Sunday, December 30, 2012

လူတချို့ကို စိတ်ပျက်မိသောအခါ

ဒီတစ်လောများ လူတချို့ကြောင့် လူတွေရဲ့ စိတ်ဓါတ်တချို့ကို စိတ်ပျက်မိပါရဲ့ .....
ဝိုင်းဝန်းကြိုးစားနေကြချိန်မှာပဲ အလဲထိုး အပြိုပြိုအကွဲကွဲဖြစ်အောင် ဖျက်ဆီးချင်သူတွေကလည်း ပေါမှပေါ ....
အချင်းချင်းသွေးခွဲ .... စည်းလုံးမှု ပြိုကွဲအောင် လုပ်ချင်သူတွေလည်း များမှများ ......

အဲလို ဖျက်ဆီးချင်သူတွေဟာ တခြားတွေမဟုတ်ပဲ ကိုယ့်အချင်းချင်းတွေ (အားလုံးမဟုတ်သော်လည်း အဲဒီစိတ်ဓါတ်ရှိနေသူများ)ဖြစ်နေတဲ့အတွက် ပိုလို့တောင် စိတ်ပျက်မိပါရဲ့။
လူတွေကို စိတ်ကုန်ချင်စိတ်လည်း ဖြစ်မိပါရဲ့ ......
စိတ်ညစ်သူတွေကို အားပေးရင်းနဲ့ လူသားပီပီ ကိုယ်တိုင်လည်း ပေါက်ကွဲစိတ် ဖြစ်မိပါရဲ့ (သတိထားပြီးပြန်ထိန်းနေရတယ်ကိုယ့်ကိုယ်ကို) ......

အားလုံး အားလုံးသော အကြောင်းတွေကို ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းရင်းနဲ့ပဲ ကြိုးစားနေတဲ့လုပ်ငန်းစဉ်တွေ ဆက်တိုက်ဖြစ်နေအောင် ကြိုးစားနေမိတယ် ......
ပြောလိုက်ရတဲ့စကား၊ ပြောလိုက်ရတဲ့ ဖုန်းတွေကြောင့်လည်း လူလည်း ပျာယာကို ခပ်နေတာပဲ .....

မနေ့ညနေကတော့ appointment တစ်ခုသွားရင်း ကြားသိလိုက်ရတာတွေက ကိုယ့်အတွက် အင်အားတစ်ရပ်ဖြစ်စေခဲ့လို့ အဲဒီ အစ်မ (တကယ်ဆို ကိုယ့်ထက်တောင် အသက်ငယ်နေသေးတယ်။ သူ့တာဝန်က ကြီးလွန်းတော့ အသက်အရွယ်ရ ရင့်ကျက်နေသူတစ်ယောက်) ပြောတာတွေက ကိုယ်သင်ခန်းစာရလိုက်တာတွေ၊ သင်ခန်းစာယူဖွယ်တွေ၊ ရှေ့ဆက်ရမှာတွေအတွက် အားသစ်တွေ တိုးလာခဲ့တယ်။

ကိုယ့်စိတ်မှာရှိနေပြီးသားအရာတွေအားလုံး ဒီရက်ပိုင်းမှာ ဖုံးကွယ်နေခဲ့တာတွေကို ပြန်ဖော်ထုတ်ပေးလိုက်သလိုပဲ။ အဲဒီ အစ်မကို ကျေးဇူးတကယ်တင်မိတယ်။ သြော် .... ဒီလို မွတ်စလင်မ်တွေလည်း ရှိပါသေးတယ်လို့ စိတ်ကို ပြန်ဖြေရင်း လူတချို့အပေါ် စိတ်ပျက်မိတဲ့စိတ်ကို ဖျောက်ပစ်နိုင်ခဲ့တယ် ....... ။


Sunday, December 09, 2012

ကောင်းမွန်တဲ့စိတ်ဓါတ်သည်သာ ပဓာန


ကျွန်မတို့ဝန်းကျင်မှာ အများစုပြောနေကြတဲ့စကားလေးကြားဖူးတယ်။ ကျွန်မကိုယ်တိုင်လည်း အဲဒါကို လက်ခံပါတယ်။ အဲဒါကတော့ help yourself, help your friends and help your environment တဲ့။ အဲဒီစကားကို တခြားသူတွေက ဘယ်လိုခံယူချက်မျိုးနဲ့လက်ခံလည်း မသိပေမယ့် ကျွန်မလက်ခံတာကတော့ အများအကျိုးအတွက် လုပ်ဆောင်သူဟာ ကိုယ်တိုင်လည်းပြည့်ဝနေရမယ်၊ နောက် ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေ၊ အဲဒီကမှတဆင့် ကိုယ့်ပတ်ဝန်းကျင်အသိုင်းဝိုင်းတစ်ခုလုံး ပြည့်ဝစေရန်လုပ်ဆောင်ဖို့လိုတယ်လို့ ခံယူတယ်။ ပြည့်ဝနေရမယ်ဆိုတဲ့အပိုင်းမှာလည်း အဓိက စိတ်ဓါတ်ပြည့်ဝမှုလို့ ကျွန်မခံယူပါတယ်။

