Thursday, December 30, 2010

ကဗျာဆရာအပါအ၀င် လူဟူခေါ်သော သတ္တ၀ါ

လူတဲ့ ။
လူဆိုတာ အတ္တမွေးနေတဲ့သတ္တ၀ါမျိုး။ ကဲ … ဘာများထူးနေလို့လဲ။
မျက်စိနှစ်လုံး၊ နားနှစ်ဖက်၊ ပါးစပ်တစ်ပေါက် …။ ဘာတွေများ ပိုထူးနေလို့လဲ။
ပိုးစုန်းကြူးလို အလင်းလွှတ်နိုင်လို့လား။ ခွေးတစ်ကောင်လောက် အနံ့ခံကောင်းရဲ့လား။
ကြောင်လောက်များ ကြွက်ဖမ်းတော်လို့လား။ ပုတ်သင်ညိုလို အရောင်ပြောင်းနိုင်ရဲ့လား။
ဒါနဲ့များ … အတ္တကြီးနေသေးတယ်။ သြော် … လူ လူ။

တကယ်တော့ ….
လူထဲက လူတစ်ယောက်ဖြစ်တဲ့ငါဟာ၊ ငါ့အတ္တကို ငါစားပြီး
မျိုသိပ်မှုတွေကြောင့် ဖောင်းပွလာတဲ့ ရင်ဘတ်တစ်စုံကို
ပဲ့ကိုင်ရင်း ပျံသန်းလာခဲ့ရတာ ……. အခုကြည့် … မရူးရုံတစ်မယ်ပဲလေ။
ငါ့သိက္ခာကို စာအိတ်ပါးပါးနဲ့ထည့်ပြီး စာဌာနကိုပို့လိုက်ပြီပဲထားပါတော့
ဘယ်လိုလူမျိုးပဲဖွင့်ဖွင့် ငါ့သိက္ခာကကျတော့မှာပဲ။
တစ်ခါတစ်ခါ Acid ပြင်းပြင်းမျိုချလိုက်ရသလို၊ တစ်ခါတစ်ခါ ဥက္ကာပျံကြီးဝင်ဆောင့်သလို
တစ်ခါတစ်ခါ အရိန္ဒမာလှံနားထဲစိုက်သလို၊ တစ်ခါတစ်ခါ Nuclear ဗုံးကြီးဖက်ထားရသလို

Tuesday, December 28, 2010

စာရေးတယ်ဆိုတာဘာလဲ …. ?

စာရေးတယ်ဆိုတာဘာလဲ …. ?
စာရေးတယ်ဆိုတာဘာလဲ …. ?
စာရေးတယ်ဆိုတာဘာလဲ …. ?
ကျွန်မသေချာစဉ်းစားကြည့်မိတယ် …

“ကလောင်ဆိုတာ စိတ်ရဲ့ လျှာ”ဆိုတဲ့ အဆိုအမိန့်လေးတစ်ခုကို ပြန်သတိရမိတယ်။ ပြောခဲ့တဲ့သူကိုတော့ ကျွန်မ မမှတ်မိတော့ပါဘူး။

“ကလောင်ဆိုတာ စိတ်ရဲ့ လျှာ”ဖြစ်မယ်ဆိုရင် စာရေးခြင်းဆိုတာလည်း စိတ်ရဲ့ လျှာပဲဖြစ်ပါတယ်။ စာတစ်ပိုဒ် စာတစ်ပုဒ်ဖြစ်လာပြီဆိုတာနဲ့ စာရေးသူရဲ့ စိတ်ထဲက ပြောချင်တဲ့အကြောင်းအရာတွေပါလာပြီပေါ့။ အဲဒီစာတစ်ပုဒ်မှာ စာရေးသူအနေနဲ့ ပြောချင်တဲ့စကားတွေ ပေးချင်တဲ့ Message တွေ၊ အကြောင်းအရာတွေ ပါလာစမြဲပါပဲ။

Friday, December 10, 2010

အဖြူရောင်တေးချင်းတစ်ပုဒ်


ကြမ္မာရိုင်းဘ၀ရဲ့နှလုံးသား
လောကရဲ့အလင်းများအောက်မှာ
ဖူစင်တဲ့ခွန်းခြွေစကား
ရိုးသန့်တဲ့ရင်ခုန်အားတွေနဲ့
သတိယခြင်းတွေ ထာဝစဉ်ချိုမြ
ဘယ်တော့မှ မမေ့
လာကရဲ့ နေ့ညချိုချိုတွေမှာ
ရိုးဖြူစွာခင်တဲ့ သူငယ်ချင်းတွေနဲ့
ဒါ … ထာဝရအတွက် လှပနေတဲ့
အနာဂတ်လေ


Wednesday, December 01, 2010

အမှောင်ထဲက အလင်းတန်း

“ထက်အောင်ခန့်”

မြို့ငယ်လေးတစ်ခုရဲ့ မြို့သစ်မှာ နေထိုင်သော ထက်အောင်ခန့်ဆိုလျှင် ရပ်ကွက်ထဲတွင် မသိသူ မရှိပေ။ မုဆိုးမမိခင်အိုကြီးနှင့် သားအမိ နှစ်ယောက်တည်းနေပြီး မိခင်အပေါ် အလွန် နားလည်သိတတ်လိမ္မာသည့် သားလိမ္မာတစ်ယောက်ဖြစ်သည်။ ထက်အောင်ခန့်သည် စိတ်ရင်း စေတနာလည်းကောင်းကာ ဘယ်သူ့ကို မဆို စိတ်စေတနာဖြူစင်စွာကူညီလေ့ရှိသဖြင့် လူချစ်လူခင် ပေါများလေသည်။ ထက်အောင်ခန့် (၁၅)နှစ်သား ကိုးတန်းကျောင်းသားအရွယ်မှာပင် ဖခင်တိမ်းပါးသွားသည်။ မိခင် ဒေါ်စန်းမူမှာ စီးပွားရေးလုပ်ငန်း မလုပ်တတ်မကိုင်တတ်သဖြင့် ဆင်းရဲဒုက္ခရောက်ခဲ့ရ သည်။ သို့ပေမယ့်လည်း သားလေးရဲ့ပညာရေးအတွက် ကြိုစား၍လုပ်ကိုင်ခဲ့သည်။ ဒါကိုသိသော ထက်အောင်ခန့်ကလည်း (၁၀)တန်းရောက်သောအခါ ကျောင်းမနေ ချင်တော့ပဲ အလုပ်လုပ်ချင်နေတော့သည်။

“အမေ”

“ဟေ...ဘာလဲသားရဲ့၊ သားဘာလိုလို့လဲ”

“ကျွန်တော် ကျောင်းမနေချင်တော့ဘူးအမေ။ အမေ အလုပ်လုပ်နေရတာ အရမ်း ပင်ပန်းတယ်အမေရာ။ ကျွန်တော်ပဲ အမေ့ကိုလုပ်ကျွေးတော့မယ်ဗျာ”

“သားရယ်..ပညာရေးကိုတော့ ပြီးအောင်သင်ပါကွယ်။ သားပညာတတ်ကြီးဖြစ်မှ မပင်ပန်းမှာသားရဲ့”

“ဘာပဲဖြစ်ဖြစ်အမေရာ။ ကျွန်တော်ကတော့ အမေပင်ပန်းတာကို မကြည့်ရက်ဘူး။ အလုပ်ပဲလုပ်ချင်ပြီဗျ။ အခုလည်း ကျွန်တော် စာကို စိတ်မ၀င်စားတော့ဘူး။ စာမေးပွဲလည်းအောင်မှာမဟုတ်ဘူးအမေရဲ့။ စာမေးပွဲဖြေပြီးတာနဲ့ အလုပ် လုပ်တော့မယ်ဗျာ”

ပျော်ရွှင်ချမ်းသာစေဖို့ နည်းလမ်းများ (၂)


1.    ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူပါ။

2.    ကိုယ်ချစ်တဲ့သူတွေရဲ့ လုပ်ဆောင်မှုက ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်လာပြီဆိုရင် ဟန်ဆောင်မထားပါနဲ့။

3.    အိပ်ရေး၀၀ အိပ်ပါ။

4.    နှစ်သက်တာကို ၀ယ်လိုက်ပါ။

5.    နေ့စဉ်တစ်ခုခု ပြီးမြောက်ပါစေ။

6.    ပြောင်းလွယ်ပြင်လွယ်ရှိတတ်ပါစေ။

7.    ဖြစ်ပျက်တာတွေဟာ ယာယီပါဆိုတာ သတိရပါ။

8.    ကိုယ်ကိုယ်ကို နှစ်သက်မြတ်နိုးတတ်ပါစေ။

9.    ၀ါသနာတူရာအစုအဖွဲ့မှာပါဝင်ပါ။

10. အကောင်းမြတ်တတ်ပါစေ။

Wednesday, November 17, 2010

ပျော်ရွှင်ချမ်းသာစေဖို့ နည်းလမ်းများ (၁)

1. ဘ၀မှာ ရည်ရွယ်ချက်ရှိတယ်၊ အဓိပ္ပါယ်ရှိတယ်ဆိုတာ သတိရပါ။

2. ပျော်ရွှင်မှုရဖို့ နည်းဗျူဟာ ချမှတ်ကျင့်သုံးပါ။

3. အကြိမ်တိုင်းအောင်မြင်ဖို့မလိုဆိုတာ အမှတ်ရပါ။

4. ရည်မှန်းချက်တွေတစ်ခုနှင့်တစ်ခု လိုက်လျောညီထွေရှိသင့်တယ်။

5. နှိုင်းယှဉ်မယ့်အရာတွေကို ဥာဏ်ရှိရှိရွေးချယ်ပါ။

6. မိတ်ဆွေဖွဲ့ပါ။

7. ကိုယ့်ကိုယ်ကို ခြွင်းချက်မရှိ လက်ခံကြည့်လိုက်ပါ။

8. ကိုယ်ဘယ်ကလာသလဲဆိုတာ သတိရပါ။

9. အိပ်တော့မယ်လို့လှဲနေတဲ့အခါ အကြောင်းအရာတစ်ခုတည်းကိုပဲ တွေးတတ်အောင် ကန့်သတ်ပါ။

10. ခင်မင်မှုက ငွေထက်တန်ဖိုးရှိတယ်။

Monday, November 15, 2010

ခံစားချက်ကို အသိတရားနဲ့ ထိန်းချုပ်တတ်ဖို့လိုတယ်

ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် ဆုံဖြစ်ကြတဲ့ တစ်ရက်မှာ စကားတွေပြောကြရင်း ကျွန်မပြောလိုက်တဲ့ “ခံစားချက်ကို အသိတရားနဲ့ ထိန်းချုပ်တတ်ဖို့လိုတယ်”ဆိုတဲ့စကားအဆုံးမှာ ကျွန်မတို့နှစ်ယောက် စိတ်ပြုတင်းပေါက်ကိုယ်စီဖွင့်မိကြတယ်။

