမှာ အကြည့်ချင်းဆုံပြီး ကြည်နူးနေကြတယ် ... အဲဒီမျက်နှာ ၂-ခုရဲ့ ပိုင်ရှင်တွေကတော့ ကလေးလေးရဲ့ မိခင်နဲ့ ဖခင်ပါ။

ဒီအချိန်မှာပဲ ဆေးတိုက်ကို ဖုန်းဝင်လာပြီး သမီးရဲ့ မွေးစကလေးလေး သူ့မြေးလေးကို ၀မ်းသာအားရ မေးလာပြီး မာလာဆိုတဲ့အဓိပ္ပါယ်ဟာပန်းလေးတစ်ပွင့်ပါ။ အဲ့ဒီ ပန်းကလေးရဲ့ အစိတ်အပိုင်းလေးတစ်ခုအဖြစ် ဒီကလေးလေးရဲ့ နာမည်မှာ ၀တ်ရည်ဆိုတာ ပါအောင် ထည့်ပါလို့ ဆိုလာတဲ့ ကလေးလေးရဲ့ လမ်းပြကြယ်ဖြစ်လာမယ့် အဖိုးဖြစ်သူပေါ့ .......... ။

Saturday, August 10, 2013

စည်သူမောင်(တ.က.သ)နဲ့ စကားဝိုင်း

STM

စည်သူမောင်(တ.က.သ)နဲ့ Sunday talk စကားဝိုင်းလေးမှာ ကိုစည်သူမောင်က "လူငယ်တစ်ဦးနှင့် သူရွေးချယ်သော အနာဂတ်"ခေါင်းစဉ်နဲ့ သူ့အတွေ့အကြုံကို မျှဝေ ဆွေးနွေးပေးပါတယ်။ သူ့အတွေ့အကြုံမျှဝေရင်း ကျန်တဲ့ မောင်နှမတွေကလည်း ပြန်လည်မေးမြန်းကြရင် ကိုယ့်အတွေ့အကြုံတွေမျှဝေရင်း လူငယ်တွေအတွက် အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းလေးဖြစ်ခဲ့ပါတယ်။

  • နိုင်ငံရေးလုပ်ဖို့ ဘယ်လိုသတ္တိရှိဖို့လိုလဲ မေးတော့ ..... သတ္တိလို့ပြောတဲ့အခါ အကြောက်တရားနဲ့ ဆက်စပ်နေတာလည်း ရှိတယ်။ ကြောက်လို့ သတ္တိဆိုတဲ့စိတ်ကို မွေးရတာလည်း ဖြစ်နိုင်တယ်။  

Sunday, August 04, 2013

လုပ်ငန်းခွင်ထဲက ဘ၀ အတွေ့အကြုံ သင်ခန်းစာတွေ

workexperience
"ဘယ်နေရာ ဘယ်ပဲလုပ်ရ လုပ်ရ အကောင်းဆုံးလုပ်ပါဆိုတဲ့ ဆုံးမစကား" ပို့စ်လေးကိုဖတ်ပြီး ပြန်မျှချင်လာလို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။
ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ရဖူးတယ် .... ၁၀-တန်းဖြေပြီးပြီးချင်း အောင်စာရင်းတောင် မထွက်သေးဘူး အသက်က ၁၆-နှစ် စွန်းစွန်းပေါ့။ လုပ်ငန်းခွင်ထဲ ရောက်သွားတယ်။ အဲ့ဒီအချိန်က ကွန်ပျူတာတွေ စခေတ်စားတဲ့အချိန်၊ ကွန်ပျူတာ စာစီစာရိုက်တွေပေါ့။ ကျွန်တော်အလုပ်ဝင်တဲ့ဆိုင်က ကွန်ပျူတာစာစီစာရိုက်-မိတ္ထူဆိုင်။ စစချင်းလုပ်တော့ သူများတွေ ၀င်ဝင်ချင်း လစာ ၇၀၀ိ/- ရပေမယ့် ကျွန်တော့်ကိုတော့ အဖေရဲ့အသိကတဆင့်မို့ ၁၀၀၀ိ/-ပေးခဲ့တယ်။

မိတ္ထူကူးတာသင်ပေးတယ်။ ကျွန်တော်သင်ရင်း လက်နှိပ်စက်ရိုက်တဲ့ အစ်မကြီးကို အားကျတော့ သူနဲ့ခင်ပြီး သူ့ဆီကနေ လက်နှိပ်စက် ရိုက်တာ သင်တယ်။ နောက် ကွန်ပျူတာခန်းထဲကလူတွေကို အားကျတော့ အဲ့ဒီက လူတွေနဲ့ခင်ပြီး သူတို့ ကွန်ပျူတာရိုက်တာကို ဘေးကနေ ထိုင်ကြည့်တယ်။ ကျွန်တော်သိချင်တာမေးရင် သူတို့တွေက ပညာပြတာ ကောင်းကောင်းခံရတယ်။ ကွန်ပျူတာရိုက်ရတာ လက်ညောင်းလို့ နှိပ်ပေးပါလားဆိုတာကြောင့် အဲ့ဒီ အစ်မတွေကို လက်တွေကို နှိပ်ပေးဖူးတယ်။ နှိပ်ပေးရင်း ကျွန်တော် သိချင်တာတွေ မေးခဲ့တယ်။ အဲ့ဒီမှာလုပ်နေရင်းနဲ့ ကျွန်တော် ကွန်ပျူတာအခြေခံသင်တန်းတက်တယ်။ သိချင်တာတွေကိုတော့ ခုနကပြောသလိုကျွမ်းကျင်တဲ့အစ်မတွေကို အောက်ခြေသိမ်းလုပ်ပေးရင် ကျွန်တော်သင်ယူခဲ့ရတယ်။
မိတ္တူ ကျွမ်းကျွမ်းကျင်ကျင်တတ်ချင်လို့ မေးပေမယ့် သူက ပညာပြတယ်။ သူလုပ်တာကို ကျွန်တော်ကြည့်နေရင် ကျွန်တော့်ကို မျက်စိလည်အောင် အမျိုးစုံလုပ်ပြတယ်။ နောက်ဆုံးဘာလုပ်ရသလဲဆိုတော့ သူ အလုပ်လုပ်နေရင် ခပ်ဝေးဝေးမှာနေပြီး အဝေးကနေ လှမ်းကြည့်တယ်။ စာကူးစက်လှည့်တာကိုလည်း အဲလိုနည်းနဲ့ ပညာရအောင်ယူတယ်။

ဆိုင်ရှင်က စာရေးကိရိယာဆိုင်ပါ တွဲဖွင့်ထားတော့ တစ်ခါတစ်ခါ အဲ့ဘက်က အရောင်းစာရေးမတွေမလာရင် ကျွန်တော်က သွားပြီး ဈေးရောင်းပေးရတယ်။ (ကျွန်တော် စိတ်မ၀င်စားဆုံးက ဈေးရောင်းရတဲ့အလုပ်)။ ဒါပေမယ့် ကျွန်တော် သည်းခံပြီးလုပ်ပေးတယ်။ ကျွန်တော့်အတွက် ပညာတိုးလာခဲ့တယ်။

နောက်တစ်ခါ သူက လ္ဘက်ရည်ဆိုင်ပါ ဖွင့်ပြန်တယ်။ အဲဒီ လ္ဘက်ရည်ဆိုင်ကိုလည်း ညနေဘက်တွေဆို ကျွန်တော့်ကို လွှတ်တယ်။ ကောင်တာမှာ သွားထိုင်ပေးရတယ်။ ပြီးတော့ တစ်နေကုန်စာ ငွေသိမ်းရတယ်။ လ္ဘက်ရည်ဆိုင်က ၀န်ထမ်းတွေ (မန်နေဂျာမှအပ)ကို သူတို့ကိစ္စတွေကို စီစဉ်ပြောပြပေးရတယ်။ ကျွန်တော် မလုပ်ချင်ဆုံး (လ္ဘက်ရည်ဆိုင် ကောင်တာထိုင်တဲ့)အလုပ်ကို လုပ်ခဲ့ရတယ်။ ဒါပေမယ့် လ္ဘက်ရည်ဆိုင်တစ်ဆိုင်အတွက် စီမံခန့်ခွဲမှု ကျွန်တော်တော်နည်းနည်း နားလည်သွားတယ်။