ဒီရက်ပိုင်းမှာ မထင်မှတ်ပဲ ခဏခဏကြားနေရတဲ့ စကားလေးတစ်ခုက ထပ်တိုးလာပြန်တယ်။ "အများအတွက် ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေရှိတယ်။ အဲဒါတွေလုပ်နိုင်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် အရင်အခြေခိုင်အောင်လုပ်ရဦးမယ်။ အလုပ်တွေလုပ်ဖို့အတွက် ကျွန်တော်စီးပွားရေးကောင်းအောင်၊ ငွေကြေးအဆင်ပြေအောင်အရင်လုပ်ရမယ်၊ ကိုယ်တိုင်ပြည့်အောင်အရင်ဖြည့်ရမယ်"တဲ့။ ဟုတ်ပါတယ် ကျွန်မတို့တွေ အများအတွက်လုပ်နိုင်ဖို့ ကိုယ်တိုင်အခြေခိုင်ဖို့လိုပါတယ်။ နောက်ပြန်လှည့်မကြည့်ရအောင် ကိုယ်တိုင်လည်းစီးပွားရေးအခြေခိုင်ဖို့လိုပါတယ်။ ကိုယ်တိုင်လည်း ပြည့်ရပါမယ်။

Monday, November 12, 2012

မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

ကျွန်မတို့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံး ၁၂-လရာသီ ပွဲတော်များနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ အဲလို ပွဲတော်တွေရှိတဲ့အနက် ဘုရားပွဲတော်လို့ နာမည်တပ်တဲ့ ပွဲတော်တွေက ပိုလို့တောင်များနေပါတယ်။ ကျွန်မသိမြင်ရသလောက် ဘုရားပွဲတော်ရှိလာပြီဆိုရင် ဇာတ်ပွဲတွေ၊ အငြိမ့်တွေ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများအပြားပါဝင်တယ်။

ပွဲဈေးတန်း တခု (Photo : HotNews Journal)
ဘုရားပွဲတော်ရှိပြီဆိုရင် တစ်ခြားသူတွေတော့ ဘယ်လိုကြောင့် ပျော်ရွှင်ကြလဲ ကျွန်မ မသိဘူး။ ကျွန်မကတော့ ပွဲဈေးတန်းသွားပြီး မုန့်တွေစားရတာ အလွန်သဘောကျတယ်။ ပွဲဈေးတန်းသွားတယ်။ စားစရာတွေဝယ်တယ်။ ကောက်ညင်းကျည်ထောက် (တချို့ဒေသတွေက ခဲတံချောင်းလို့လည်းခေါ်တယ်လို့ပြောတယ်။)၊ မုန့်မောင်နှမ (မုန့်လင်မယားလို့လည်း ခေါ်ကြသေးတယ်။)၊ မုန့်ရေပါး၊ မုန့်သိုင်းချုံ၊ မုန့်လုံးကြီး အဲဒါတွေကို ကျွန်မ အလွန်ကြိုက်တယ်။ ပြီးတော့ မုန့်လေပွေလို့ခေါ်သလား ဘယ်လိုခေါ်သလဲမသိဘူး။ မီးကင်လိုက်ရင် မုန့်က အကြီးကြီးဖြစ်သွားပြီး စားလို့သိပ်ကောင်းတာပဲ အဲဒါကိုလည်းကြိုက်တယ်။

Monday, October 29, 2012

မေတ္တာမွန်ပညာဒါနသို့အလည်တခေါက် (ထမလုံ၊ သန်လျင်)

ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ထမလုံကျေးရွာမှာ ပညာဒါနကျောင်းလေးတစ်ခုဖွင့်ထားတယ်ဆိုတာ သိရတာကြောင့် သွားရောက်လေ့လာခဲ့ပါတယ်။