B : ခံစားချက်ကို အသိတရားနဲ့ ထိန်းချုပ်တတ်ဖို့လိုတယ်။

A : တစ်ခါတစ်လေခံစားချက်တွေကအသိတရားရဲ့အလွန်ကိုရောက်ရောက်သွားတတ်တယ်။
B : အဲလို အလွန်ကို ရောက်သွားတာ ကောင်းလား မကောင်းဘူးလား စဉ်းစားကြည့်လေ။

A : တစ်ခါတစ်ရံဆိုအသိတရားဟာခံစားချက်တစ်ချို့ ရဲ့ပုံစံသွင်းခြင်းကိုခံလိုက်ရတယ်။ အသိတရားဟာခံစားမှုကိုမကွယ်ဝှက်ပေးနိုင်ဘူးဆိုတာတော့သေချာတယ်။
B : ကွယ်ဝှက်ဖို့ပြောတာ မဟုတ်ဘူးလေ။ ထိန်းချုပ်ဖို့ပြောတာ

A : အင်း၊ တစ်ခါတစ်ရံသိနေခြင်းဟာလဲခံစားချက်ကိုဒုက္ခပေးတတ်တယ်။ အသိတစ်ရားတစ်ချို့ အောက်မှာ ခံစားချက်တွေကိုလျစ်လျူရှုရတာ ဘယ်လောက်တောင်ပင်ပန်းခက်ခဲလဲသိလား။
B : ဒုက္ခမပေးပါဘူး။ အလွန်ထိရောက်မသွားရင် ဒုက္ခမပေးဘူး။

A : အင်း။ ကျွန်မတို့မှာစိတ်ဒဏ်ရာတွေဆိုတာရှိတယ်။
B : သေချာတာပေါ့။ ကျွန်မမှာလည်း ရှိတယ်လေ။

Sunday, November 14, 2010

ခါတော်မီမယ်ရွေးပွဲ

ကျနော်တို့ရွာမှာ ပြုလုပ်ခဲ့ဖူးတဲ့ ခါတော်မီမယ်ရွေးပွဲအကြောင်းကို အဖွားကပြောပြခဲ့တယ်။ ကျနော်စိတ်ဝင်တစားနားထောင်ခဲ့တာကို သူငယ်ချင်းတွေကိုလည်း သိစေချင်လို့ပြန်ပြောပြတာ။

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာပေါ့ဗျာ။ အဲရွာမှာအုပ်ချုပ်သူ သူကြီးက အသက်တော်တော်လည်းကြီးနေပေမယ့် သြဇာတော့တော်တော်ညောင်းဆိုပဲ။ အသက်သာကြီးတာ ရွာထဲမှာ ဘာပွဲပဲဖြစ်ဖြစ် စီကနဲဆို သူကြီးက ထိပ်ဆုံးရောက်ပြီးသားပဲတဲ့။ ဒါပေမယ့် အဲဒါလေးတွေကလည်း ပွဲသေးသေးလေးတွေလေ။ ပွဲအကြီးကြီးတွေတော့ မလုပ်နိုင်ကြဘူးတ့ ။ ပွဲတွေ မလုပ်နိုင်တာကလည်း ရွာမှာက စီးပွားရေးပြေလည်မှုမရှိကြတော့ မတည်ငြိမ်ဘူးပေါ့။ ဟိုအိမ်ဝင်ခိုးခံရလိုက်ပြီ၊ ဟိုအိမ်တော့ အဖောက်ခံရပြန်ပြီ၊ ဟိုအိမ်တော့ ဓါးပြတိုက်ခံရပြန်ပြီဆိုတာမျိုး ခဏခဏဖြစ်နေတယ်တဲ့။ ဒီတော့ ရွာသူရွာသားတွေကလည်း သူကြီးအုပ်ချုပ်မှုမကောင်းလို့ အခုလိုဖြစ်တယ်ဆိုပြီး သူကြီးကို မကျေမနပ်ဖြစ်ကြတာပေါ့။ သူကြီးကလည်း သူကြီးပါပဲ ကောင်းမှမကောင်းတာတဲ့။ ဒီတော့ သူကြီးကလည်း စဉ်းစားတယ်။ အခုလို ခဏခဏဖြစ်နေရင် ငါတော့သူကြီးဘ၀က ပြောင်းပေးရတော့မယ်။ ချက်ချင်းတော့မပြောင်းချင်သေးဘူး။ သူ့မြေးကိုပဲ သူကြီးအဖြစ် လွှဲပေးချင်တယ်။ သူ့မြေးကလည်း အရွယ်မရောက်သေးတော့ ခက်နေတယ်။

အဲဒီတော့ ရွာသူရွာသားတွေ အာရုံပြောင်းအောင် ပွဲတော်ကြီးတစ်ခုလုပ်ဖို့စဉ်းစားလိုက်တယ်။ ရွာလုံးကျွတ်ပွဲကြီးအနေနဲ့ကတော့ မလုပ်ဖြစ်တာ ဆယ်စုနှစ် ၂-စုလောက် ကြာနေပြီတဲ့။ ဒါနဲ့ပဲ တစ်နေ့တော့ သူကြီးကကြေညာတယ် ရွာမှာ မယ်ရွေးပွဲတစ်ခုပြုလုပ်မယ့်အကြောင်း။ ဘာလို့လဲဆိုတော့ ရွာလုံးကျွတ်အနေနဲ့ပွဲမရှိတာကြာပြီဖြစ်တဲ့အတွက် အဲဒီမယ်ရွေးပွဲမှာလည်း ရွာသူရွာသားတွေအားလုံးက ၀ိုင်းပြီးရွေးချယ်ပေးရမယ့်အကြောင်း၊ ပါဝင်အရွေးခံချင်တဲ့ မယ်တွေကလည်း လကြိုတင်ပြီးစာရင်းပေးထားရမှာဖြစ်တဲ့အကြောင်း၊ အဲဒီပွဲမှာ ရွေးချယ်ခံရမယ့် မယ်ရဲ့ လုပ်ဆောင်ချက်တွေကို တစ်ရွာလုံးက ၀ိုင်းဝန်းအကဲခပ်နေပြီး ရွေးချယ်ပွဲနေ့မှာမှ တရားဝင်မဲပေးပြီး ရွေးချယ်မှာဖြစ်ကြောင်း၊ အနိုင်အရှုံးကိုတော့ ဖွဲ့စည်းထားပေးမယ့် မယ်ရွေးပွဲကော်မတီက ဆုံးဖြတ်ပေးမှာဖြစ်ကြောင်း၊ ဒါကြောင့် မယ်တွေအနေနဲ့လည်း ရွာသူရွာသားတွေ ကိုယ့်ကိုမဲပေးစေဖို့စည်းရုံးလို့ရကြောင်း၊ အဲဒီမယ်ရွေးပွဲကြီးကိုလည်း ခါတော်ချိန်အမီပြုလုပ်မှာဖြစ်လို့ ခါတော်မီမယ်ရွေးပွဲလို့ ခေါင်းစဉ်တပ်ကြောင်း၊ အဲဒါတွေကို အော်လံကနေတစ်ဆင့်ရော၊ ရွာထဲက ဆယ်အိမ်ခေါင်းတွေက ရွာထဲလှည့်ပြီးရော ကြေညာပေးတယ်တဲ့။

Wednesday, November 10, 2010

ထာဝစဉ်လန်းဆန်းရမယ့် ပန်းကလေးဖြစ်စေချင်

( ၁ )

‘တောက်’

ကျယ်လောင်စွာထွက်ပေါ်လာသော တောက်ခေါက်သံခပ်ပြင်းပြင်းကြောင့် မီးပူတိုက်နေရာမှ ၀င့်ဝါနွယ်လှည့်ကြည့်လိုက်မိသည်။ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ နှုတ်ခမ်းဆူပြီး မကျေမနပ်ဖြစ်နေဟန်တူသော ညီမ၀မ်းကွဲ ငုဝါခင်ကို တွေ့လိုက်ရသည်။ ညီမလေလးတစ်ခုခုကို အလိုမကျဖြစ်လာပြီးမှ စိတ်ထဲမှသိလိုက်သည်။

‘ညီမလေး ငုဝါ ဘာဖြစ်လာတာလဲ။ ဘာကို မကျေမနပ်ဖြစ်လာတာလဲ ညီမလေးရယ်’

‘ဘာဖြစ်လာရမလဲမမရဲ့၊ အခုကျောင်းကပြန်လာတော့ လမ်းထိပ်မှာဘယ်ကကောင်တွေလဲမသိဘူး ညီမလေးကို အမီနာပြန်လာပြီလားတဲ့’

‘ဟင် … အဲဒါ ဘာဖြစ်လဲ။ စိတ်ဆိုးစရာလား ညီမလေးနာမည်က အမီနာမှမဟုတ်တာ။ ရှဖီယာပဲ ရှဖီယာကို အမီနာလို့ မှားခေါ်တာနေမှာပေါ့’

‘ညီမလေးမှ သူတို့နဲ့မသိတာ။ ညီမလေးကိုခေါ်ပါ့မလား။ သက်သက်ရန်စတာပဲ’‘ဒါဖြင့်လဲ အခြားတစ်ယောက်ကို နှုတ်ဆက်တာနေမှာပါ။’

‘ဟာ … မမကလဲ ဘယ်ကလာ တခြားတစ်ယောက်ကို နှုတ်ဆက်ရမှာလဲ။ လမ်းပေါ်မှာ ညီမလေးနဲ့ ကေသီပဲရှိတာ။ ကေသီကတောင် နင်ကအမီနာလားဆိုပြီး ရီလိုက်သေးတယ်။ ငါသိတာတော့ အမီနာဆိုတာ ရုပ်ရှင်ထဲမှာ ထမင်းဟင်းချက်တဲ့ အိမ်ဖော်မကြီးပဲတဲ့။ သူတို့ ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ ညီမလေးသိတယ်။’

‘ကဲ … ရှင်းပါဦးညီမလေးရ’‘နေဦး၊ ပြီးမှပြောပြမယ်။ အိမ်ရှေ့မှာ ကေသီစောင့်နေလို့ စာအုပ်သွားယူပေးလိုက်ဦးမယ်.’