နောက်ပိုင်းကျတော့ ဆိုင်ရှင်က မိတ္ထူ၊ ကွန်ပျူတာစာစီစာရိုက်၊ စာကူးစက်၊ စာရေးကိရိယာဆိုင်ခွဲ အသစ်ဖွင့်တော့ အဲ့ဒီတစ်ဆိုင်လုံးကို ကျွန်တော့်ကို လုံးဝ ဦးစီးခိုင်းတယ်။ ကျွန်တော့် ကိုယ်ပိုင်ဆိုင်တစ်ခုလိုသတ်မှတ်ပြီး ကျွန်တော် လုပ်ခဲ့တယ်။ နောက် ဆိုင်ခန်းနေရာ နှစ်ပြည့်တော့ ဆိုင်အဟောင်းကိုပဲ တိုးချဲ့ဖွင့်တယ်။ လူတွေလည်း တအားများလာတယ်။ အဲဒီမှာ သူက လ္ဘက်ရည်ဆိုင်ဘက်ကို ကျွန်တော့်ကို လုံးဝဦးစီးပြီးလုပ်ခိုင်းတော့တဲ့အခါ ကျွန်တော့်အတွက် ပညာရမယ့်ကိစ္စရပ်မဟုတ်တာရယ်၊ ကျွန်တော် လုံးဝမလုပ်ချင်ဆုံး အလုပ်ဖြစ်တော့ အဲ့ဒီကနေ ကျွန်တော် အလုပ်ထွက်လိုက်တယ်။ အသက် ၁၆-နှစ်စွန်းစွန်းမှာ စလုပ်ခဲ့တဲ့ လုပ်ငန်းကနေ ၁၈-နှစ် မပြည့်ခင်မှာ အတွေ့အကြုံတွေ အများကြီးရလိုက်တယ်။

အဲဒီအချိန်မှာ တစ်ခြားအလုပ်တစ်ခုရှာရင်း အော့ဖ်ဆက်တစ်ခုမှာ ကွန်ပျူတာစာစီစာရိုက်လုပ်ဖို့ လူလိုတယ် ဆိုတာကြောင့် ဦးလေးကတဆင့် ဆက်သွယ်ပေးလို့ အဲ့ဒီမှာ အလုပ်ဝင်လုပ်ဖြစ်တယ်။ ကိုယ်လုပ်တတ်တာက စာရွက်တွေလောက်ပဲ ရိုက်တတ်တာ။

စာအုပ်ပုံစံတွေ ရိုက်တာကို အဲ့ဒီက ပြပေးတယ်။ ဆိုင်ရှင်ဦးလေးရဲ့သားက ကွန်ပျူတာ ဒီဇိုင်းဆွဲတော့ သူဆွဲရင်ဘေးကနေ  ထိုင်ကြည့်တယ်။ သူကလည်း ပြပေးတယ်။ တစ်ခါတစ်လေ သူမရှိရင် ကျွန်တော် လုပ်တတ်အောင် သင်ပေးတယ်။ နောက် သူက ရန်ကုန်မှာကျောင်းတက်ရတော့ သူကျောင်းသွားတတ်တဲ့အချိန် ကျွန်တော့်ဘာသာ ကျွန်တော် ဒီဇိုင်းဆွဲကြည့်တယ်။ ကျွန်တော်ဆွဲတဲ့ ဒီဇိုင်းကို သူကြည့်ပြီး လိုအပ်တာ သင်ပေးတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလို ကျွန်တော် သဘောထားပြီး လုပ်ခဲ့တယ်။ နောက်ပိုင်း တစ်ဆိုင်လုံးမှာ ကျွန်တော် ဦးဆောင်ပြီးလုပ်ပေးလာရတယ်။ လူသစ်တွေ ၀င်လာရင်လည်း ကျွန်တော်ကပဲ တဆင့် ပြန်သင်ပေးရတယ်။ အဲ့ဒီမှာ လုပ်ရင်း ကျွန်တော်ဝါသနာပါတဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ၊ စာကြည့်တိုက် ဒီပလိုမာ၊ တခြား သင်တန်းတွေကို ကျွန်တော် အချိန်ပိုင်းညှိပြီး တက်ခဲ့တယ်။

ကျွန်တော့်ကို သူတို့မိသားစုလိုသဘောထားပြီး လုပ်ငန်းတစ်ခုလုံးကို ဦးဆောင်စေခဲ့တယ်။ လုပ်ငန်းတွေကိုလည်း ကျွန်တော်နားလည်ခဲ့တယ်။ နောက်ပိုင်း ကျွန်တော်စေတနာ့ဝန်ထမ်းလုပ်ငန်းတွေလုပ်ရင်း အလုပ်က နားလိုက်တယ်။ ကျွန်တော် အလုပ်က ထွက်ဖို့ ခွင့်တောင်းတော့ ပေးမထွက်ချင်ပေမယ့် ကျွန်တော့်တက်လမ်းအတွက်ဆိုပြီး ဆိုင်ရှင်က ခွင့်ပြုခဲ့တယ်။ ဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော့်ကို သူတို့ဆီ ပြန်လာလုပ်ဖို့ပြောတယ်။ အသက် ၁၈-နှစ် မပြည့်ခင် ၀င်ခဲ့တဲ့ အလုပ်မှာ အသက် ၂၅-နှစ်လောက်ထိ လုပ်ခဲ့တယ်။ လူပေါင်းစုံနဲ့ ပြောဆိုပေါင်းသင်းလိုက်ရတာရယ်၊ အလုပ်လုပ်နေရင်း တခြား အဖွဲ့အစည်းတွေမှာပါဝင်ခဲ့တာတွေရယ်ကြောင့် ရလိုက်တဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ လူ့သဘော လူ့မနောတွေက ဘ၀မှာ တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။

အဲဒီကနေ နားပြီး ၁-နှစ်လောက်အကြာမှာ NGO လောကထဲ ကျွန်တော်ရောက်ခဲ့တယ်။ စစချင်းတော့ အောက်ခြေ၀န်ထမ်း

Outreach worker အနေနဲ့ ၂-နှစ်လုပ်ခဲ့တယ်။ အဲ့ဒီ ၂-နှစ်တာကာလမှာ အလုပ်ကို အောက်ခြေသိမ်းကအစ အကုန် လိုက်လုပ်တယ်။ Project ရဲ့ အကြီးတာဝန်ခံဖြစ်တဲ့ Project Manager(PM) မှ Senior Project Officer(SPO), Junior Project Officer (JPO) တို့ရဲ့ ချစ်ခင်မှုရခဲ့တယ်။ SPO ဆရာမက သူလုပ်တဲ့ကိစ္စမှန်သမျှကို ကျွန်တော့်ကို ကူခိုင်းတယ်။ ကျွန်တော် ကူပေးရတယ်။ Budget Plan တွေက အစကူလုပ်ပေးရတယ်။ အဲဒါတွေ ကျွန်တော် လုပ်တတ်လာတယ်။ JPO ခရီးသွားတဲ့အခါ/ခွင့်ယူတဲ့အခါတွေမှာ JPO ရဲ့ တာဝန်တွေ ကျွန်တော့်ကို လွှဲခဲ့တယ်။ ကျွန်တော် တာဝန်ယူပြီးလုပ်ပေးခဲ့တယ်။ ကိုယ့်တာဝန်မဟုတ်ပေမယ့် ကျွန်တော့်ကို ပေးလာတဲ့တာဝန်ကို ကျွန်တော် အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်။ အဲဒါတွေရဲ့ ရလဒ်က လုပ်ငန်းတွေကို ကျွန်တော် နားလည်လာခဲ့တယ်။ နောက်တခြား NGOကိုထပ်ပြောင်းတဲ့အခါ အလုပ်ဝင်ပြီး မကြာခင် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတချို့မှာ Team Leader အဖြစ် တာဝန်ပေးခံရတယ်။ နာဂစ်ဒေသမှာ ၁-လလောက် လုပ်ပေးခဲ့ပြီး နောက်ပိုင်း အဖွဲ့ကို ပြန်ရောက်ပြီးချိန်မှာ Team Leader ဖြစ်လာခဲ့တယ်။