ထမလုံမှာ ပညာဒါနကျောင်းလေးတစ်ခုဖွင့်ထားတယ်ဆိုတော့ သွားရောက်လေ့လာကြည့်ချင်စိတ်ဖြစ်လာတယ်။ ကျွန်မလည်း သံလျင်ကို ၃-ခါလောက်ရောက်ဖူးပေမယ့် ထမလုံထိ တစ်ခါမှ မရောက်ဖူးဘူး။ ဘယ်လိုသွားရမှန်းလဲ မသိဘူး။ ဒါနဲ့ပဲ ရန်ကုန်ကမောင်နှမတချို့နဲ့ တိုင်ပင်ပြီး အတူတူသွားဖို့ တိုင်ပင်လိုက်ကြတယ်။ သွားမယ့်နေ့ အောက်တိုဘာ ၂၇-ရက်နေ့မှာ ကျွန်မတို့တွေ ထမလုံကိုရောက်သွားခဲ့တယ်။ ရောက်သွားတာကလည်း လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ ဟိုမေးဒီမေးနဲ့ ဖြေပေးလမ်းညွှန်ပေးသူတွေကလည်း စေတနာအပြည့်နဲ့ကူညီလမ်းညွှန်ပေးကြပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ သွားချင်တဲ့ ထမလုံက မေတ္တာမွန်ပညာဒါနကျောင်းလေးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တယ်။ ကျွန်မတို့ ရောက်သွားတော့ ကျွန်မတို့ လာမယ်ဆိုတာ ကြိုမပြောထားတာရယ်၊ ပြီးတော့ အခုလို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာရယ်ကြောင့် အဲဒီကျောင်းလေးကို ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကျောင်းအုပ်H.ဦးမျိုးအောင် ကလည်း အလွန်အံ့အားသင့်သွားတယ်။

ကျွန်မတို့လည်း မေတ္တာမွန်ကျောင်းလေးရဲ့ လုပ်ဆောင်နေမှုကို မေးမြန်းကြည့်တော့ H.ဦးမျိုးအောင်က စိတ်ရှည်လက်ရှည်ပြောပြပေးပါတယ်။
  • မေတ္တာမွန်ပညာဒါနကို ၂၀၀၃ ခုနှစ်မှစတင်ခဲ့ပြီး ပညာရေးကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။ ပညာကို အကြောင်းခံနိုင်မှသာ လူမှုဘ၀မြင့်မားတိုးတက်နိုင်မယ်လို့ခံယူပြီး မိဘတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးတယ်။ သာကေတမြို့နယ် ရပ်ကွက်အနှံ့က ဆင်းရဲချို့တဲ့ တဲ့ ကလေး ၁၀၀-ကျော်ကို ကျောင်းဝတ်စုံ၊ စာအုပ် စတာတွေ ပံ့ပိုးပေးခဲ့ပါတယ်။ နောက် ၂၀၀၅/၂၀၀၆ ပညာသင်နှစ်မှာ ကျောင်းသား ၃၀၀ နီးပါး ကို ပံ့ပိုး ထောက်ကူပေးနိုင်ခဲ့တယ်။

Wednesday, October 10, 2012

ပြန်တမ်းတမိတဲ့ ဟိုအရင်တချိန်

ဒီနေ့ညနေ ပြန်လာတော့ မတွေ့ဖြစ်တာ အတော်ကြာပြီဖြစ်တဲ့ နှစ်ယောက်ကို ပြန်တွေ့လိုက်ရတော့ ၁၉၉၆-ခုနှစ်ရယ် ၂၀၀၈-၂၀၀၉ ခုနှစ် ၀န်းကျင် အချိန်တွေရယ်ကို ပြန်သတိရလိုက်မိတယ်။

ညနေက ဆိုင်ကယ်မောင်းလာရင်း တခြားဆိုင်ကယ်တစ်စီးက အသိမို့လို့ခေါ်မယ့်ပုံစံနဲ့ ဘေးနားကပ်လာတာနဲ့ လှည့်ကြည့်လိုက်တော့ ဆိုင်ကယ်စီးဦးထုတ်ကမျက်နှာပါ မှန်ကာဗာနဲ့ဆိုတော့ ဘယ်သူမှန်းမသိတာနဲ့ ရှေ့ကိုပဲ အာရုံစိုက်ပြီးပြန်မောင်းနေလိုက်တယ်။ အဲဒါနဲ့ အဲဒီဆိုင်ကယ်က ရှေ့နားကျော်သွားပြီးမှ ဘေးနားပြန်ရောက်လာပြီး ဆိုင်ကယ်ဦးထုတ်မှန်ကိုမတင်ရင်း 'ဟာ အစ်မ မ၀ိုင်း ကျွန်တော်ဗျာ အစ်မနဲ့တူပါတယ်လို့ ကြည့်နေတာ ဘယ်တုန်းက ပြန်ရောက်နေတာလဲ။ အစ်မအစ်ကိုတွေနဲ့ရော တွေ့ဖြစ်လား'ဆိုပြီး ဟိုလူနဲ့တွေ့လား ဟိုလူရော ဘယ်ရောက်နေလဲ ဆိုပြီး ဆိုင်ကယ်မောင်းနေရင်းနဲ့ပဲ ရှေးခေတ်ဟောင်းအောက်မေ့ဖွယ်ပြောလိုက်ကြတယ်။ မှတ်မှတ်ရရ ၂၀၀၈ ၀န်းကျင်မှာတုန်းက ရုံးမှာဘာပဲစားစား သူတို့တွေနဲ့အတူတူစားကြရင် လုရင်းစားရင်း ပျော်ရွှင်ခဲ့ရတာကြောင့် ကျွန်မ ပိန်တာရိုးဘ၀ကနေ နည်းနည်းလွန်မြောက်လာခဲ့ရတာကို မမေ့ဘူးလေ။