ငုဝါခင်ထွက်ပြီးမှ နွယ်ပြန်တွေးနေမိသည်။ နွယ်နှင့်ငုဝါသည် ညီအစ်မ၀မ်းကွဲတော်စပ်သည်။ နွယ့်မေမေနှင့် ငုဝါတို့ရဲ့ပါပါသည် မောင်နှမ၊ ငုဝါလေးနှစ်သမီးမှာ ငုဝါတို့ရဲ့ပါပါ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားပြီးနောက် ငုဝါမေမေ ဒေါ်မြတ်မွန်သည် သူ၏ဇာတိနယ်မြို့လေးရှိ မိဘများနှင့်နေထိုင်ရန် မန္တလေးမြို့မှပြန်လည်ရွေှ့ပြောင်းသွားခဲ့သည်။ ငုဝါတို့မောင်နှမသုံးယောက်လည်း လိုက်ပါသွားခဲ့ရသည်ပေါ့။ မောင်နှမသုံးယောက်အနက် ငုဝါသည်အကြီးဆုံးဖြစ်သည်။ အဖိုးအဖွားတွေက မြေးဦးဆိုပြီးအချစ်သည်းကာ အလိုလိုက်ထားသည်။ အငယ်တွေအပေါ်မှာလည်း သူမကပင် ဗိုလ်ကျဆိုးနွဲ့နေသည်။ အငယ်တွေပင် မိခင်မျက်နှာညှိုးနေလျှင် သိနားလည်ကြသည်။ ငုဝါကတော့ ဘာမှမသိ၊ နားလည်မှုလည်းမရှိ။


Saturday, November 06, 2010

အလွမ်းဋီကာ


@ မနက်အလုပ်သွားတဲ့အခါ ကန်တော်ကြီးဘေးကဖြတ်တိုင်း အမြဲတမ်းဖြတ်သန်းသွားနေခဲ့ရတဲ့ မန္တလေးကျုံးကြီးနဲ့ နန်းမြို့ရိုးကြီးကိုလွမ်းတယ်။

@ မနက်ခင်းရုံးကိုရောက်တော့ ရုံးရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီးဆူညံပွက်လော ရိုက်နေလေ့ရှိခဲ့တဲ့ အရင်က Mandalay Team ကိုလွမ်းတယ်။

@ တနင်္ဂနွေနေ့ မနက်ရောက်တိုင်း အမြဲသွားနေကျ မနက်ဈေးကို လွမ်းတယ်။

@ တနင်္ဂနွေနေ့ နေ့လည်ရောက်တိုင်း အမြဲသွားခဲ့တဲ့ Sunday Class Discussion အချိန်လေးတွေကိုလွမ်းတယ်။

@ ညနေ ကျွန်မ ပြန်မလာမချင်း ထမင်းမစားပဲစောင့်နေတတ်တဲ့သူငယ်ချင်းနဲ့ ညစာအတူစားတဲ့အခါ ညနေတိုင်း ၀ိုင်းဖွဲ့စားခဲ့တဲ့ မိသားစုထမင်းဝိုင်းလေးကိုလွမ်းတယ်။

@ မနက်ပိုင်း ကော်ဖီဖျော်သောက်တဲ့အခါ မနက်တိုင်း ဖေဖေသောက်တဲ့ကော်ဖီထဲက ကျွန်မအတွက် အနည်းဆုံးတစ်ငုံစာအမြဲတမ်းချန်ပေးလို့ သောက်ရတဲ့ကော်ဖ်ီလေးကိုလွမ်းတယ်။

@ ရန်ကုန်မြို့ထဲမှာ ခြေကျင်လမ်းလျှောက်သွားရတိုင်း၊ ဘတ်စ်ကားစီးရတဲ့အခါတိုင်း အမြဲစီးခဲ့တဲ့ စီးတော်ယာဉ် ဆိုင်ကယ်လေးကိုလွမ်းတယ်။

@ Meeting လုပ်တဲ့အခါတိုင်း Meeting တိုင်းမှာ အမြဲငြင်းခုန်ရန်ဖြစ် Meeting ပြီးရင် ကိုယ်တွေမဟုတ်သလို ချစ်ခင်ရင်းနှီးစွာ ပျော်ရွှင်ခဲ့ဖူးတဲ့ Team နဲ့ Meeting တိုင်းမှာ Team Member အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အသားကုန် ဆော်ပလော်တီးပြီး ကိုယ့် Team ကို သူများ Team က လာပြောရင် နည်းနည်းမှ အထိမခံတတ်ပဲ ပြန်ပြီးရန်ဖြစ်ခဲ့ကြဖူးတဲ့ Team လေးကိုလည်းလွမ်းတယ်။


Monday, November 01, 2010

အလုပ်တစ်ခုလျှောက်မယ်ဆိုရင်

အလုပ်တစ်ခုလျှောက်မယ်ဆိုရင် I. Cover Letter II. C.V. form တို့လိုအပ်ပါတယ်။


I. Cover Letter

ကိုယ်ဘယ်သူဖြစ်ကြောင်း၊ ဘာကြောင့်အလုပ်လျှောက်ကြောင်းကို ဖတ်သူထံ ပထမ အစပျိုး ရေးတဲ့စာ။ အဲဒါဟာ ကိုယ့်ကို အင်တာဗျူးလုပ်ပါဆိုပြီး ယဉ်ကျေးတဲ့အပြုအမူနဲ့ တောင်းဆိုလိုက်တဲ့စာလည်းဖြစ်တယ်။

ရည်ရွယ်ချက်
ကိုယ့်ရဲ့ C.V. form ကို အလုပ်ခန့်မယ့်သူဖြစ်ဖတ်အောင် ထောက်ခံရေးသား လိုက်တဲ့စာဖြစ်သည်။

ဘာတွေပါရမလဲ ?
- စာမျက်နှာ ၁-မျက်နှာထက်မပိုရ။ စာပိုဒ် ၃/၄-ပိုဒ်ဖြစ်ရမည်။
- အကြောင်းအရာ ၄-ခုပါရမည်။
(၁) လျှောက်မည့်နေရာ/ရာထူး
(၂) အလုပ်ခေါ်တာ ဘယ်လိုသိလဲ။ (သတင်းစာ၊ ဂျာနယ်၊ အသိမိတ်ဆွေ)
(၃) အဲဒီရာထူးနဲ့ ကိုယ်ဘာကြောင့်/ဘယ်လိုကြောင့် ထိုက်တန်ကြောင်း။
(၄) ကိုယ့်ကို ဘယ်လိုဆက်သွယ်လို့ရကြောင်း (ဖုန်း/လူမှတဆင့်)


Tuesday, October 26, 2010

အမေ့မေတ္တာ ဂုဏ်ရည်များစွာ

'အမေ'ဟုခေါ်သည့် မိခင်သည် လောကခပ်သိမ်းတွင် ရှိပေသည်။ ဝေနေယျသတ္တဝါအပေါင်းတွင် အမေ မရှိသော သားသမီးဟူ၍မရှိ။ အမေမရှိတော့သည်သာရှိပေသည်။ အမေဟူသည်၏နောက်တွင် အမေ့မေတ္တာနှင့် အမေ့ဂုဏ်ရည် မြောက်များစွာကပ်ငြိပါလာသည်ဆိုသည်မှာ အထူးပင်ပြောစရာလိုမည် မဟုတ်ပေ။

လောကတွင်ရှိသော အမေများစွာတို့သည် မိမိ၏သားသမီးအပေါ်တွင်သာ မေတ္တာယိုဖိတ်ကြသည် မဟုတ်။ မိမိသားသမီးနှင့် ရွယ်တူကလေးများအပေါ်တွင်လည်း သားသမီးကဲ့သို့ မေတ္တာသက်ဝင်တတ်ကြ ပေသည်။ ဤသည်မှာ အမေ၏ဂုဏ်ရည်တစ်ခုပင်ဖြစ်သည်။ ဤကဲ့သို့သော အမေများစွာတို့တွင် ကျွန်မ၏ အမေသည်လည်းပါဝင်နေပါသည်။ အမေ၏မေတ္တာသည် မည်သို့မှတုနှိုင်းမရနိုင်သည့် ဂုဏ်ရည်များစွာ ရှိနေပေသည်။

Monday, October 18, 2010

ဗမာမွတ်စလင်လူမျိုးစု (၀ါ) ပသီလူမျိုးစု

မြန်မာအတွင်းသို့ ရောက်ရှိအခြေစိုက်နေထိုင်ခဲ့ကြသော အစ္စလာမ်သာသနာဝင်များမှာ (၁) အာရဗ်များ၊ (၂) ပါရှန်း၊ (၃) တရုတ်၊ (၄) ကသည်းများ၊ (၅) အိန္ဒိယသားများနှင့် (၆) အခြားလူမျိုးများ ဖြစ်သည်။

(၁) အာရပ်များ

ပုဂံခေတ် ပိဿုံမင်းလက်ထက် အေဒီ(၇)ရာစုတွင် မြန်မာနိုင်ငံအောက်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သည့် သထုံ၊ မုတ္တမသို့ဝင်ရောက်နေထိုင်ကြခဲ့သည်။ ရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် (အေဒီ ၇၈၈-၈၁၀)တွင် အိန္ဒိယ သမုဒ္ဒရာကိုဖြတ်၍ ကမ္ဘာ့အရှေ့ဖျား တရုတ်ပြည်သို့ကုန်ကူးရာ ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောပျက်၍ ရမ်းဗြဲကျွန်းတွင် ၀င်ရောက်နေထိုင်ခဲ့ကြသည်။ အေဒီ(၁၄)ရာစုတွင် ကုန်သည်တချို့သည် မြိတ်မြို့တွင် ၀င်ရောက် နေထိုင်ခဲ့ကြသည်။