အဲဒီ NGO က နားသွားတဲ့အချိန်မှာ တခြား NGO ကို လျှောက်တော့ Program Coordinator (PC) အဖြစ် အလုပ်ဝင်ခဲ့ရ ပြန်တယ်။ PC အနေနဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ အလုပ်ထဲမှာ အတိုက်အခိုက်တွေ၊ အတွန်းအကန်တွေ၊ ဖိအားတွေကို ရုန်းကန်ကျော်လွှားရင် community အတွက်ဆိုတဲ့စိတ်နဲ့ အများကြီး လုပ်နိုင်အောင် လုပ်ခဲ့တယ်။ ဘ၀တလျှောက်လုံးမှာ လူတွေအကြောင်း၊ စိတ်ဓါတ် အဆင့်အတန်းမရှိတဲ့ အကြောင်း၊ မနာလို ၀န်တိုစိတ် များတတ်တဲ့အကြောင်း၊ ခွဲခြားဖိနှိပ်မှုတွေရှိတတ်တဲ့စိတ်ဓါတ်တွေအကြောင်း၊ အလွဲသုံးစားမှုတွေကို မရှက်မကြောက် လုပ်တတ်/လုပ်ရဲတဲ့စိတ်ဓါတ်တွေရှိကြတာ ကောင်းကောင်းသိလာခဲ့ရတဲ့ အချိန်ကာလကို ပြပါဆိုရင် ဒီ NGO မှာ လုပ်ခဲ့တဲ့ အချိန်ကာလပေါ့။ သူများ မိုးခါးရေသောက်တာကို လိုက်မသောက်ပဲ ရှောင်နိုင်အောင် ကြိုးစားရင်း၊ ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်လာမယ့် ကိစ္စတွေကို မနည်းကြိုးစား ရုန်းကန်ရှောင်ရှားရင်း စိတ်ဓါတ်အဆင့်အတန်းမရှိသူတွေနဲ့ လွတ်ကင်းအောင် ကြိုးစားခဲ့ရတဲ့ အချိန်ကာလက လွတ်မြောက်မှုတစ်ခုမှာ ခံစားရတဲ့ ပီတိက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရခဲ့ဘူး။

ဒါပေမယ့် ဘ၀အတွက် သင်ခန်းစာတွေလည်း အများကြီး ရလိုက်ပါတယ်။ အတွေ့အကြုံတွေလည်း အများကြီးရလိုက်ပါတယ်။

ကျွန်တော်ပြောချင်တာကလည်း ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ် ..... ကျွန်တော်လည်း အမြဲတမ်း အဲ့လို ခံယူထားပါတယ်။ ကျွန်တော် မလုပ်ရင် အရှင်းမလုပ်ဘူး။ လုပ်ရင်တော့ အကောင်းဆုံးကို မျှော်လင့်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။
ဒါကတော့ ၁၉၉၆-ခုနှစ်ကနေ ၂၀၁၂-ခုနှစ်ထိ (၁၆)နှစ်တာ ကာလအတွင်း ကျွန်တော် ကြုံခဲ့ရတဲ့ လုပ်ငန်းခွင် အတွေ့အကြုံပေါ့။ စာရေးပြထားတာထက် အများကြီး အတွေ့အကြုံဆုံခဲ့ပါတယ်။ တစ်ချိန်ချိန်များ ကြုံကြိုက်တိုက်ဆိုင်ရင်တော့ စာပေဟောပြောပွဲတက်ပြီး အတွေ့အကြုံတွေကို မျှဝေချင်ပါသေးတယ်။


ဘယ်နေရာ ဘယ်ပဲလုပ်ရ လုပ်ရ အကောင်းဆုံးလုပ်ပါဆိုတဲ့ ပို့စ်လေးဖတ်ပြီး ရေးဖြစ်သွားတယ်။

Tuesday, July 30, 2013

ဒေါက်တာမြတ်ထူးရာဇတ်(MBBS,MPH,PhD)ရဲ့ မှတ်သားမိတဲ့စကားများ


*   တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ် မလုပ်နိုင်ဘူး ... ပွင့်ပွင့်လင်းလင်း မဆွေးနွေးနိုင်ဘူးဆိုရင်တော့ ဘယ်တော့မှ မအောင်မြင်ဘူး ........... ။
* ခေါင်းဆောင်ဆိုတဲ့သူတွေဟာ လူထုထက်ပိုပြီး ဒုက္ခခံရတယ်။ လူထုထက်ပိုပြီး အလုပ်လုပ်နိုင်ရမယ်။ တချိန်တည်းမှာ လူထုကို အမြဲကိုယ်စားပြုပြီး လူထုကို ရှေ့တန်းတင်နိုင်တဲ့သူဖြစ်ရမယ်။ ခေါင်းဆောင်လုပ်မယ့်သူတွေက လူထုအကြောင်းကို ပိုနားလည်ရမယ်။
* ကိုယ့်ရဲ့ခေါင်းဆောင်ကောင်းဆိုတာ လူထုကနေ ပေါ်လာတာ။ ခေါင်းဆောင်ဆိုတာ ပြည်တွင်းမှာပဲ ရှိတာ။

Wednesday, July 17, 2013

မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်

မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ် (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)

အမ်တူးအေ

၁၈၉၈-ခု ၊ ဇန်န၀ါရီလ ၂၀-ရက်နေ့မှာ လူသားတစ်ဦး ကမ္ဘာမြေကို ဖွားမြင်ရောက်ရှိလာတယ်။ သူ ရောက်ရှိလာရာ ဇာတိချက်ကြွေမွေးရပ်မြေက မြန်မာနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့ဖြစ်တဲ့ မိတ္ထီလာဆိုတဲ့ မြို့လေးမှာဖြစ်တယ်။ တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ငြိမ်းလှ ဆိုတဲ့ အစ္စလာမ်ဘာသာဝင် မိဘ ၂-ပါးရဲ့ သားသမီး ၁၃-ယောက်အနက် စတုတ္ထမြောက် သားအဖြစ်နဲ့ မွေးဖွားခဲ့ခြင်းပါ။ မောင်မောင်ကြီးဟု နာမည်ရှိခဲ့ပေမယ့် ရာဇတ်လို့သာ နာမည်တွင်ခဲ့ပါတယ်။
ငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန် ကျောင်းမှာ စာသင်ခဲ့ရပြီး ပညာရေးထူးချွန်တာကြောင့် အတန်းကျော်ပြီး တက္ကသိုလ်ဝင်တန်းကို တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၁၂-ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်။ ကောလိပ်သိပ္ပံကျောင်း အိုင်အေအထက်တန်းတက်နေချိန်မှာပဲ အင်္ဂလိပ်စာ စာစီစာကုံး ပထမဆုရရှိပြီး Bhai Meah ရွှေတံဆိပ်ဆုရရှိခဲ့တယ်။ ရှမ်းပြည်နယ်မှ ၃၆-ကောင် ထီအကြောင်း ဆောင်းပါးရေးပြီး အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းကို ပေးပို့ခဲ့ရာမှာလည်း ပထမတန်း ဆောင်းပါးဆု ရရှိခဲ့ပြန်ပါတယ်။ ပညာရေးမှာသာမက အားကစားဘက်မှာလည်း ထူးချွန်လှသည့်အတွက် ခရစ်ကတ်၊ ဘောလုံး၊ တင်းနစ်၊ လက်ဝှေ့ စတဲ့ အားကစားတွေမှာ တက္ကသိုလ်က သတ်မှတ်ပေးတဲ့ Blue အဆင့်ရရှိခဲ့ပြီး ဘောလုံးမှာတော့ College First Player တစ်ဦးဖြစ်ခဲ့သူပါ။