နောက်တစ်ယောက်ကတော့ လမ်းကွေ့မှာ အမှတ်မထင် မျက်နှာချင်းဆိုင်ဆုံလိုပ်တော့ ပထမတော့ မမှတ်မိကြပဲ မျက်နှာလွှဲလိုက်ကြတယ်။ ပြီးမှ ဒီမျက်နှာကို ရင်းရင်းနှီးနှီးသိနေတာကြောင့် သူကြည့်ကိုယ်ကြည့် ပြန်ကြည့်ပြီး အသည်းအသန်နှုတ်ဆက်လိုက်ရင်းပဲ ခရီးဆက်ခဲ့ရတယ်။ ဒီသူငယ်ချင်းကလည်း မှတ်မှတ်ရရပါပဲ။ သူနဲ့ကျွန်မက ရပ်ကွက်တစ်ခုတည်းအတူတူပဲ။ သူ့မရီးက ညနေတိုင်းကျွန်မတို့ကို စာပြပေးလေ့ရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ၉-တန်း အဲဒီသူငယ်ချင်းက ၈-တန်းပေါ့။ နောက် ကျွန်မ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာ အဲဒီသူငယ်ချင်းက ၁၀-တန်းရောက်လာတော့ သူ့ကို စာပြန်ပြပေးဖြစ်တယ်။

Saturday, October 06, 2012

နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ

အောက်တိုဘာ၊ ၆၊ ၂၀၁၂
M-Media
ဇေယျာသူ

အခုတလော ကျွန်မလည်း စာမရေးဖြစ်ပဲ စာတွေပဲဖတ်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ထူးထူးခြားခြား သတိထား ဖတ်မိနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘုန်းကြီးကျောင်းတွေကို မီးရှို့တဲ့သတင်းကစထွက်ပေါ်လာကတည်းက အခုနောက်ဆုံး အခြေအနေထိကို ဆက်တိုက်ဖတ်ဖြစ်နေတယ်။
ကျွန်မကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကပဲဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်လုပ်တာမျိုးကို မနှစ်သက်ပါဘူး။

ဘင်္ဂလားဒေရှ် နိုင်ငံ သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)

“ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ဟဆီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဆင်းတုတော်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး မိမိတို့ ရှုတ်ချကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟေဒင် ခန်အလမ်ဂီက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။”
“အတိုက်အခံ ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလီဒါဇီရာကမူ အစိုးရသည် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲသွားသည်။ သူမက အစိုးရအနေဖြင့် ယခုကိစ္စကို အမြတ်ထုတ်ကာ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန် ရည်ရွယ်ထားကြောင်း အပြစ်ဖို့ခဲ့သည်။ “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါပဲ။ ဖြစ်ရပ်အားလုံးရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် မကောင်းတဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်”ဟု ဇီရာက ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော နေရာဒေသ တစ်လျှောက်တွင် ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရက လူအများ စုရုံးမှုကို ပိတ်ပင်တားဆီးထားပြီ ဖြစ်သည်။”

Tuesday, October 02, 2012

လူသားတစ်ယောက် မွေးဖွားလာတဲ့နေ့

လူသားတွေအများကြီးဟာ တစ်ယောက်ပြီးတစ်ယောက် လူ့လောကကြီးထဲကို ၀င်လာနေကြတယ်။ ဒီထဲကမှ လူသားတစ်ယောက် လူ့လောကကြီးထဲ ရောက်လာတဲ့နေ့တစ်နေ့ကို ကျွန်မ ပိုပြီးမှတ်မှတ်ယယ ရှိနေခဲ့တယ်။ အဲဒီနေ့က ကျွန်မလူ့လောကကြီးထဲရောက်လာပြီး ဆယ်စုနှစ် တစ်ခုပြည့်ခဲ့တဲ့ သက္ကရာဇ်တစ်ခုမှာပေါ့ . . . ။