(၂) ပါရှန်းများ

အာရဗ်ကုန်သည်မျးနည်းတူ ကုန်ကူးသန်းရာမှ မြန်မာနိုင်ငံအတွင်း ရောက်ရှိလာခဲ့သည်။ အေဒီ(၁၃)ရာစု တွင် ယခင် ပသီမြို့(ယခု ပုသိမ်)ကို ၀င်ရောက်နေထိုင်ခဲ့ကြသည်။ ပုသိမ်မြို့ကို ကုလားပသီမင်း (၃)ဆက် အုပ်စိုးခဲ့သည်။ (၁) ပသီမင်း[နန်းစံသက် ၈-နှစ်] (၂) အော်လန်တေးမင်း[နန်းစံသက်-၁နှစ်] (၃) အက္ကဘတ်မင်း[နန်းစံသက်၃-နှစ်]

စာကြည့်တိုက် (Library) ဆိုသည်မှာ

စာကြည့်တိုက် (Library) ဆိုသည်မှာ စာအုပ်နှင့် အခြားစာပေပစ္စည်းများကို ဖတ်ရှုအသုံးပြုနိုင်ရန်အတွက် စုဆောင်းထားရှိသော နေရာသာမဟုတ် အသိပညာ ဗဟုသုတများကို ဖြန့်ဖြူးပေးသောနေရာ၊ တနည်း အားဖြင့် ပညာလိုလားသူတို့ မိမိတို့ဘာသာ လွတ်လပ်စွာပညာရှာနိုင်သော လူထုတက္ကသိုလ်တစ်မျိုးဖြစ်သည်။

ဖွဲ့စည်းပျိုးထောင်ရေးနှင့် စီမံခန့်ခွဲရေး ဘာသာရပ်

စာကြည့်တိုက်တစ်ခုဖြစ်ပေါ်လာရန် အရေးကြီးသော အချက်(၅)ချက်
1. Brain (စာကြည့်တိုက်မှူး)
2. Books other related materials (စာအုပ်စာတမ်းများ)
3. Building (အဆောက်အဦး)
4. Budget (ရံပုံငွေ)
5. Borrower / User (စာဖတ်သူ/ငှားသူ)

၁။ စာကြည့်တိုက်မှူး (Brain)

ရှေးယခင်က စာကြည့်တိုက်မှူးကို စာအုပ်ထိန်းမျှသာမြင်တတ်သည်။ မျက်မှောက်ခေတ်တွင်မူ စာကြည့်တိုက်မှူးသည် စာပေပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရုံသာမက စာကြည့်တိုက် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည့်အပိုင်းမှ ပါဝင်သည်။ စာဖတ်သူတို့သိလိုသော အကြောင်းအရာများကို ကူညီရှာဖွေပေးနိုင်သူ (သို့မဟုတ်) မည်သည့်နေရာတွင်ရှိသည်ကို ဖြန့်ဝေပေးသူ ဖြစ်ရမည်။

စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက်ဝန်ထမ်းများသည် အောက်ပါအရည်အချင်းများနှင့် အပြည့်အ၀မဟုတ်သော်လည်း အတတ်နိုင်ဆုံး ပြည့်စုံသူဖြစ်ရမည်။
(၁) ပေါင်းသင်းဆက်ဆံရေးပြေပြစ်ကောင်းမွန်ခြင်း။
(၂) သည်းခံ၍စိတ်ရှည်ကာ အနွံတာခံနိုင်ခြင်း။
(၃) လုံ့လ၀ီရိယရှိခြင်း။
(၄) လူမှုဝန်ထမ်းစိတ်ရှိခြင်း။
(၅) စာပေ၀ါသနာပါခြင်း။
(၆) တီထွင်ကြံဆတတ်သောစိတ်ရှိခြင်း။
(၇) ပညာဗဟုသုတရှာမီးလိုစိတ်ရှိခြင်း။
(၈) ခေါင်းဆောင်လိုစိတ်ရှိခြင်း။
(၉) စီမံခန့်ခွဲအုပ်ချုပ်ရာတွင် ကျွမ်းကျင်ခြင်း၊ ညွှန်ကြားပြသတတ်ခြင်း။
(၁၀) အများအကျိုးအတွက် စေတနာနှင့်ဆောင်ရွက်လိုစိတ်ရှိခြင်း။
(၁၁) လိုအပ်သောအကူအညီကို အချိန်မရွေးပေးလိုစိတ်ရှိခြင်း။
(၁၂) မည်သည့်အခက်အခဲနှင့် မေးခွန်းမျိုးကိုမဆို ရင်ဆိုင်ဖြေရှင်းဝံ့သောသတ္တိရှိခြင်း။
(၁၃) လုပ်ငန်းအောင်မြင်ရေးအတွက် အမှန်တရားကိုရှေ့ရှု၍ နိုးကြားတက်<ကစိတ်ရှိခြင်း။
(၁၄) မာနမထောင်လွှားပဲ ကိုယ့်ကိုကိုယ်နှိမ့်ချခြင်း။
(၁၅) အလုပ်ကိုမြတ်နိုး၍ စိတ်ဝင်စားမှုရှိခြင်း။
(၁၆) ခေတ်နှင့်အမီ ဗဟုသုတ<ကယ်ဝခြင်း။
(၁၇) ဒေသ၀န်းကျင်၏အခြေအနေ၊ စာဖတ်သူတို့၏အရိပ်အကဲကို လိမ္မာပါးနပ်စွာ ဝေဖန်သုံးသပ်နိုင်ခြင်း။

Saturday, October 16, 2010

တယ်လီဖုန်းဘီလ်


တယ်လီဖုန်းဘီလ်စာရင်းတွင် ထူးထူးခြားခြား အများကြီးကျနေရာ ဦးထောင်ဦးစီးလုပ်သူက မိသားစုစုံညီအစည်းအဝေးခေါ်လိုက်သည်။

အဖေ - ပုဂ္ဂိုလ်တို့ ဒါကတော့ လက်မခံနိုင်စရာပဲ။ ဖုန်းအသုံးပြုတာကို ကန့်သတ်ရမယ်။ ငါဆို ဒီဖုန်းကို သုံးကိုမသုံးဘူး။ ရုံးကဖုန်းကိုပဲ သုံးနေတာ။

အမေ - ဒီကလည်း အတူတူပါပဲ။ ကျုပ်အလုပ်ကဖုန်းကိုသုံးနေတာ။ ဒီအိမ်ဖုန်းကို မသုံးသလောက်ပါပဲနော်။

သား - ကျွန်တော်လည်း အတူတူပဲ။ အိမ်ကဖုန်းကို ဘယ်တော့မှမသုံးဘူး။ ကုမ္ပဏီက မိုလ်ဘိုင်းဖုန်းပဲ အမြဲတမ်းသုံးနေတာ။

အိမ်ဖော် - ဒါဆို ဘာပြဿနာရှိလို့လဲ။ ကျွန်မတို့အားလုံး ကိုယ့်အလုပ်ကဖုန်းတွေ သုံးနေကြတာပဲဟာ .....

Wednesday, September 29, 2010

MMSY ရန်ကုန်မိသားစု စုပေါင်းTrip အမှတ်တရ

September 29, 2010 (Sunday)
(ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ ရန်ကုန်)

MMSY ရန်ကုန် group ရဲ့ စုပေါင်းဝါဖြေပွဲမှာ ၀ိုင်းဝန်းဆွေးနွေးချက်အရ Member များစုပေါင်းပြီး
Trip တစ်ခုသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲလို စီစဉ်ခဲ့မှုလေးကြောင့်ပဲ ၂၆.၉.၂၀၁၀(တနင်္ဂနွေနေ့)မှာ ရန်ကုန်မြို့တွင်းမှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို သွားခဲ့ကြပါတယ်။ 
Trip သွားမည့်နေ့ မနက်(၈)နာရီခွဲအရောက် စုရပ်သို့လာကြဖို့ပြောထားသည့်အချိန်အတွင်း အားလုံးနီးပါး ရောက်ရှိလာခဲ့တယ်။ Trip တွင် အားလုံးစုစုပေါင်း (၅၃)ယောက် ပါဝင်ခဲ့ကြပါတယ်။

စုရပ်မှ အားလုံးမထွက်ခွါခင် ရှေ့ပြေးအဖွဲ့(စားသောက်ဖွယ်ရာများသယ်ဆောင်သွားသော ၅-ယောက်အဖွဲ့)က Taxi နဲ့ ပထမအရင်ကြိုသွားနှင့်ကာ တိုင်းရင်းသားကျေးရွာအတွင်း နေရာပြေးဦးထားပါတယ်။ (အဲဒီအဖွဲ့မှာ ဘယ်သူတွေလဲ သိချင်ရင် မေးမြန်းနိုင်ပါကြောင်း)
ကျွန်တော်တို့အားလုံး စုရပ်ကနေ မနက်(၉)နာရီမှာ စထွက်ကြပြီး ညနေ(၄)နာရီမှာ တိုင်းရင်းသားကျေးရွာမှ ပြန်လည်ထွက်ခွာကြဖို့ စီစဉ်ခဲ့တဲ့အတိုင်း နောက်ကျနေတဲ့တစ်ယောက်ကိုစောင့်ရင်း မန်ဘာ ၄၀-ကျော်ပါဝင်တဲ့ ကားကြီးနဲ့ အဖွဲ့က (၉)နာရီ (၁၅)မိနစ်မှာ ဒုတိယ စတင်ထွက်ခွာခဲ့ကြပါတယ်။
တတိယအဖြစ် နောက်လိုက်(နောက်ဆုံးမှ လိုက်ခဲ့ကြလို့ပါ)အဖွဲ့အဖြစ် Taxi တစ်စီးနဲ့က တစ်ဖွဲ့ စုစည်းကာ တိုင်းရင်းသားကျေးရွာသို့ ချီတက်ကြပါတော့တယ်။

မန်ဘာ ၄၀-ကျော်ပါဝင်သော ကားကြီးနဲ့ စုရပ်နေရာမှ တိုင်းရင်းသားကျေးရွာသို့ စတင်ထွက်ခွာခဲ့ပြီးနောက် ကားပေါ်တွင် လမ်းခရီးအစီးအနင်းဒုအာကို ဆရာ(မန်ဘာတစ်ဦး)မှ တိုင်ပေးပြီး အားလုံးဝိုင်းဝန်းဒုအာရွတ်ဖတ်ကြပါတယ်။