Wednesday, July 10, 2013

စိုးထိတ်မှုရဲ့ တခြားဘက်မှာ


ဒီနေ့ ကိစ္စတစ်ခုကြောင့် အပြင်သွားဖြစ်တယ် ... အပြန်မှာ ဘတ်စ်ကားပေါ်တက်လိုက်တော့ ကား ခေါင်းခန်းဘက်ကို ရောက်သွားတယ်။ ထိုင်စရာနေရာလည်း မရတာကြောင့် မတ်တပ်ရပ်နေလိုက်တယ် ...
ပြန်လာတဲ့ခရီး သုံးပုံနှစ်ပုံလောက်လည်း ရောက်ရော ကားပေါ်ကို ဘုန်းကြီး ၂-ပါး တက်လာတယ်။ ဘုန်းကြီး ၂-ပါးကလည်း ကားအရှေ့ပိုင်းကို လာလိုက်တယ်။ အရှေ့က ထိုင်ခုံတွေမှာလည်း လူတချို့တိုင်နေကြတော့ ဘုန်းကြီးတွေက ကျွန်မဘေးမှာ လာရပ်မိသွားတယ်။ အဲဒီအချိန်မှာ .... 'ဘုန်းကြီးတွေနဲ့ ဝေးဝေးမှာ သွားနေလိုက်။ မတော်တဆ ထိခိုက်မိလိုက်ရင် ကုလားမက ဘုန်းကြီးကို ပြဿနာရှာတယ် ဖြစ်ဦးမယ်'ဆိုတဲ့ အတွေးဆည်းလည်းက ခေါင်းထဲမှာ လှုပ်ရမ်းသွားတယ်။ ကျွန်မလည်း မသိမသာပဲ ဘုန်းကြီးတွေနဲ့ ဝေးအောင် တဘက်ကို တိုးသွားလိုက်တယ်။


အဲဒီအချိန်မှာပဲ ဘတ်စ်ကားစပါယ်ယာက ကားနောက်ပိုင်းကနေ လှမ်းအော်တယ် ... 'သံဃာတွေ ကားပေါ် ကြွလာပါတယ်၊ ရှေ့က ခုံမှာထိုင်နေကြသူများ ၉၆၉ တွေကို နေရာဖယ်ပေးခြင်းအားဖြင့် ကုသိုလ်ယူကြပါ"တဲ့။ ကျွန်မ တော်တော်အံ့သြသွားတယ် .... သြော် ... မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေဆိုတာ ၉၆၉ တွေလို့သတ်မှတ်ထားကြပြီပဲ ... ဒါဆို နောက်များမှာ ဘုန်းကြီးဆိုရင် ၉၆၉ ပဲ ခေါ်ကြတော့မယ့် အခြေအနေဖြစ်နေပြီပဲ လို့လည်း အတွေးဝင်မိတယ် ..... ။

Monday, July 01, 2013

ကိုယ်ကိုယ်တိုင်ပဲ စိတ်ဓါတ်တွေကို အရင်ဆုံး စတင်ပြုပြင်ဖို့လိုပါတယ်


  • ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ အများတိုးတက်ဖို့ တကယ်ကို လုပ်ဆောင်ပေးချင်တယ်ဆိုရင် ကိုယ်တိုင်ရဲ့ စိတ်ဓါတ်ကို အရင်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုပါတယ် ............

  • လူ့အဖွဲ့အစည်းအကျိုးရှိဖို့ လုပ်ဆောင်တယ်ဆိုတာ ...... ကိုယ့်အကျိုး စီးပွားရေးလုပ်သလို အရှုံးအမြတ်တွက်စရာမလိုပါ .... ပြိုင်ပွဲတစ်ခုလို အနိုင်အရှုံး တွက်စရာမလိုပါ .... ကစားပွဲတစ်ခုလို အကွက်ရွှေ့စရာမလိုပါ ............

  • မျှတတဲ့ အောင်မြင်စေလိုစိတ်တော့ ထားရှိရပါမယ် ....

Saturday, June 15, 2013

တောင်းပါ သူပေးမည်

တောင်းပါ သူပေးမည် 

ကျွန်တော်က ခွန်အား ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ကျွန်တော့်ကို သန်မာခိုင်ဖီးလာအောင် အခက်အခဲတွေ ပေးခဲ့တယ်။

ကျွန်တော်က ဉာဏ်ပညာ ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ဖြေရှင်းနိုင်စွမ်းတွေရှိလာဖို့ ပြဿနာတွေ ပေးခဲ့တယ်။

ကျွန်တော်က ကြီးပွားချမ်းသာဖို့ လာဘ်လာဘတောင်းတော့ .....
အလ္လာဟ်က အလုပ်လုပ်ဖို့ ကာယနဲ့ ဉာဏစွမ်းအားတွေ ပေးခဲ့တယ်။

ကျွန်တော်က ရဲစွမ်းသတ္တိ ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ရုန်းကန်ကျော်လွှားဖို့ ရန်စွယ် အန္တရာယ်တွေကို ပေးခဲ့တယ်။

ကျွန်တော်က အချစ်မေတ္တာ တောင်းတော့ .....
အလ္လာဟ်က ကူညီဖေးမပေးဖို့လိုနေတဲ့ ဒုက္ခပင်လယ်ဝေနေသူတွေနဲ့ ကျွန်တော့်ကို တွေ့စေခဲ့တယ်။

ကျွန်တော်က မျက်နှာသာပေးဖို့တောင်းတော့ .....
အလ္လာဟ်က ၀ိရိယစိုက်ကာ ကြိုးစားအားထုတ်ပြီး လုပ်အားနဲ့ရယူနိုင်တဲ့ အခွင့်အလမ်းတွေကိုပေးခဲ့တယ်။

ကျွန်တော် လိုချင်တာတွေ ဘာတစ်ခုမှ မရခဲ့ပါဘူး။
ကျွန်တော် လိုအပ်တာတွေတော့ အားလုံးရခဲ့ပါတယ်။
အလ္လာဟ်က ကျွန်တော့်ဆုတောင်းကို ဖြည့်ခဲ့ပါတယ်။

[ဘာသာပြန်သူ - အလ်ဟာဂ်ျဦးအေးလွင်(B.Sc.) - အစ္စလာမ်ဓမ္မဗိမာန်]


Wednesday, June 12, 2013

ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ နည်းဗျူဟာ (Strategic Peace building)



ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ နည်းဗျူဟာ (Strategic Peace building)
Lisa Schirch,
Conflict  Analysis and Resolution ( Ph.D )
George Mason University

ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နည်းဗျူဟာကို အနက်အဓိပ္ပါယ်ဖွင့်ခြင်း
( Defining Strategic Peace building )
ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် ……
  • လွယ်ကူသောအရာမဟုတ်သကဲ့သို့ စိတ်ကူးယဉ်ပြီး ဖြစ်အောင်လုပ်သောအရာတခုလည်း မဟုတ်ပါ ။
  • ပဋိပက္ခကိုအသွင်ပြောင်းလဲခြင်းမျိုးနှင့်လည်း မတူပါ ။
  • ကမ္ဘာစစ်ကြီးအပြီးနောက်ပိုင်း လူ့အဖွဲ့အစည်းတခုအတွက်သာ မဟုတ်ပါ ။
  • အနောက်တိုင်းအတွေးအခေါ် စိတ်ကူးယုံကြည်ချက်များအပေါ် အဓိကထားအခြေခံခြင်း မဟုတ်ပါ ။
  • ပဋိပက္ခကိုမရှောင်ရုံသာမက မတရားမှုများနှင့် အကြမ်းဖက်မှုအသွင်ဆောင်ပြီး စုစည်းဖြစ်ပေါ်လာသော ပဋိပက္ခကိုလည်း မသိကျိုးကျွံမပြုပါ ။
  • ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့်ဆိုင်သောနည်းဗျူဟာသည် ဆက်သွယ်ပေးသော နယ်ပယ်တခုဖြစ်သည်။

Monday, June 10, 2013

မိုးရေထဲမှာ ခဏတာ

မနေ့က နေ့လည်ပိုင်းမှာ ရန်ကုန်မိုးက မေခလာသီချင်းထဲကလို အငြိုးနဲ့ရွာသလား အောက်မေ့ရတယ် .....