အဲဒီနေ့ မနက်အစောလင်းအားကြီးအချိန်မှာ ကျွန်မ အိပ်ပျော်နေရာကနေ ရုတ်တရက်နိုးသွားခဲ့တယ်။ ခါတိုင်းလို ကျွန်မဘေးမှာ အိပ်တဲ့ အစ်မ၀မ်းကွဲကိုလည်း မတွေ့ရဘူး။ ဒါနဲ့ အိပ်ခန်းအပြင်ထွက်သွားလိုက်တော့ အစ်မကိုတွေ့လိုက်တယ်။ ဒါနဲ့ ‘အစ်မ ဘာလုပ်နေတာလဲ၊ မေမေတို့ရော’လို့ မေးလိုက်တယ်။ ဒါနဲ့ အစ်မက ‘အန်တီမာ ဗိုက်နာလို့ ဆေးရုံကိုသွားပြီ ပြန်အိပ်တော့နော်။ မနက်မှ ဆေးရုံကိုသွားကြမယ်’ဆိုတာကြောင့် ကျွန်မပြန်အိပ်ပျော်သွားခဲ့တယ်။ မနက်မိုးလင်းတော့ ကျွန်မနဲ့ညီမလေးလည်း အိပ်ယာနိုးတော့ အစ်မက မုန့်ကျွေးကော်ဖီတိုက်ပြီး ဆေးရုံသွားဖို့ ပြင်ဆင်နေတုန်း အဖေပြန်ရောက်လာတယ်။ ဒါနဲ့ အစ်မကပြေးပြီး ‘ဦးလေး၊ အန်တီမာ ကလေးလေး မွေးပြီလား’လို့မေးလိုက်တယ်။ ကျွန်မလည်း အစ်မနောက်က အပြေးလိုက်သွားတာဆိုတော့ အဖေပြန်ပြောလာမယ့်စကားကို စောင့်နေမိတယ်။

Monday, October 01, 2012

အင်္ဂလန်နိုင်ငံရဲ့ Edexcel IGCSE ဖြေဆိုရာတွင် A* ရခဲ့တဲ့ မခင်မြင့်မြတ်ဇင်နှင့် တွေ့ဆုံခြင်း

အင်္ဂလန်နိုင်ငံကစစ်ဆေးသော Edexcel IGCSE ဖြေဆိုရာတွင် A* ဖြင့် အောင်မြင်ခဲ့တဲ့ မခင်မြင့်မြတ်ဇင်ကို M-Media ထူးချွန်မွတ်စလင်မ် လူငယ်ကဏ္ဍအတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာပါ ညီမလေး။
မင်္ဂလာပါ အစ်မ။

ညီမလေးရေ၊ ညီမလေးက Edexcel IGCSE ဖြေတာမှာ A(*)အဆင့်နဲ့ အောင်မြင်ခဲ့တယ်ဆိုတာ သိရတယ်လေ။ အဲဒါကြောင့် MMSY ရဲ့ ထူးချွန်လူငယ်ကဏ္ဍအတွက် ညီမလေးကို အင်တာဗျူးလုပ်မယ် ဆိုတော့ စလိုက်ကြရအောင်နော်။
ဟုတ်ကဲ့ပါ အစ်မ။ စလို့ရပါပြီ။

ညီမလေးရဲ့ နာမည်ကို ပြောပြပေးပါဦး။ အာရဗီနာမည်ရော၊ မြန်မာနာမည်ရော။
မြန်မာနာမည်က ခင်မြင့်မြတ်ဇင်၊ အာရဗီနာမည်ကတော့ ဆိုဖီယာပါ။

မိဘတွေကရော။
ဦးခင်မောင်ဇင်နဲ့ ဒေါ်ဝါ၀ါနိုင်ပါ။ မန္တလေးမှာနေပါတယ်။

ညီမလေးအသက်နဲ့ မွေးသက္ကရာဇ်ပြောပြလို့ရမလား။
သမီး အသက်က ၁၆-နှစ်ခွဲပါ။ မွေးသက္ကရာဇ်က ၁၄.၄.၁၉၉၆ ပါ။