အဲဒီနောက် တိုင်းရင်းကျေးရွာဝင်ပေါက်သို့အရောက်တွင် နောက်လိုက်ကားအဖွဲ့ကို ခဏစောင့်နေပြီး ရှေ့ပြေးအဖွဲ့မှ ကိုချစ်ဦးက တိုင်းရင်းသားကျေးရွာဝင်ပေါက်သို့ လာရောက်ကာ အားလုံးကို ၀မ်းသာအားရကြိုဆိုကာ တိုင်းရင်းသားကျေးရွာအတွင်း စုရပ်နေရာသို့ ခေါ်ဆောင်သွားကာ နေရာချထားပေးပါတယ်။
အဲဒီနောက်တော့ ကျွန်တော်တို့ရဲ့ Trip တစ်နေ့တာ အစီအစဉ်ကို ပြောပြပါတယ်။

အစီအစဉ် စစချင်း …….. အစီအစဉ်(၁)ပေါ့ ကျွန်တော်တို့ မိတ်ဆက်ကြမယ် ၊ နောက် အစီအစဉ်(၂)က MMSY အကြောင်း(သေချာမသိသေးသူများအတွက်)ပြောပြခြင်းအစီအစဉ်ပေါ့၊ အစီအစဉ်(၃)အနေနဲ့ Game တွေကို ရင်းနှီးပျော်ရွှင်စွာ ကစားကြမယ်။ အဲဒီနောက် အစီအစဉ်(၄)ကတော့ နေ့လည်စာထမင်းကို အတူတူဝိုင်းဝန်းစားသုံးကြမယ်ပေါ့။ ထမင်းစား ခဏနားပြီးလို့ ပြန်စတဲ့အချိန် အစီအစဉ်(၅)မှာ ဆွေးနွေးခြင်း အစီအစဉ်ပါ။ ဆွေးနွေးမှုအစီအစဉ်ပြီးနောက် အစီအစဉ်(၆)ကတော့ Game တွေကို ပြန်ဆော့ကြမယ်။ အစီအစဉ်(၇)မှာ လက်ဆောင်ပစ္စည်းလေးတွေလဲကြတယ်။ အစီအစဉ်(၈)အရ ဒုအာဆုမွန်တောင်းပြီး ရပ်နားမယ်၊ အစီအစဉ်(၉)ကတော့ တိုင်းရင်းသားကျေးရွာအတွင်း လည်ပတ်ချင်သူများ လည်ပတ်ကြည့်ရှုရန် အချိန်ပေးပါတယ်။ အစီအစဉ်(၁၀)ကတော့ တိုင်းရင်းသားကျေးရွာဝင်ပေါက်ဂိတ်မှာ မန်ဘာတွေအားလုံးပြန်စုကြပြီး မနက်က စတင်ထွက်လာရာစုရပ်သို့ ပြန်ကြရန်စီစဉ်ခဲ့ကြပါတယ်။

Monday, September 20, 2010

အစ္စလာမ်နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး

"အစဉ်မပြတ် သနားကြင်နာတော်မူသော အနန္တဂရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစပြုပါ၏။"


နိဒါန်း

အစ္စလာမ်ဟူသည် ငြိမ်းချမ်းသည့်သာသနာဖြစ်သည်။ မွတ်စလင်မ်ဟူသည် အလ္လာဟ်အရှင်မြတ်၊ တမန်တော်မုဟမ္မဒ်(ဆွ)နှင့် ကျမ်းတော်မြတ်ကုရ်အာန်၏ ပညတ် ပြဋ္ဌာန်းချက်များကို နာခံသူဖြစ်သည်။ အမည်နာမနှစ်ခုစလုံးသည် အလွန်ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသကဲ့သို့ ကြားရသူအပေါင်း စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်စေသည်။

သို့သော် ယနေ့ကမ္ဘာပေါ်တွင် အစ္စလာမ်ဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို လူအနည်းငယ်ကသာသိရှိကြသည်။ များစွာသောလူများကမူ အနောက်တိုင်း မီဒီယာများ၏ တစ်ဖက်သတ်လိုရာစွဲ၊ ထင်ရာကြဲကာ မဟုတ်မမှန်ရေးသားချက်အပေါ်အခြေခံ၍ အစ္စလာမ်အား တလွဲမြင်နေ၊ နားလည်နေကြပါသည်။ မွတ်စလင်မ်ဟုဆိုလျှင် လူရမ်းကားများ၊ လူဆိုးများ၊ အကြမ်းဖက်သမားများဟု ခေါ်ဆိုနေကြသည်။

ကျွန်တော်တို့၏ ပတ်ဝန်းကျင်မှာလည်း မွတ်စ်လင်မ်ဆန့်ကျင်မုန်းတီးရေး လှုံ့ဆော်မှုများနှင့် အစ္စလာမ်ကို အထင်အမြင်လွဲမှားစေရန် လုပ်ကြံစွပ်စွဲမှုများကို ကြုံတွေ့နေရပါသည်။ ထို့အတွက်ကြောင့်လည်း မကြာခဏ လူမှုရေးပြဿနာများ ကြုံကြိုက်ခဲ့ရ ပါသည်။

ကျွန်တော်တို့တစ်တွေကလည်း အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးရာမှာ အစွန်းမရောက် အယူမသီးပဲ အစ္စလာမ်၏ သရုပ်သကန်အမှန်တရားကိုတင်ပြနိုင်ဖို့ လိုအပ်ပါသည်။
ယနေ့ သူ့အကြောင်းကိုယ်သိအောင်၊ ကိုယ့်အကြောင်းသူသိအောင်လုပ်ရန် နယ်ခြားအတားအဆီးများမရှိတော့ပြီဖြစ်သော Globalized ကမ္ဘာကြီးအတွက် အထူးပင် လိုအပ်ပါသည်။

Saturday, September 18, 2010

တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ်


  • ဘယ်က လာခဲ့ကြသလဲ …… ?
  • ဘယ်မှာနေခဲ့ကြသလဲ ……… ?
  • ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
  • ဘယ်ကိုသွားကြမှာလဲ ……… ?


ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ် သာသနာဝင်များနှင့် ပတ်သက်ပြီး ရှေးဦးစွာတင်ပြချင်တာတော့ …….. အစ္စလာမ်သာသနာဝင်များအတွက် အဓိက လမ်းညွှန်တရားဖြစ်တဲ့ ကျမ်းတော်မြတ်ကုရ်အာန်(စူရဟ်-၇၊ အာယသ်တော်-၁၀၁)မှာ ….
“အတိတ်ကဖြစ်ရပ်များကို ရေလည်အောင် ပြောကြသူတို့ စဉ်းစားသုံးသပ်နိုင်ခြင်းငှာ”လို့ လမ်းညွှန် ဗျာဒိတ်တော် မူထားတာရှိပါတယ်။

ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့ဟာ အတိတ်ကဖြစ်ရပ်များ၊ အကြောင်းအချက်များကို လေ့လာကာ စဉ်းစား၊ ဆင်ခြင်သုံးသပ်ပြီး မိမိတို့ဘ၀လမ်း မှန်ကန်တိုးတက်အောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ဒါဟာ တာဝန်တစ်ရပ်ပါ။

ကျွန်တော်ပြောမှာတွေဟာ ဒီလမ်းညွှန်မှုကို နာခံတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုရ်အာန်ကပေးတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့မှာ လေ့လာစဉ်းစားသုံးသပ်ရန် တာဝန်ရှိနေတဲ့ အတိတ်ဖြစ်ရပ်အကြောင်းအရာများအနက်က ယနေ့မြန်မာနိုင်ငံမှာရှိနေကြတဲ့ တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူတို့အကြောင်း ပြောပါမယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ‘အစ္စလာမ်’သာသနာ သက်ဝင်ယုံကြည်ကိုးကွယ်သည့် လူ့အစုအဝေးကြီးတစ်ရပ်ရှိနေ ပါတယ်။ လူဦးရေအားဖြင့် မနည်းလှပါဘူး။ ဒီလူ့အစုအဝေးကြီးဟာ ……
(၁) ဘယ်က လာခဲ့ကြသလဲ …… ?
(၂) ဘယ်မှာနေခဲ့ကြသလဲ ……… ?
(၃) ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
(၄) ဘယ်ကိုသွားကြမှာလဲ ……… ? …………….. ဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ ဒီအချက်များကို ခေါင်းစဉ်တစ်ခုချင်း အလိုက် အကျဉ်းချုံး၍ တင်ပြပါမယ်။

(၁) ဘယ်က လာခဲ့ကြသလဲ


လူ့အစုအဝေးကြီး(၃)ရပ်

မြန်မာနိုင်ငံရယ်လို့ တိတိကျကျဖြစ်တည်ပေါ်ပေါက်မလာခင်က ယနေ့မြန်မာနိုင်ငံတည်ရှိတဲ့ကုန်းမြေနေရာဒေသ ဧရိာယာအတွင်းသို့ တိဘက်ကုန်းမြေမြင့်မှ -
(၁) မွန်ခမာအုပ်စု
(၂) တိဘက်မြန်မာအုပ်စု
(၃) ထိုင်းတရုတ်အုပ်စု …… ဆိုတဲ့


အုပ်စုကြီး ၃-ရပ် ၀င်ရောက်အခြေစိုက်နေထိုင်လာခဲ့ကြတယ်လို့ သမိုင်းပညာရှင်ကြီးများက ဆိုကြပါတယ်။
ဒီအုပ်စုကြီး(၃)ရပ်ဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းက၀င်ရောက်လာကြပြီး တဖြည်းဖြည်းတောင်ဘက်ကို ရွေှ့လျားနေထိုင်ခဲ့ကြပါတယ်။ ပထမ၀င်လာကြတဲ့အုပ်စုက နောက်ဝင်လာတဲ့အုပ်စုကို နေရာပေးခဲ့ကြပါတယ်။
ဒီလိုဝင်လာကြတဲ့အုပ်စုတွေဟာ လူ့သဘာဝအရ အပြန်အလှန်သွေးနှောကြရာမှ လူမျိုးစုများဖြစ်ပေါ်လာရခြင်းဖြစ်ပါ တယ်။ ဒီကနေ့ ‘ဗမာ’လူမျိုးများအဖြစ်ရှိနေကြတဲ့ လူ့အစုအဝေးကြီးကိုပင် ….
(၁) သက်(ချင်း)၊ (၂) ရခိုင်၊ (၃) ထားဝယ်၊ (၄) ဗရဲတောင်သူ၊ (၅) ပျော့၊ (၆) ပျူ၊ (၇) ကမ်းယံ … စသည့် လူမျိုး(၇)မျိုး ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာတယ်လို့ဆိုကြောင်း လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က ပေါ်ပေါက်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