Photo Credit >>> google

တစ်ဘက်မှာ အစီအစဉ်တစ်ခုရှိနေပေမယ့် အခြားဘက်ကလည်း meeting ရှိတာ ... အဲဒါကို မသွားဖြစ်တာလည်း တော်တော်ကြာနေတော့ meeting လာပါဦး ... မျက်နှာလေးတော့ မြင်ပါရစေဦးဆိုတဲ့အထိ ပြောလာကြတော့ ... အဲဒီဘက်လည်း ပြေးရတယ် .... မိုးရွာနေတာ မသွားချင်ပေမယ့် အပြေးသွားရတော့တယ် ...

မိုးရွာတော့ လမ်းတွေကလည်း ပိတ်နေတယ် ... မင်္ဂလာဈေးနားလည်းရောက်ရော ကားတွေက ဘယ်လိုမှ မသွားနိုင်အောင်ပိတ်နေတာနဲ့ ခြေကျင်ပဲ လျှောက်သွားလိုက်တော့တယ် ...

ယုဇနပလာဇာရှေ့ လမ်းကျယ်နားလည်းရောက်ရော .... လမ်းပေါ်မှာရေတွေကလျှံနေတာပဲ ... စိတ်တော်တော်ညစ်သွားတယ် ... ဒါပေမယ့် မတတ်နိုင်ဘူးလေ မသွားလို့မှ မဖြစ်တော့တာ ...

Thursday, May 30, 2013

ရဲရဲတောက်မီးလျှံနဲ့ ပြာပုံကြားက တချိန်က ငြိမ်းချမ်းတဲ့ လားရှိုး ...

Lashio

လားရှိုးမြို့ဆိုတာ ဒီလောက် အေးချမ်းတဲ့ မြို့လေးတစ်ခုပါ .... လားရှိုးမြို့ရဲ့ အကွေ့အကောက်လမ်းတွေနဲ့ အိမ်တွေ ဆောက်လုပ်ထားပုံက ကိုရီးယား(TV မှာ မြင်ဖူးတာ)က နေရာဒေသလေးတွေတူတယ် ....

လားရှိုးမြို့အနှံ့ ရောက်ဖူးခဲ့နေရာတွေထဲကမှ ... ဂျာမေ့ဗလီကြီးရှေ့၊ အဲ့ဒီရှေ့က ပန်းသေးထမင်းဆိုင်၊ ဗလီကြီးရှေ့ ကမ္ဘောဇဘဏ်ဘေးလမ်းထဲက အမဲသားလုံးခေါက်ဆွဲဆိုင်၊ လားရှိုးသွားတိုင်း အမြဲတည်းတဲ့ ရထိုက်ဟိုတယ်နဲ့ သူ့ရှေ့က ဆိုင်လေးတွေ၊ အာရဗီစာသင်ကျောင်းကြီးနဲ့ ကျောင်းကြီးအကြောင်းမေးဖူးခဲ့တဲ့ ကျောင်းက တာဝန်ရှိဆရာနဲ့ ကလေးတွေရဲ့ စာသင်ရာနေရာတွေ၊ ရမသွာန်လကြုံတိုင်း ညနေ ဥပုသ်ဖြေလေ့ရှိတဲ့ ရပ်ကွက်(၇)ထဲက ချစ်ညီမများလေးရဲ့ အိမ်၊ မြို့လုံးကျွတ် တမန်တော်နေ့အခမ်းအနားနဲ့ တိုက်ဆိုင်လို့ မြို့လုံးကျွတ်ထမင်းကျွေးတဲ့အချိန် သွားစားဖူးတဲ့ ရပ်ကွက်(၇)က ဗလီနဲ့ အာရဗီစာသင်ကျောင်း၊ ကလေးတစ်ယောက်အိမ်လိုက်ရှာရင်းနဲ့ ရောက်ဖြစ်လိုက်တဲ့ ဘူတာရပ်ကွက်မှာ မြင်ဖူးလိုက်တဲ့ ဗလီနဲ့ မွတ်စလင်မ်အိမ်တချို့၊ တောင်ပေါ်ဘုရားလေးကို သွားရင်း ဖြတ်သွားဖူးတဲ့ မောသီရိတိုးချဲ့ရပ်ကွက်၊ လမ်းပေါ်နေကလေးတချို့နဲ့ ထိုင်စကားပြောဖူးခဲ့တဲ့ သာသနာ့ဗိမာန်ဘေးက ဇရပ်ကြီး၊ လူငယ်သင်တန်းကျောင်းသွားတိုင်း အမြဲဖြတ်သွားနေကျ မြို့တော်ခန်းမ၊ ဆရာတစ်ယောက် brakefast လိုက်ကျွေးဖူးတဲ့ ရပ်ကွက်(၂-၃)ထဲက ခေါက်ဆွဲဆိုင်လေးများ၊ လားရှိုးရောက်ရင် အမြဲတမ်းသွားစားလေ့ရှိတဲ့ အထက်တန်းကျောင်းရှေ့က မာလာဟင်းနဲ့ အကင်ဆိုင်၊ .............

Saturday, May 04, 2013

ကလေးတွေရဲ့အနာဂတ်ကို ဘယ်လိုကြောင့်မှ ရိုက်မချိုးမိပါစေနဲ့



လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တယ်။ ကျွန်မ သူငယ်ချင်းတော်တော်များများက ဆရာ၊ ဆရာမတွေလေ။ အစိုးရကျောင်းက ဆရာမ၊ ဆရာမတွေတော့ မဟုတ်ဘူး။ တချို့ကလည်း ပုဂ္ဂလိကကျောင်းမှာ၊ တချို့ကလည်း ကိုယ်ပိုင် ကျူရှင်လေးဖွင့်ထားတယ်၊ တချို့ကလည်း မူလတန်းကြိုက စပြီးသင်ကြားတာ၊ တချို့ကလည်း guide သဘောမျိုးပေါ့။

အဲဒီမှာ သူငယ်ချင်းတစ်စုပြောရင်း စကားစပ်မိမိစပ်ရာရောက်သွားတာက အခု ၂၀၁၃-ခုနှစ် မတ်လနဲ့ ဧပြီလ အတွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်ခံနေရတဲ့ကိစ္စတွေ ရောက်သွားတယ်။ ဆရာ၊ ဆရာမတွေလည်း ဖြစ်နေတော့ သူတို့ကလေးတွေ (တပည့်လေးတွေပေါ့ ကျွန်မတို့တွေက စကားပြောရင် ငါ့ကလေး သူ့ကလေးလို့ပြောကြတယ်လေ)အကြောင်းရောက်သွားတယ်။