မိန်းမနှစ်ယောက်ရဲ့ ဖွင့်-အံ ခြင်း

သူငယ်ချင်း ၂-ယောက် အမှတ်မထင် ဆုံဖြစ်လိုက်ကြတဲ့ အချိန်ခဏအတွင်းဝယ် ................ :)

YY :          နေကောင်းလား။ ဘာလုပ်နေလဲ။ မတွေ့တာကြာပြီ
MM :        မကောင်းတကောင်းပဲ သူငယ်ချင်းရယ်။

YY :         ဘာဖြစ်လို့လဲ။
MM :       ယောကျာ်းတွေကို စိတ်ကုန်တယ်။

YY :         ဟယ် … ယောက်ျားတွေအားလုံးကိုတော့ စိတ်မကုန်ပါနဲ့။ မကောင်းတဲ့ယောက်ျားတွေရှိသလို ကောင်းတဲ့ယောက်ျားတွေလည်း ရှိပါသေးတယ်။

MM :       အဲဒီလိုပဲ ပြောကျတာပဲ။ ဘယ်ယောက်ျားမှ မကောင်းပါဘူး။ အကျင့်တွေက အတူတူတွေပဲ။
YY :          ကိုယ်က မကောင်းတဲ့ယောက်ျားတစ်ယောက်၊ တစ်ယောက်ထက်မကကို ကြုံဖူးတာနဲ့ အားလုံးမကောင်းဘူးလို့တော့ ပြောလို့ရပါဘူး။  အကျင့်ကတော့ အတူတူတွေချည်းပဲဆိုပေမယ့် အဲဒီ အကျင့်ကို သိမ်းထားပြီး နားလည်တတ်သူနဲ့၊ နားမလည်ပဲ အတ္တကြီးစွာထုတ်သုံးတာတော့ ကွာခြားပါတယ်။

MM :        စဉ်းစားစရာဖြစ်တွားပြီ။  ဒါပေမဲ့ သူငယ်ချင်းရယ် . . .

YY :          အင်း …  ယောက်ျားတစ်ယောက်ကြောင့် ခံစားခဲ့ရပြီလား။

MM :        ဟုတ်တယ်။ ကိုယ်ရဲ့စစ်မှန်တာတွေနဲ့ မထိုက်တန်ဘူး။
YY :          အင်းးး နားလည်ပါတယ်။ ကိုယ်တိုင်လည်း ပြောမယုံ ကြုံဖူးလို့ သိထားဖူးပြီးပါပြီ။

MM :        ကိုယ်ကလဲ တစ်ခုခုဆိုမရဘူး...မြုံမထားတတ်ဘူး။ ပြဿနာရှင်းတော့လဲ ပြဿနာ ခဏခဏရှာတဲ့သူဖြစ်ရတယ်
YY :          တူလိုက်တာ တူလိုက်တာ … ဟ ဟ

MM :        ဟုတ်လား။ စိတ်ဓါတ်တွေ ထပ်တူမဖြစ်တာများလားတော့ သူဘက်က ဘာမှမဖြစ်ပင်မဲ့ ကိုယ်ပဲစိတ်ညစ် ကိုယ်ပဲပူလောင်နေရတယ်
YY :          ဟုတ်ပါ့နော်

Sunday, September 30, 2012

လူမျိုးတစ်မျိုးအဖြစ် ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ !

မကြာတော့တဲ့ ကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူတော့မှာဆိုတဲ့အတွက် ကျွန်မတို့တွေက ကိုယ့်ကိုယ့်ကို သေချာဂဃနဏသိပြီး ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောရဲကြရပါမယ်။ ဒီအတွက် ကျွန်တို့တွေဘက်ကလိုအပ်တာတွေကိုလည်း အခုကတည်းက ပြင်ဆင်ထားဖို့လိုပါတယ်။ မျိုးရိုးစဉ်ဆက်ဇယား (Family tree)ကို ကိုယ်တိုင်လက်ကိုင်ထားရှိဖို့လည်း ပြင်ဆင်ထားသင့်ပါတယ်။