Wednesday, September 15, 2010

မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ

တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ်


မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ

သင်တန်းသူ၊ သင်တန်းသား အားလုံးအပေါ်သို့ ချမ်းမြေ့သာယာမှုအပေါင်း အလ္လာဟ်အရှင်မြတ် ထံတော်မှ သက်ရောက်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်.
ဒီကနေ့ ဆရာပို့ချမယ့်အကြောင်းအရာတို့ဟာ ဒီကနေ့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ တိုင်းရင်းသား နိုင်ငံ သား အစ္စလာမ်သာသနာဝင် လူ့အစုအဝေးကြီးရဲ့ သမိုင်းဖြစ်စဉ်တွေပါ။
ဆရာတို့အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ရဲ့ရည်ညွှန်းချက်ဖြစ်တဲ့ ‘မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသား ပီသရေး’ဆိုတာကို အဓိကထားတာဖြစ်ပါတယ်။

“အတိတ်ကဖြစ်ရပ်များကို ပြေလည်အောင်ပြောကြသူတို့ စဉ်းစားသုံးသပ်နိုင်ခြင်းငှာ”ဆိုတဲ့ ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ မုက္ခပါဌ်တော်(၇း၁၇၆)ကို ဆရာသင်တန်းပို့ချရာမှာ အခြေခံတာလဲ ဖြစ်ပါတယ်။
ဆရာတို့မြန်မာနိုင်ငံမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကိုးကွယ်တဲ့ လူ့အစုအဝေးကြီး တစ်ရပ်ရှိနေပါတယ်။ လူဦးရေလည်းမနည်းလှဘူး။ (၆)သန်းကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီလူ့အစု အဝေးကြီး ဘယ်လိုဖြစ်ပေါ်လာတာလဲ။ တစ်ချိန်တည်းတစ်ပြိုင်တည်း နိုင်ငံတစ်နိုင်ငံတည်းက ၀င်ရောက်လာပြီး နေထိုင်ကြတာတော့မဟုတ်ပါဘူး။

“အတိတ်ကဖြစ်ရပ်တွေကိုကြည့်ကြ။ ဘာကြောင့် မကြည့်ကြသနည်း။” ကုရ်အာန် (၄၀း၁၀)

ကုရ်အာန်ရဲ့ မုက္ခပါဌ်တော်အရ ဆရာလော့သိသမျှအတိတ်ဖြစ်ရပ်တွေကို ရှာကြည့်ခဲ့တယ်။ မောင်တို့ မယ်တို့ကိုတင်ပြမယ်။

ရှေးလူ့အဖွဲ့အစည်းတွေ မိမိတို့ဘ၀ရပ်တည်နိုင်ရေးအတွက် ရေကြည်ရာမြက်နုရာရှာဖွေ ပြောင်းရွေှ့ နေထိုင်ခဲ့ကြရတယ်ဆိုတာ လူ့အဖွဲ့အစည်းတိုင်းမှာရှိတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း(၁၃၀၀)ကျော်က အာရဗ်ကုန်သည်များ အနောက်ဘက်ဒမတ်စကတ်ကျွန်းမှ တရုတ် ပြည်အထိ သင်္ဘောများနဲ့ဖြတ်သန်းသွားလာကြတဲ့အခါ မုတ္တမ၊ ပုသိမ်ဆိပ်ကမ်းတို့မှာ ၀င်ရောက်ရပ်နား ခဲ့ကြတယ်ဆိုတဲ့ သမိုင်းရှိတယ်။ (မှတ်စု - ၁ ကို ကြည့်ပါ။)

၁၃-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည် သင်္ဘောတစ်စင်း ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးမှာပျက်ခဲ့လို့ သင်္ဘောပေါ်ပါတဲ့အာရဗ်တွေရမ်းဗြဲကျွန်းမှာအတည်တကျနေထိုင်ခဲ့ကြတယ်။
(မှတ်စု - ၂ ကို ကြည့်ပါ။)

Sunday, August 29, 2010

MMSY ၀ါဖြေပွဲ (ရန်ကုန်မိသားစု)

H-1431 Ramadan 19, 2010 August 29 ရက်နေ့က MMSY(Yangon group)၏ စုပေါင်းဝါဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။

ယခင် ပြုလုပ်မည့်နေရာတွင် နေရာအခက်အခဲကြောင့် ချက်ချင်းပဲ ၀ါဖြေပွဲနေရာကို YEDC သင်တန်းသို့ ပြောင်းရွှေ့ပြုလုပ်ခဲ့ရသောကြောင့် လာရောက်သူ သူငယ်ချင်းများ ABEC သင်တန်းခန်းမ မှ YEDC သို့ ချက်ချင်းလိုက်လာရသဖြင့် တော်တော်လေးလည်း ပင်ပန်းသွားကြပုံရပါတယ်။ စုစုပေါင်း ၃၀-ကျော်ပါဝင်ခဲ့ကြပါတယ်။ မန်ဘာများ စုပေါင်းပြီး (အမျိုးသားတစ်ခန်း၊ အမျိုးသမီးတစ်ခန်း)ဆွလာသ်ဝတ်ပြုကြပါတယ်။
ဝါဖြေပွဲမစတင်ခင်နှင့် ၀ါဖြေပွဲပြီးနောက်တွင် မန်ဘာများအားလုံးရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ နောက်ပိုင်းတွင် MMSY မန်ဘာများစုစည်းပြီး ၁-လ တစ်ခါ (သို့မဟုတ်) ၂-လတစ်ခါ Trip သွားကြဖို့နဲ့ လူမှုရေးလုပ်ငန်းလေးတွေလုပ်ဆောင်ကြဖို့ အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြတာအတွက်လည်း သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

အီးဒ်ပြီး နောက်တစ်ပတ် တနင်္ဂနွေ (၁၉.၉.၂၀၁၀)မှာ MMSY မန်ဘာများအတူတကွ "တိုင်းရင်းသားကျေးရွာ(ရန်ကုန်)"သို့ သွားရောက်ကြရန်ကိုလည်း တိုင်ပင်ခဲ့ကြပါတယ်။ လိုက်ပါချင်သူများ အစီအစဉ်ကို သီးသန့် ထပ်မံကြေညာပေးပါဦးမယ် .....

နားလည်မှုအပြည့်နဲ့ ၀ါဖြေပွဲအတွက် နေရာထိုင်ခင်း ချက်ချင်းစီစဉ်ပေးခဲ့သော YEDC မှ မောင်လေး ဇော်မင်းထွေး၊ သူရစိုးနှင့် အဖွဲ့သားအားလုံးကိုလည်း
အထူးကျေးဇူးတင်ပါကြောင်း .........

ဝါဖြေပွဲအတွက် အားတက်သရော စလယ်ဆုံး ပါဝင်ကူညီပေးသော မောင်လေး ကိုသက်ကို၊
ဂျွန်၊ ညီမလေး ဇင်မာသက်၊ စန္ဒာဦး နှင့် အဘက်ဘက်မှ စေတနာအပြည့်ဖြင့်
ကူညီပေးခဲ့သူများအားလုံးကို ကျေးဇူးအထူး(အထူး)တင်ရှိပါကြောင်း ......

ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းအားလုံးရဲ့ နားလည်မှုနဲ့ စုစည်းညီညွတ်စွာကျော်ဖြတ်လိုက်ရသော မနေ့က ၀ါဖြေပွဲလေးကိုတော့ ကျွန်တော်ဘယ်တော့မှ မေ့လို့ရမည်မဟုတ်ပါ။

* စုပေါင်းဝါဖြေနေစဉ် *




Saturday, August 21, 2010

ကျွန်မ အမှတ်ရမိတဲ့ ဆရာကံချွန်

ဆရာကံချွန်က လူငယ်တွေကို စကားပြောတဲ့အခါမှာ ‘ငါတူများ၊ ငါ့တူမများ’လို့ အမြဲသုံးနှုန်းလေ့ရှိပြီး ဆရာ့ကိုယ်ဆရာတော့ တစ်ခါတစ်လေမှာ ‘ဆရာ’၊ တစ်ခါတစ်လေမှာ ‘ငါ’ တစ်ခါတစ်လေမှာ ဦးကံချွန်လို့ သုံးနှုန်းလေ့ရှိတယ်။ ကျွန်မတို့ အပတ်စဉ်တနင်္ဂသင်တန်းလေးကို ဆရာကံချွန်က အပတ်စဉ်တိုင်းလိုလိုလာလေ့ရှိခဲ့တယ်။ ဆရာက သူ့ဘ၀ အတွေ့အကြုံတွေကို ပြောပြရင်း လူငယ်တွေကို သင်ခန်းစာတွေပေး၊ အတုယူဖွယ်တွေကို ရီစရာတွေနဲ့နှောပြီး ပြောပြလေ့ရှိတယ်။ သင်တန်း တစ်ရက်မှာ ဆရာကံချွန်က ခါတိုင်းလိုပဲ ကျွန်မတို့တွေကို စကားတွေပြောနေရင်းနဲ့ ပြောတယ်။ ‘ငါ့တူများ၊ ငါ့တူမများကို ငါတစ်ခုပြောပြမယ်။ အဲဒါက ဘ၀မှာ စိတ်ဓါတ်မကျဖို့နဲ့ အတုယူတတ်ဖို့ သင်ပေးတာ’ ဆိုပြီး ပြောပြခဲ့တာလေး ကျွန်မ အမှတ်ရမိတယ်။

Sunday, August 01, 2010

MMSY 3rd Birthday အထိမ်းအမှတ်တွေ့ဆုံပွဲ (မန္တလေး)

MMSY 3rd Anniversary
MMSY 3rd Birthday အထိမ်းအမှတ်တွေ့ဆုံပွဲ(မန္တလေး)ကို ၁၀.၁.၂၀၁၀(တနင်္ဂနွေနေ့)တွင် မြို့တော်ဥယျာဉ်မှာ ပြုလုပ်ခဲ့ပါတယ်။