သူငယ်ချင်းတစ်ယောက်က သူစာသင်ပေးနေတာက မူလတန်းအရွယ်ကလေးတွေလေ။ အခုက နွေရာသီဖြစ်တော့ နွေရာသီစာသင်ဝိုင်းလေးဖွင့်ထားတာ။ တစ်နေ့ကျ ကလေးတွေ ကစားချိန်မှာ ကစားခွင့်ပေးတော့ ကလေးတွေက အချင်းချင်းကစားကြမယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကစားနည်းတွေရွေးရင်း အများသဘောတူသွားတာက ‘ဖိုက်တင်ပလေးတမ်းကစားမယ်၊ အဖွဲ့လိုက် ချကြမယ်၊ ကုလားနဲ့ဗမာ ချတမ်းကစားမယ်၊ ကုလားဘက်က သေကြ’တဲ့လေ။ အဲဒီစကားကြားလိုက်ရတော့ ကျွန်မသူငယ်ချင်းလည်း ချက်ချင်းပဲ ကလေးတွေကို အဲလိုနည်းလမ်းမကစားရကြောင်းနဲ့၊ ကုလားနဲ့ဗမာ အဲလိုဖြစ်စရာမလိုပဲ အချင်းချင်းအတူတူ ညီညွတ်ကြဖို့ဆိုတာတွေကို ကလေးတွေ နားလည်အောင် ပြောပြရင်းတစ်ခြား ကစားနည်းကို ပြောင်းစေလိုက်ရတယ်။ အဲဒီမှာ ကျွန်မတို့ ပြောဖြစ်ကြတယ်။ အခုဖြစ်နေတဲ့ အကြမ်းဖက်ခံကိစ္စတွေဟာ ကလေးတွေရဲ့ သိစိတ်မှာရော မသိစိတ်မှာပါ စွဲထင်သွားခဲ့ပြီ။

Sunday, April 28, 2013

ကြည်လင်၊အေးမြ၊ကျေနပ်စွာ ရှေ့ဆက်မည်


အချို့ က ဆိုကြပါသည်။
“စမ်းချောင်းတစ်ခု သည် အာရုံခံစားမှုတို့ ရှိရန် မလိုအပ်၊ စီးဆင်းတတ်ရန်သာ လိုသည်” တဲ့။
ကျွန်တော်သည် စမ်းချောင်းတစ်ခုသာဖြစ်ပါသည်။ ထို့အတွက် ကျွန်တော် မနေမနား စီးဆင်းခဲ့ပါသည်။
ကျွန်တော့်ကျောပေါ်တွင် တစ်ခါတရံ ပန်းပွင့်ကလေးတို့ လိုက်ပါတတ်၍ ကျွန်တော့်ဝမ်းအောက်တွင်မူ ကျောက်စရစ်ပွင့်တို့ လိုက်ပါတတ်ပါသည်။
ကျွန်တော့်ရင်ခွင်ထဲ၌ မြူးတူးကူးခပ်သောအဏ္ဏဝါငယ်တို့ ကို မြင်ရသောအခါ ကျွန်တော်...ဝမ်းမြောက် ကြည်နူးတတ်၍
လှည့်ဖျားတတ်သော ချိတ်ဖျား၌ ဇီဝိန်ကြွေရလေသောရွှေငါးလေးတို့ကို မြင်ရသောအခါတွင်မူ ကျွန်တော်...လွန်စွာ နာကျင်ကြေကွဲရပါသည်။
မည်သို့ ဆိုစေ...

Wednesday, April 24, 2013

မျိုးရိုးက အထက်တန်းစားတွေ

ပြီးခဲ့တဲ့လက မိတ္ထီလာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ ဓါတ်ပုံတွေ၊ ဗီဒီရိုဖိုင်တွေ တစ်ခုပြီးတစ်ခုဟာ ဒီတစ်လောမှာထွက်ပေါ်လာခဲ့တယ်။

အဲဒါတွေကို ကြည့်ပြီး ကျွန်မတော်တော်လေးကို စိတ်မကောင်း ၀မ်းနည်းကြေကွဲမိတယ်။ ပြီးတော့ ကျွန်မ ရှက်မိတယ်။ ၀မ်းနည်းတာရော ရှက်တာရောအတွက်လည်း နာကျင်မိတယ်။

အပြစ်မဲ့ကလေးတွေ သတ်ခံရတယ်၊ အပြစ်မဲ့သူတွေ သတ်ခံရတယ်၊ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ စွန့်ပစ်လိုက်ရတယ်။ သာသနိက အဆောက်အအုံတွေ ဖျက်ဆီးခံရတယ်။ အဲဒါတွေအတွက် ကျွန်မ အလွန်ကို ၀မ်းနည်းကြေကွဲမိပါတယ်။

နောက်တစ်ခုက တမင်သက်သက် လုပ်ကြံဖန်တီးတဲ့ အကြမ်းဖက်မှုမှာ ပါဝင် အကြမ်းဖက်နေကြသူတွေအားလုံးဟာ ဗုဒ္ဓဘာသာ ဗမာလူမျိုး မြန်မာနိုင်ငံသားစစ်စစ် ဖြစ်နေတဲ့အတွက် ကျွန်မရှက်မိတယ်။
မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တဲ့ကျွန်မအနေနဲ့ ကျွန်မရဲ့ အမိမြန်မာနိုင်ငံကို ကျွန်မချစ်မြတ်နိုးတယ်။ ကျွန်မရဲ့ ဘိုးဘေးဘီဘင်အားလုံးက မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ မိဘမျိုးရိုးစဉ်ဆက်က အစ္စလာမ်သာသနာသက်ဝင်ယုံကြည်ကြလို့ ကျွန်မငယ်ငယ်ကတည်းက အစ္စလာမ်သာသနာဝင်ဖြစ်ခဲ့တယ်။ နားလည်သိတတ်စအရွယ်ကတည်းက အစ္စလာမ်သာသနာကို ကိုယ်တိုင်သက်ဝင်ယုံကြည်လို့ မွတ်စလင်မ်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ်။

ကျွန်မအနေနဲ့ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်တဲ့ မွတ်စလင်မ်တစ်ယောက်ဖြစ်တာနဲ့ မြန်မာနိုင်ငံဟာ ကျွန်မရဲ့ နိုင်ငံမဟုတ်ဘူးလို့ ဘယ်တုန်းကမှ ကျွန်မ မခံယူခဲ့ဘူး။ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းလာတဲ့အတွက် ကျွန်မဟာ မွေးရာပါမြန်မာနိုင်ငံသားစစ်စစ်တစ်ယောက်ဖြစ်တယ်လို့လည်း ခံယူထားတယ်။ ဒါဆို ကျွန်မ မျိုးရိုးစဉ်ဆက် ဒီနိုင်ငံအကျိုး ဘာတွေ သယ်ပိုးခဲ့လဲ မေးချင်လား။ ပြောပြပါ့မယ်။

Friday, April 12, 2013

ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း

ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း (အပိုင်း - ၁) 

အကြမ်းဖက်ဖျက်ဆီးခံလိုက်ရတဲ့မိတ္ထီလာက ဒုက္ခသည်တွေအတွက် လှူဒါန်းမှုတွေ လုပ်ကြတော့ ကျွန်မ လိုက်သွားချင်စိတ်ဖြစ်မိတယ်။ မတ်လ ၂၅-ရက်နေ့မှာ သွားလှူကြတာတွေရှိတော့ အဲဒီနေ့က လိုက်သွားချင်ပေမယ့် အခြားသောအကြောင်းကိစ္စတွေကြောင့် လိုက်မသွားဖြစ်ခဲ့ဘူး။ ဒါပေမယ့် မိတ္ထီလာကို သွားနိုင်ဖို့တော့ ကျွန်မအမြဲစဉ်းစားနေမိတယ်။

ဒီလိုနဲ့ သင်္ကြန်ကာလအတွင်း ဆက်သွယ်ကြည့်မိတယ်။ မိတ္ထီလာအကြမ်းဖက်ခံရမှုကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို သွားရောက် လှူဒါန်းကြမယ်ဆိုတော့ ကျွန်မ လိုက်မယ်လို့ ပြောလိုက်တယ်။  ။ မနက်စောစော ၆-နာရီလောက်မှာ မန္တလေးကို ရောက်ပါတယ်။ ကားကြီးကွင်းထဲ ရောက်တော့ မနက် ၆-နာရီခွဲလောက်ရှိပြီ။ မိတ္ထီလာသွားကြမယ့် သူတွေကို ဖုန်းဆက်လိုက်တော့ သူတို့ ပစ္စည်းတွေ တင်နေပြီ ခဏနေရင် လာခေါ်မယ်ဆိုတာနဲ့ အိမ်ကပဲ စောင့်နေလိုက်တယ်။ ၈-နာရီခွဲလောက်မှာ ပစ္စည်းတွေနဲ့ ရောက်လာကြတယ်။ ဒါနဲ့ ကျွန်မတို့ စုစုပေါင်း ၈-ယောက် ပစ္စည်းတွေနဲ့အတူ မိတ္ထီလာကို ဦးတည်လိုက်ကြပါတယ်။