ကျွန်မတို့တွေမှာ အခုလက်ရှိမြန်မာနိုင်ငံမှာ မှတ်ပုံတင်လို့လည်းပြောကြတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားလက်ဝယ်ကိုင်ဆောင်ခွင့်ရကြသူတွေရှိသလို အဲဒီကတ်ကိုလက်ဝယ်ကိုင်ဆောင်ခွင့်မရသေးတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ဒီကတ်ပြားမှာ လူမျိုး၊ ဘာသာ လို့ပါရှိတာကြောင့် ကျွန်မတို့တွေဟာ လူမျိုးနဲ့ ဘာသာကို သေချာပေါက်ထည့်ရပါတယ်။ ဒီနေရာမှာ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ လူမျိုးနေရာမှာ အလိုလိုနေရင်း နိုင်ငံခြားက လူမျိုးတွေကို ထည့်ခြင်းခံရပါတယ်။ ဒါကတော့ အများစုလည်း သိပြီးသား ကိစ္စတွေပါ။ ဒါပေမယ့် ကျွန်မတို့တွေ ကိုယ့်ကိုယ်ကို သိထားဖို့က မြန်မာနိုင်ငံထဲက အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူ ကျွန်မတို့တွေဟာ တစ်ခြားဘယ်နိုင်ငံသားမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဟိုး ဘိုးဘေးဘီဘင်တွေလက်ထက်ကတည်းက အမိမြန်မာနိုင်ငံမှာနေထိုင်ခဲ့ကြလို့ပါ။

Saturday, September 29, 2012

မှန် နဲ့ ရေ

ကျွန်မတို့တွေ ဘ၀ပတ်ဝန်းကျင်မှာ ကြားဖူးနေကျစကားလေးတစ်ခွန်းရှိတယ်။ အဲဒါက “ငါကတော့ လူတွေကို မှန်လိုပဲ ကျင့်သုံးတော့မယ်/မှန်လိုပဲကျင့်သုံးတယ်”တဲ့။ “ငါကတော့ ရေလို ကျင့်သုံးတယ်”ဆိုတဲ့ စကားကတော့ ကြားရခဲပါတယ်။ ကျွန်မစဉ်းစားကြည့်တယ်။



မှန်လိုကျင့်သုံးတယ်ဆိုတော့ … ကိုယ်က မှန်ဆိုတဲ့သဘောပေါ့နော်။ ဒီနေရာမှာ ပြောနေကြတဲ့ မှန်ဆိုတာ ကြည့်ရ၊ မြင်ရတဲ့ ပြဒါးသုတ်ထားတဲ့ ကြည့်မှန်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဒီတော့ မှန်လိုကျင့်သုံးမယ်ဆိုတော့ ကိုယ့်ရှေ့လာရပ်တဲ့သူက လှနေရင် သူလှတာမြင်ရအောင် ကိုယ်က လှတာပေးမြင်မယ်။ ကြည့်သူက ရုပ်ဆိုးနေရင် ကိုယ်က ရုပ်ဆိုးတာပေးမြင်မယ်။ ကြည့်သူက မဲ့ပြရင် ကိုယ်က မဲ့ပြမယ်။ ကြည့်သူက ပြုံးပြရင် ကိုယ်က ပြုံးပြမယ်ပေါ့။ ကြည့်တဲ့သူရဲ့ လုပ်ဆောင်ချက်အတိုင်း ကိုယ်က လိုက်လုပ်ပေးနေတာပေါ့။ ဒါဆိုရင် ကျွန်မ တစ်ချက် အတွေးချော်ကြည့်မိတယ်။ တကယ်လို့ ကိုယ့်ရှေ့လာရပ်မိပြီး လုပ်ပြနေသူက မျက်စိမမြင်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူလုပ်ပြတဲ့အရာတိုင်းကို ကိုယ်က ပြန်လိုက်လုပ်ပြမယ်ဆိုရင် ကိုယ်ပဲ အရူးအပေါတစ်ယောက်ဖြစ်နေမှာပေါ့။ ဘာလို့လဲဆိုတော့ မျက်စိကန်းနေသူကို ကိုယ်ကပြန်ပြီးလုပ်ပြနေလည်း သူမှ မမြင်နိုင်တာပဲ။

Friday, September 28, 2012

ကြယ်တပွင့် ကြွေလွင့်ပြန်ပီ

စက်တင်ဘာ ၂၄၊ ၂၀၁၂
M-Media
ပသီဝိုင်းဝတ်ရည်မြင့်

ဝမ်းအိုဝမ်းဦးကျော်ဝင်းမောင် အသက် ၉၃-နှစ် (၁၉၂၀ – ၂၀၁၂)