စုစုပေါင်း (၂၉)ဦးပါ။ ပထမဦးဆုံး မိတ်ဆက်ကြပါတယ်။ ပြီးတော့ MMSY မွေးနေ့ကိတ်လှီးပြီး ကိတ်ရယ်၊ သူငယ်ချင်းတွေတစ်ယောက်ချင်းစီယူလာကြတဲ့ မုန့်တွေ၊ အအေးဗူးတွေရယ်ကို ပျော်ပျော်ပါးပါး စားသောက်ကြရင်း စကားတွေပြောကြပါတယ်။ အဲဒီနောက် ဂိမ်းများကစားကြပါတယ်။ ဂိမ်းကစားပြီးတော့ အဖွဲ့လိုက် ပထမ ဒုတိယ များချီးမြှင့်ပြီး MMSY King & Queen ရွေးချယ်ပါတယ်။

နောက်တော့ ပဟေဠိနန်းတော်အစီအစဉ်လေးမှာ မေးခွန်းလေးတွေကိုပျော်ပျော်ပါးပါးမေးပြီး ပျော်ပျော်ပါးပါး ဖြေကြပါတယ်။ မေးခွန်းများကိုဖြေနိုင်သူ နောက်ဆုံး ဇကာတင်တစ်ယောက်မှ ပဟေဠိနန်းတော်အစီအစဉ်မှ နံပါတ်များရွေးချယ်ပြီး စိတ်ကြိုက်နံပါတ်ကို ရွေးယူခဲ့ပါတယ်။ ကျန်တဲ့နံပါတ်များကို ပဟေဠိနန်းတော်အစီအစဉ်မှာ ပါဝင်ဖြေဆိုသူများကို ကံစမ်းမဲပြုလုပ်ပေးခဲ့ပါတယ်။ ပဟေဠိနန်းတော်အစီအစဉ်ပြီးနောက် MMSY 3rd Bithday အမှတ်တရ အိတ်ဆောင်ပြက္ခဒိန်လေးများ သူငယ်ချင်းတွေအားလုံးကို ပေးတယ်။

အဲဒီနောက် စကားတွေပြော၊ မုန့်တွေစားကြရင်း MMSY 3rd Birthday အမှတ်တရ ရင်တွင်းစကားလေးတွေ ရေးကြတယ်။ အဲဒီနောက်တော့ ပြန်ချင်သူများပြန်သွားကြပြီး ကျန်ရှိသူများက မြို့တော်ဥယျာဉ်ထဲမှာ တိုက်ကားစီးကြ၊ လွန်းပျံလှေ(ပင်လယ်ဓါးပြ)ကြီးစီးပြီး မောသူမော၊ ခေါင်းမူးသူမူးနှင့် အသီးသီးလမ်းခွဲကာ အိမ်ပြန်ခဲ့ကြပါတယ်။

(တွေ့ဆုံပွဲအမှတ်တရကို အကျဉ်းချုပ်ရေးထားခြင်းပါ။)

Thursday, July 15, 2010

ကျိုက်လတ်မြို့သို့ ခရီးတစ်ခေါက်

ကျိုက်လတ်ခရီးစဉ်


ဒီစာစုလေးကတော့ ကျွန်မ လုပ်ငန်းသစ်တစ်ခုကို ပြောင်းရွေှ့ခဲ့ပြီးနောက် ပထမဦးဆုံးကြုံတွေ့ခဲ့ရတဲ့ ခရီးစဉ်သစ်လေးပေါ့။

တစ်ခါမှ မသွားဖူး၊ မရောက်ဖူးတဲ့ဒေသကို သွားရမယ်။ ပြီးတော့ အတွေ့အကြုံသစ်တွေ တွေ့ရမယ်ဆိုတော့ စိတ်ဝင်စားမိတာအမှန်ပဲ။ တကယ်သွားရမယ့်အချိန်မှာ တစ်ယောက်တည်းသွားရမယ်ဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ တစ်မျိုးပဲ။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးလုံးဝမရှိတဲ့ဒေသမှ မဟုတ်တာပဲဆိုပြီး ခရီးအတွက် ပြင်ဆင်ရတော့တယ်။

သွားရမှာက ကျိုက်လတ်မြို့ဝန်းကျင်က ရွာလေးတွေ၊ ကျိုက်လတ်ကိုသွားဖို့ ရန်ကုန်ဆိပ်ကမ်းကနေ သင်္ဘောနဲ့သွားလို့ရတယ် (၃)နာရီလောက်ကြမယ်ဆိုတော့ စိတ်ညစ်သွားတယ်။ ကျွန်တော် သင်္ဘောနဲ့မသွားချင်ဘူးလေ။ ဒါပေမယ့် PM ရဲ့ နောက်ဆက်တွဲစကားကြောင့် စိတ်ချမ်းသာသွားတယ်။ ရန်ကုန်ကနေ ဒလဘက်ကမ်းကို ကူးပြီး၊ ဒလကနေ ဖျာပုံမြို့ကို (၃)နာရီလောက် ကားစီး၊ ဖျာပုံရောက်ရင် ဆိုင်ကယ်တက္ကစီနဲ့ (၁)နာရီကျော်ကျော်လောက်သွားရင် ကျိုက်လတ်ကို ရောက်တယ်။ ကျွန်တော့်ရဲ့ ဖျာပုံက၀န်ထမ်းတွေက ဖျာပုံမှာပဲတည်းပါ။ အဲဒီကမှ သူတို့လာခေါ်မယ်လို့ပြောတယ်။ အဲလိုသွားရင်လည်း အဆင်ပြေတယ်ဆိုတော့ သင်္ဘောနဲ့စာရင် ဒီလမ်းက ပိုပြီးအဆင်ပြေမယ်လို့တွက်ပြီး ဒီလိုပဲ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။


Wednesday, February 10, 2010

စာပေအမွေ ဆက်ခံလိုသူ

* ပသီမာလာဆွေရေးသားသည်။

“သမီး၊ သမီးဟာ စာရေးစာဖတ်ဝါသနာပါသူပါ၊ ဒါပေမယ့် သမီးပြုစုတဲ့ တေး၊ ဂီတ၊ စာပေဟာ အနုပညာတစ်ရပ်ဖြစ်တယ်ဆိုတာ အပါ လက်ခံပါတယ်။ သို့သော်လည်း ဂီတစာပေဆိုတာ တိုင်းပြည်အတွင်းမှာတေ့ မကျယ်ဝန်းလှဘူး၊ အများအကျိုးပြုစာပေဖြစ်တဲ့ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာတို့ကို ရွေးစေချင်တယ် သမီး”

ကျွန်မ၏ဖခင်ကြီးပြောခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပါပြီ။ သို့တိုင် ကျွန်မ၏ နားထဲတွင် ကြားယောင်လျက်ပါ။
စာရေးချင်ပါသည်။ စာရေးခြင်းဖြင့် ပြည်သူ့အကျိုးပြုချင်ပါသည်။ သမီးငယ် ၃-ယောက်နှင့် ခင်ပွန်းသည်၏ တာဝန်ကို မလစ်ဟင်းစေလိုသည် ဗာဟီရတို့ကြောင့် စိတ်ရှိသော်လည်း ကိုယ်မပါခဲ့နိုင်ပါ။

ယနေ့ ကျွန်မရင်တွင်း ခံစားမှုတစ်ရပ်ကို လူတွေအား ပြောပြ၍ ရင်ဖွင်ချင်မှုပေါ်ခဲ့ရသည်။ ကျွန်မရင်တွင်းခံစားရမှုကို ပြောပြလိုသော်လည်း ဘယ်သူတစ်ဦးတစ်ယောက်က လက်ခံနားထောင်လိုပါမည်နည်း။
ထုတ်ဝေကြသည့် စာစောင်တစ်ရပ်ရပ်တွင် ပါခဲ့ရသော် အနည်းဆုံး လူ ၁၀၀-၂၀၀ တို့ကို ရင်ဖွင့် ပြနိုင်မည်ဖြစ်ခြင်းကြောင့် ဤဆောင်းပါးကို ရေး၍ အစ္စလာမ့်မျက်ဝန်းသို့ ပို့ခဲ့ခြင်းဖြစ်ပါသည်။

စာပေအမွေဆက်ခံကြစေချင်

* ပသီကိုကိုလေးရေးသားသည်။

ရဲဘော်တို့အားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းချီးမင်္ဂလာအဖြာဖြာ သက်ရောက်ပါစေ။
ပေးပို့ကြတဲ့ အစ္စလာမ်မျက်ဝန်းစာစောင်များကို ကောင်းစွာလက်ခံရရှိခဲ့ပါတယ်။ ခေတ်စကားအရ ကျေးဖူးကမ္ဘာကမ္ဘာပါ။

အမှတ်-၆ ပို့စဉ်က စာမူတောင်းခဲ့ကြတယ်။ ရဲဘော်တို့ တာဝန်ကျေပွန်ကြပါတယ်။ အတောင်းခံရသူဘက်က မပို့နိုင်တာ ခွင့်လွှတ်ကြပါ။

စာမူ မပို့နိုင်ခဲ့တာကို ဟိုကြောင့် ဒီကြောင့် ဆင်ခြေမပေးလိုပါဘူး။ အသက် ၇၀-ကျော်လာတော့ မျက်စိ ဒုက္ခပေး လာတယ်။ နှစ်ဖက်စလုံး တိမ်ရှိနေတယ်။ ဆရာဝန်က ခွဲကုဖို့ အကြံပြုခဲ့တာ နှစ်နှစ်ကျော်ရှိခဲ့ပါပြီ။ ခေတ်အခြေအနေက တတ်နိုင်စွမ်းမရှိသေးတော့ မခွဲနိုင်သေးပါ။ မျက်စိမကောင်းတော့ စာဖတ်အားနည်းလာတယ်။ ဆက်စပ်မှုက စာရေးအားလည်း နည်းခဲ့ရတယ်။ ဒီတော့လဲ ရေးချင်တာ မရေးနိုင်၊ တောင်းတဲ့စာမူ မပို့နိုင်ခဲ့ဘူးပေါ့။