လာခေါ်တဲ့ကားရောက်လာတော့ ကျွန်မမေးတယ်။ ပစ္စည်းတွေကို ဘယ်လိုပေးမှာပဲ။ ကျွန်မကတော့ ဒုက္ခသည်တွေဆီကိုပဲ တိုက်ရိုက်ပေးချင်တယ်။ တစ်ခြားမှာ ထားခဲ့ရပြီး တဆင့်ပြန်ပေးမယ်ဆိုတာမျိုးတော့ ကျွန်မ မဖြစ်ချင်ဘူးလို့ပြောမိတယ်။ ဒီဘက်က စီစဉ်ကြတဲ့ မောင်နှမတွေကလည်း ဖြစ်နိုင်ရင် ဒုက္ခသည်တွေဆီကို တိုက်ရိုက်ပေးနိုင်ဖို့ပဲ စီစဉ်ထားတယ်လို့ပြောတယ်။ ကျွန်မ ရန်ကုန်က မပြန်လာခင် သူငယ်ချင်းတစ်ယောက်ကို လှမ်းမေးတယ်။ သူက မိတ္ထီလာက ပြန်လာခဲ့ဖူးတဲ့သူဆိုတော့။ သူပြောတယ် ဒုက္ခသည်စခန်းကို ၀င်လို့ မရဘူး။ သူတောင် တခြားအဖွဲ့တွေနဲ့သွားတာ။ ၀န်ဇင်းဟိုတယ်ဘေးက စခန်းမှာ သတင်းသွားပို့မှရမယ်ဆိုတာကြောင့် စီစဉ်သူတွေကို ကြိုတင်မေးဖြစ်လိုက်တယ်။  ခရီးပင်ပန်းလာတဲ့ ကျွန်မကို ကားရှေ့ခန်းမှာပဲ ထိုင်စေတာကြောင့် ရှေ့ခန်းမှာထိုင်လိုက်ရင်း ကျွန်မ နိုးတစ်ချက်ငိုက်တစ်ချက်နဲ့ မိတ္ထီလာကို ရောက်လာတယ်။

ဝန်ဇင်းဟိုတယ်အနီးက ဆက်သွယ်ရေးဧည့်ရိပ်သာထဲမှာ ယာယီဖွင့်ထားတဲ့ ဗဟိုကွပ်ကဲမှုအဖွဲ့ဆီကို သွားပြီး ခွင့်ပြုချက်ယူရတယ်။ အဲ့ဒီ(ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန)က ကျွန်မတို့ လှူဒါန်းမယ့် ပစ္စည်းအမျိုးအမည်နဲ့ စာရင်းတွေကို သူတို့သတ်မှတ်ထားတဲ့ ပုံစံစာရွက်မှာ ဖြည့်ပေးရတယ်။ ကျွန်မတို့ကပြောတယ် စခန်းထဲကို တိုက်ရိုက်လှူချင်တယ်ဆိုတော့  ပုံစံ ၂-ခု ဖြည့်ရတယ်။ စခန်းကိုပဲ လှူခဲ့ရင် ပုံစံတစ်ခါတည်းနဲ့ ပြီးဆုံးပေမယ့် စခန်းထဲကို တိုက်ရိုက်လှူချင်တယ်ဆိုရင်တော့ ပုံစံကို ၂-ခါ ဖြည့်ရတယ်။ ဒါနဲ့ ကျွန်မတို့လည်း ပုံစံ ၂-ရွက်ကိုင်ပြီး ဘောလုံးကွင်းက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်။ ဒီပုံစံလုပ်နေတဲ့အချိန်မှာပဲ အဲ့ဒီနားမှာ တွေ့ရတဲ့ နိုင်ငံရေးပါတီကြီးတစ်ခုက လူတစ်ယောက်က ပြောတယ်။ တကယ်လို့ ပေးတာ စကားပြောတာဆိုရင်လည်း မွတ်စလင်မ်အချင်းချင်းသာ မေးပါ ပေးပါ၊ ကျန်တဲ့နေရာတွေက ကျွန်တော်တို့တွေပဲ ၀င်လို့ရပါတယ်လို့ ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လည်း ဘောလုံးကွင်းက ဒုက္ခသည်တွေဆီပေးဖို့ ရွေးဖြစ်လိုက်ပါတယ်။



Monday, March 25, 2013

မှတစ်ပါး အခြား မရှိတော့ပြီလား ?




၂၀၁၃-ခု မတ်လမှာ မိတ္ထီလာက မွတ်စလင်မ်တွေကို အကြမ်းဖက်ခံရတဲ့ ကိစ္စကစပြီး မြန်မာ တစ်နိုင်ငံလုံး နေရာတော်တော်များများမှာ စိုးရိမ်ထိတ်လန့်မှုတွေ ခံစားလာနေကြတယ်။

“ဘယ်မြို့မှာ ဘာဖြစ်နေပြန်ပြီ။ ဘယ်နေရာမှာ ဘာဇာတ်လမ်းစနေပြီ။ ဘယ်ဒေသမှာတော့ ဘယ်သူတွေဝင်လာနေပြီ။”စတဲ့ သတင်းပေး/သတိပေးတာတွေလည်း နေရာအနှံ့အပြားကနေ ပေါ်ထွက်လာနေတယ်။ တချို့ဒေသအကြောင်းအရာတွေက အမှန်တကယ် ပြဿနာစဖြစ်ပွားနေတာမျိုးရှိသလို တချို့ဒေသကလည်း စိုးရိမ်ပူပန်မှုတွေကနေ ထွက်ပေါ်လာတဲ့စကားသံတွေ၊ တချို့ဒေသကလည်း ပြဿနာမဖြစ် ဖြစ်အောင် မှိုင်းတိုက်ဝါဒဖြန့်နေတာမျိုးတွေ ဖြစ်နေပါတယ်။

ဒါကြောင့် ပြောချင်တာက ကိုယ်သိလိုက်တဲ့၊ ကိုယ်ရရှိလိုက်တဲ့ information တစ်ခုခုဆို အွန်လိုင်း မှာ ချက်ချင်းဖြန့်ဝေလိုက်တာမျိုးမဟုတ်ပဲ အဲဒီသတင်း၊ အဲဒီကိစ္စရပ် မှန်မမှန်ဆိုတာကို လေ့လာသုံးသပ်ပြီး သေချာပြီဆိုမှ ပြောပြစေချင်ပါတယ်။

Sunday, February 17, 2013

မွတ်စလင်မိသားစု မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် အလုပ်သင်ဆရာဝန် ဂုဏ်ပြုနှုတ်ဆက်ပွဲ (ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်)မှ အမှတ်တရများ


ဆးတက္ကသိုလ်(၁)၊ ရန်ကုန်၊ မွတ်စလင်မ်မိသားစု မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် အလုပ်သင်ဆရာဝန် ဂုဏ်ပြုနှုတ်ဆက်ပွဲမှ အမှတ်တယများ 

(၁၇.၂.၂၀၁၃ - တနင်္ဂနွေနေ့)



  • ဘာသာတရားတိုင်းက ကောင်းတာကိုပဲ သွန်သင်ပါတယ်။ လူတွေကို ထိန်းချုပ်ပေးတာ ဘာသာတရားပဲ။သူ့ဘာသာ ကိုယ့်ဘာသာ အားလုံးက for good, ကောင်းတာတွေအတွက်ပါပဲ။ အားလုံး အချင်းချင်းကတော့ mutual respect ရှိရမယ်။မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ကြတယ်။ ဒီခေတ်ကြီးမှာ English, Computer, Communication ကျွမ်းကျင်ရမယ်။အခု ဒီ ဆေး(၁)မိသားစုဟာ ဆေး(၁)ရဲ့ မိသားစုသာ မဟုတ်ပဲ community ရဲ့ မိသားစုဖြစ်ရမယ်။  *  ပါမောက္ခဒေါ်ကြည်ကြည်သင်း