ဒီစာရေးမယ်ဆိုတော့ နောက်ကြောင်းပြန်သတိရမိတယ်။ ၁၉၅၀ မတ်လ ဒီကနေ့က နောက်ကြောင်းပြန်ရင် နှစ်ပေါင်း ၄၂-နှစ်ကျော်ခဲ့ပြီပေါ့။ ယန်စီမြစ်ပေါ်မှ ပြည်သူ့အကျိုးပြု တံတားကြီးဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ရေးတယ်။

Thursday, January 28, 2010

သံယောဇဉ်ဖြင့်တနူးတညံ့ချည်နှောင်ထားသော

တစ်ကိုယ်စာ အခန်းလေးထဲတွင် ပျံ့လွင့်နေသော သီချင်းသံတိုးတိုးနှင့်အတူ သတိရတတ်ခြင်းတို့က လေထုထဲ၌ ပဲ့တင်ထပ်နေမည်လား။ ပြတင်းပေါက်မှ အခန်းအပြင်ဘက်ကို ကြည့်မိလိုက်သောအခါ တွဲရရွဲခိုဖူးပွင့်နေသော ငုပန်းခိုင်များကို တွေ့လိုက်ရသည်။

မိုင်(၄၀၀)ကျော်ကွာဝေးသည့် မန္တလေးတက္ကသိုလ်မှ ကျွန်မ အကြိမ်ပေါင်းများစွာ မက်မက်မောမော လျှောက်ခဲ့ဖူးသည့်လမ်းကလေးတလျှောက်တွင်လည်း ငုပန်းတို့ဝါလျော်စွာဖူးပွင့်နေရော့မည်ပဲ။ သည်ငုပန်းတွေဟာ ဘာကြောင်းများ ကျွန်မအတွက် လွမ်းဆွတ်မှုတစ်စုံတစ်ရာကို ပေးစွမ်းနိုင်နေရတာပါလဲ။ ကျောင်းသူတစ်ယောက်၏ပျော်ရွှင်ခဲ့ဖူးသောအချိန်များဆီက မြေနီလမ်းကလေး၊ တမာရနံ့မွှေးပျံ့နေတတ်သော လမ်းကလေး၊ ငုပန်းခိုင်တို့ လှလှပပ ဖူးပွင့်နေတတ်သော လမ်းကလေးနှင့်အလှမ်းဝေးစွာနေထိုင်နေရသော ကာလများတွင် မမေ့နိုင်ခြင်းတို့နှင့်အတူ သတိရခြင်းတို့ကိုတော့ ကျွန်မသိမ်းဆည်းထားချင်ပါသေးသည်။


Thursday, January 14, 2010

တမန်တော်မြတ်အပေါ် ကမ္ဘာကျော်သုတေသီတို့၏အမြင်များ

လားအိလ္လာဟ အိလ္လောက်လာဟို့
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခ၀ပ်ကိုးကွယ်ခြင်းခံထိုက်သူမရှိ။
မုဟမ္မဒ်သုလ် ရစူလ်လွလ္လာဟိ

မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော စေတမန်တော်ဖြစ်တော်မူသည်။
ဤကလိမဟ်တော်ကို ဆင်ခြင်ကြည့်ခြင်းအားဖြင့် တမန်တော်မြတ်၏ ထူးကဲမြင့်မြတ်တော်မူပုံကို အလ္လာဟ်အရှင်မြတ်ကပင် အသိအမှတ်ပြုထားကြောင်း ခိုင်လုံတိကျသည့် သက်သေလက္ခဏာတစ်ရပ်ပင်ဖြစ်ပေသည်။

“စင်စစ်သော်ကား (အို … နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ မဟာကရုဏာတော်အဖြစ်နှင့်သာ စေလွှတ်တော်မူခဲ့လေသည်”ဟု ကျမ်းတော်မြတ်ကုရ်အာန်(၂၁း၁၀၇)တွင် ပါရှိလေသည်။ ထို့ကြောင့် လူသားတို့အပေါ် ထားရှိရမည့် သစ္စာ၊ ကရုဏာ၊ စေတနာ၊ လူမှုကိစ္စအ၀၀ကို ကျမ်းတော်မြတ် ကုရ်အာန်ပါအတိုင်း တစ်သဝေမတိမ်းလိုက်နာရုပ်လုံးဖော်ခဲ့သော မဟာလူသား တမန်တော်မြတ်၏ ချီးကျူးဖွယ်ရာများမှာ အံ့မခန်းစရာပင်။ ထို့ကြောင့် ကမ္ဘာကျော် သုတေသီအများအပြားတို့သည် တမန်တော်မြတ်အပေါ် အမြင်သဘောတရားများကို ဖွင့်ဆိုထားကြပေသည်။ ထိုဖွင့်ဆိုထားသည့်အထဲမှ လက်လှမ်းမီသမျှကို ကောက်နှုတ်တင်ပြအပ်ပါသည်။

တမန်တော်ပွင့်ပေါ်မည့်အကြောင်း ရှေးကျမ်းဂန်များမှ ဟောကိန်းများ

အာဒမ်ကခြေကိုဆန့်အလိုက်တွင် လေထုအအတွင်း၌ ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခ၀ပ်ကိုးကွယ်ရာမရှိ။ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ စေတမန်တော်ဖြစ်သည်’ဟု ရေးသားထားသော စာတမ်းကို သူရိယနေမင်းထွန်းတောက်သည်သို့ လင်းဝင်းစွာတွေ့ရလိုက်သည်။ ဤတွင် သူ့ခမျာ ပါးစပ်ဟောင်းသားနှင့် “အို … ကျေးဇူးတော်ရှင်၊ အရှင်က ကျွန်တော်မျိုးကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပါသည်။ အရှင့်အားဆည်းကပ်ပါ၏။ ကျွန်တော်မျိုးအား ပြောပြတော်မူလှည့်ပါ။ မုဟမ္မဒ်သည်အလ္လာဟ်တမန်တော်ဟူသော စကားရပ်၏အနက်ကို ရှင်းပြတော်မူပါ။ ကျွန်တော်မျိုးအရင် အခြားလူသားရှိနေပါသေးသလား။ အို … အရှင်”ဟု မေးလာရှာသည်။


Saturday, January 02, 2010

MMSY ၃-နှစ်ပြည့်မွေးနေ့ တွေ့ဆုံပွဲခရီးစဉ် အမှတ်တရ (တောင်ကြီး)

MMSY ၃-နှစ်ပြည့်မွေးနေ့ တောင်ကြီး မန်ဘာတွေ့ဆုံပွဲသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရလေးပေါ့ …

တောင်ကြီးမန်ဘာတွေ့ဆုံပွဲ ရှိတယ်ဆိုတော့ တအားသွားချင်ခဲ့တယ်။ ဒါနဲ့ပဲ တောင်ကြီးကိုရောက်အောင် သွားခဲ့တယ်။ ၃၀-ရက်နေ့ညနေ (၇း၀၀)နာရီကားနဲ့ မန္တလေးကနေ တောင်ကြီးကို ကားနဲ့သွားခဲ့တယ်။ အဲကွန်းကားဆိုတော့ တော်တော်လေးအေးတယ်။ အောင်ပန်းရောက်လို့ ကားပေါ်က ခဏဆင်းတာနဲ့ အအေးဒဏ်ကို တော်တော်လေးခံလိုက်ရတယ်။ ချမ်းလွန်းလို့ ခုန်နေရတယ်။

အဲဒီကနေ ဆက်သွားတော့ တောင်ကြီးကို မနက် ၅း၀၀ နာရီလောက်မှာ ရောက်သွားတယ်။ တောင်ကြီးမှာလည်း ကားပေါ်ကဆင်းဆင်းချင်း ခုန်နေရတယ် ချမ်းလွန်းလို့လေ။ အဲဒီကနေ တည်းတဲ့နေရာကို ရောက်တော့ ကိုလတ်လာခေါ်မယ့်အချိန်က လိုသေးတာကြောင့် ခဏနားရင်း အိပ်ပျော်သွားခဲ့တယ်။ နောက် ၈း၃၀ လောက်မှာ ကိုလတ်လာခေါ်တယ် ယာဆင်းနဲ့အတူတူ။ မန်ဘာတွေ စုရပ်နေရာကို သွားကြတယ်။ ကိုလတ်က ကျွန်တော့်ကို ကားရှေ့ခန်းမှာထိုင်ဖို့ပြောတယ်။ ကျွန်တော်က ရှေ့ခန်းကထိုင်ရင် အသက်ကြီးလို့ထိုင်နေမှန်းသိကုန်လိမ့်မယ် မထိုင်ဘူး နောက်မှာပဲထိုင်မယ်ဆိုတော့ အသက်ကြီးတဲ့ မန်းတလေးက အဘတစ်ယောက် ရှေ့ခန်းမှာ သွားထိုင်ရတော့တယ်။

စုရပ်ရောက်တော့ တောင်ကြီးက မောင်နှမတွေရဲ့ နွေးထွေးဖော်ရွေတဲ့ခင်မင်မှုကြောင့် စိတ်ထဲမှာ ကြည်နူးဝမ်းသာမိတယ်။ အားလုံးစုံကြတော့ ကားတစ်စီးရယ် ဆိုင်ကယ်(၄)စီးရယ်နဲ့စုပြီး အေးသာယာဂေါက်ကွင်းကို သွားကြတယ်။ အားလုံး (၂၈)ယောက်။ အဲ ပထမ တည်းတဲ့နေရာကနေ စုရပ်ကို သွားကြတော့ ကားက မိုးကာကို တစ်ခြမ်းဖွင့်ထားတယ်။ လေတိုက်တော့ ကျွန်တော်က တအားအေးတာပဲဆိုတာနဲ့ ဂေါက်ကွင်းကို သွားကြတော့ မိုးကာကို နှစ်ဖက်လုံး ပိတ်ပေးကြတယ်။ မိန်းကလေးတွေက ကားထဲမှာထိုင်ပြီး ယောက်ျားလေးတစ်ချို့ ကားထဲမှာ ကားနောက်မှာ ပိတ်ထိုင်ကြတယ်။ အဲဒီမှာ အလုံပိတ်ထားသလိုဖြစ်ပြီး လေမ၀င်တော့ ကျွန်တော် ခေါင်းတော်တော်လေးမူးလာတယ်။ ညက ကားစီးလာတော့ မအိပ်လိုက်ရတဲ့ အရှိန်လည်းပါမယ်ထင်တယ်။