  • အခု ကျွန်တော်တို့တွေရဲ့ မိသားစုဟာ social group ပါ။ social work တွေလုပ်ကြဖို့ social network တွေလိုတယ်။ ရှိတယ်။ Facebook တို့ twitter တို့ အစရှိတာတွေဟာ social network တွေပါပဲ။ Online မှာ လုပ်နေကြပေမယ့် အပြင်မှာလည်း လုပ်ဖို့လိုပါတယ်။ ဒါကြောင့် အပြင်မှာလည်း တွေ့ဆုံကြဖို့ လိုပါတယ်။ ဒါဟာ Unity ပါ။ အွန်လိုင်း activities တွေတင်မဟုတ်ပဲ အပြင် activities တွေမှာလည်း ပါဝင်ကြဖို့ လိုပါတယ်။ အုတ်တစ်ချပ်ဆိုတာဟာ သာမန်တော့ အုတ်တစ်ချပ်အနေနဲ့ရှိတာပါပဲ။ ဒါပေမယ့် အဲဒီ အုတ်ချပ်တွေ အများကြီးပေါင်းစုလိုက်ရင် ခိုင်မာတဲ့ တံတိုင်းကြီးဖြစ်သွားတယ်။ ဒါဟာ Unity ပါပဲ။ Unity ဖြစ်ဖို့ Harmony ဖြစ်ဖို့ လိုပါတယ်။အလ္လာဟ်အရှင်မြတ်က ကလောင်တံကို စတင်ဖန်တီးပေးခဲ့တာဟာ ပညာကို အလေးထားကြောင်း ပေါ်လွင်ပါတယ်။ တမန်တော်မြတ်လက်ထက်က ကုရ်အာန်ကို စုပြီးသင်ကြားကြတယ်။ လူနာတွေကို စုပြီး ဆေးကုသမှုပေးကြတယ်။ ဒါတွေဟာ volunteerlism ပါပဲ။ ဒီတော့ အားလုံးမှာ volunteer စိတ်ဓါတ်ရှိရမယ်။   *  ပါမောက္ခ ဒေါက်တာဦးမျိုးဝင်း (ဇီဝဓါတု ဌာနမှူး - အငြိမ်းစား)

Thursday, January 31, 2013

ပညာဗဟုသုတ နှင့် ငွေ

ပညာဗဟုသုတ နှင့် ငွေ


*   ကိုယ့်မှာ ငွေ ၁၀၀၀ ရှိတယ်။ တခြားသူက ၁၀၀၀ တောင်းလို့ ပေးလိုက်တယ်။ အဲဒီတခြားသူကတော့ ငွေ ၁၀၀၀ ရသွားတယ်။ ကိုယ့်မှာ တစ်ပြားတစ်ကျပ်မှ မကျန်တော့ဘူး။

*   ကိုယ့်မှာ ပညာဗဟုသုတရှိတယ်။ သူများကို ပြန်ပေးလိုက်တယ်။ ကိုယ့်ဆီက ပညာဗဟုသုတက နည်းနည်းမှ လျှော့နည်းမသွားဘူး။ သူများလည်းရသွားတယ်။ ကိုယ့်မှာလည်း ကျန်ခဲ့တယ်။

* * * * * * * *

*   ကိုယ့်ဆီက ပညာဗဟုသုတ နဲ့ တခြားသူဆီက ပညာဗဟုသုတ နှစ်ခုဖလှယ်ကြတယ်။ အဲဒီမှာ ရလိုက်တာ အသိပညာတစ်ခုပဲလားဆိုတော့မဟုတ်ပါဘူး။ တစ်ခုထက်မက ရလိုက်ပါတယ်။ ကိုယ့်ဆီက အသိပညာရယ်၊ ဖလှယ်တဲ့သူဆီက အသိပညာရယ်၊ နှစ်ယောက်ဖလှယ်မှုကနေ ပေါင်းစပ်သွားတဲ့ အသိပညာရယ်ဆိုပြီး ၃-ခု ရလာပါတယ်။

ဒီတော့ ..... ကိုယ့်မှာရှိတဲ့ အသိပညာကို များများလက်ဆင့်ကမ်းကြဖို့ လိုပါတယ်။

Discussion on Challenging Youth  မှာ Mr. NAILUL HAFIZ BIN ABDUL RAHIM Discussion လုပ်သွားတဲ့အများကြီးထဲက ပြန်မျှချင်လာတဲ့ အသိပညာ အတွေ့အကြုံလေးကို ရေးတတ်သလို ချရေးလိုက်တာပါ။

Money & Know

Wednesday, January 09, 2013

၂၀၁၄-ခု သန်းခေါင်စာရင်း ကောက်ယူမည့်ပုံစံအကြောင်း တစေ့တစောင်း

၂၀၁၄ အတွက် သန်းခေါင်စာရင်းကောက်ယူမှု စီစဉ်ထားတဲ့ပုံစံ သိခဲ့ရတာကို အများလည်း သိအောင် ပြန်လည်မျှဝေချင်ပါတယ်။


သန်းခေါင်စာရင်းကောက်ယူမှုအတွက် ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက် အဆင့်ဆင့် ကော်မတီဖွဲ့ပြီးကောက်ယူမှာဖြစ်ပါတယ်။ Main Committee မှာ ဒေါက်တာစိုင်းမောက်ခန်းက ဦးဆောင်ပြီး ရဲမှူးဦးခင်ရီက chair man အဖြစ်ရှိနေမှာလည်းဖြစ်ပါတယ်။
သန်းခေါင်စာရင်းကောက်ယူမှုအတွက် မေးခွန်း ၄၁-ခု ရှိထားပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအတွက် Consultant အဖြစ် International expert အဖြစ် ဆွီဒင်မှ တစ်ယောက်ကို တာဝန်ယူပေးထားပါတယ်။ National express အဖြစ် Department of Political က အငြိမ်းစားအရာရှိတစ်ဦးက ဆောင်ရွက်နေပါတယ်။ ၂၀၁၄-အတွက် မေးခွန်းတွေကိုတော့ ၇၃-ခု၊ ၈၃-ခု မှာ ကောက်ယူခဲ့တဲ့သန်းခေါင်စာရင်းတွေ၊ ၉၃-ခုမှာတုန်းက သန်းခေါင်စာရင်းကောက်ယူမယ်ဆိုပြီးလုပ်ခဲ့တဲ့ Draff တွေအပေါ် အခြေခံပြီး အာစီယံနိုင်ငံတွေရဲ့ review တွေအပေါ်မှာ မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် မေးခွန်းတွေကို ပြင်ဆင်မှုပြုလုပ်ခဲ့ကြပါတယ်။

မေးခွန်းတွေကို ပြင်ဆင်တဲ့အခါမှာလည်း အခြားအဖွဲ့အစည်းတွေ၊ NGO တွေကိုလည်းဖိတ်ပြီး ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီ ဆွေးနွေးမှုကို နေပြည်တော်မှာလုပ်ခဲ့ပါတယ်။ UNHCR က citizen နဲ့ပတ်သက်တဲ့မေးခွန်းတွေထည့်ဖို့ ပြောတယ်။ UNHABIC ကတော့ အိမ်တွေရဲ့အခြေအနေ (တိုက်၊ အိမ်၊ တဲ၊ အိမ်သာရှိမရှိ၊ အိမ်ဖွဲ့စည်းပုံ)တွေ ထည့်သွင်းကောက်ယူဖို့ အကြံပြုလာပါတယ်။ အခြားအဖွဲ့တွေလည်း သူတို့ကဏ္ဍအလိုက် အကြံပြုကြပေမယ့် အကြံပြုချက် အားလုံးကိုတော့ မထည့်ခဲ့ အဓိက လိုအပ်တာတွေကိုပဲ ထည့်သွင်းခဲ့ကြပါတယ်။