မနေ့က တစ်နေကုန်နီးပါး ဖုန်းတစ်လုံးနဲ့ အလုပ်များနေခဲ့တယ်။ ကိုယ်ကခေါ်လိုက်၊ တစ်ခြားသူတွေက ပြန်ခေါ်လိုက်နဲ့။ ညဘက်ရောက်တော့ ခေါင်းကလည်းကိုက်လာတာနဲ့ ခဏနားနေတုန်း ဖုန်းလာပြန်တာနဲ့ ဖုန်းပြောလိုက်ပြီးတော့ ဆေးသောက်ပြီးအိပ်လိုက်တယ်။ ည (၁၁)နာရီကျော်ကျော်လောက်မှာ ဖုန်းမြည်လာပြန်တယ်။ ဒါနဲ့ အိပ်ချင်လွန်းစွာနဲ့ ဖုန်းကိုပြန်ထူးလိုက်တော့ အစ်ကို ကိုခင်မောင်ထွန်းက ဖုန်းလှမ်းဆက်တာ။ “၀ိုင်း ရေ၊ ဦးကျော်ဝင်းမောင် အလ္လာ့ဟ်အမိန့်ခံယူ(ဆုံးပါး)သွားပြီ။”လို့ ကြားလိုက်ရတာနဲ့ ‘အင်းနားလလ္လာဟေ ၀အင်းနားအေလိုင်းဟေ ရားဂျေအူးန် (ဧကန်အမှန် ကျွန်ုပ်တို့သည် ထိုအရှင့်ထံသို့သာ ပြန်ရမည့်သူများဖြစ်ပါ၏။)’ လို့ စိတ်ထဲကရွတ်ဆိုလိုက်မိပြီး တစ်ပြိုင်နက်တည်း ဘယ်အချိန်က ဆုံးတာလဲ၊ ဘယ်အချိန် ဒါဖွနာ(မြှုပ်နှံ)မှာလဲ” လို့မေးလိုက်မိတယ်။ ကိုခင်မောင်ထွန်းက “မနက်ဖြန်နေ့ခင်းဘက်လောက်ဖြစ်မယ်။ အဲဒါ တစ်ခြားပြောရမယ့်သူတွေကိုလည်း ပြောလိုက်ပါဦး။ နောက်ပြီး ဆရာကြီးရဲ့သား ရန်ကုန်ကိုအခုညတွင်းချင်းပြန်မှာ။ ရန်ကုန်လိုက်ချင်တဲ့သူရှိရင်လည်း အခုညပဲသွားကြဖို့ ကားစီစဉ်နေတယ် လိုက်ချင်တဲ့သူရှိရင်”လို့ပြော တာကြောင့်။ အဖေ့ကိုပြောပြပြီး တစ်ခြားပြောသင့်သူတွေထံ ဖုန်းဆက်လိုက်တယ်။ အဖေကတော့ ဆရာကြီးသားထံဖုန်းဆက် ပြောစရာရှိတာပြောပြီး၊ ရန်ကုန်က မန္တလေးက မိတ်ဆွေတွေ၊ ရန်ကုန်ကမိတ်ဆွေတွေဆီ ဖုန်းဆက်ပြီး လုပ်သင့်တာတွေ ၀ိုင်းဝန်းစီစဉ်တိုင်ပင်နေကြတယ်။

Thursday, September 27, 2012

Community Journalist မှသည် Professional Journalist ဆီသို့ လျှောက်လှမ်းကြရာဝယ် (၂)



“သတင်းတစ်ခုရနိုင်ဖို့ မြို့ကိုပတ်နေစရာမလိုပါဘူး။ ပြတင်းတံခါးဖွင့်ရင် သတင်းက သင့်ခြေရင်းတွင် ရောက်ရှိနေပါတယ်”ဆိုတဲ့ ဆိုစကားလေးရှိတယ်လို့ ပြောခဲ့တဲ့အတိုင်း ဒါကြောင့် သတင်းစိတ်ကူးနဲ့ ရင်းမြစ်တွေကို ဘယ်လိုရှာဖွေမလဲဆိုတော့ …

သတင်းစိတ်ကူး (Story Idea) ဆိုတာ ဘာလဲ !

ကောင်းစွာလေ့ကျင့်ထားတဲ့ မျက်လုံးနဲ့ လေ့လာစမ်းမှုကို ပေါင်းစပ်ထားရင် သတင်းစိတ်ကူးမရှားပါဘူး။ သတင်းစိတ်ကူးနဲ့ သစ်ပင်တစ်ပင်ကိုကြည့်ရင် သစ်ပင်တစ်ပင်ဆိုတာထက် ပိုနေပါလိမ့်မယ်။ ဥပမာ - ထင်းခုတ်သမားတစ်ယောက်က သစ်ပင်တစ်ပင်ကို မြင်တာနဲ့ ဒီသစ်ပင်ကိုခုတ်ပြီး ထင်းလုပ်ရောင်းဖို့ တွေးမယ်၊ ဈေးရောင်းသူတစ်ယောက်ကတော့ အသီးအရွက်တွေကိုခူးပြီးရောင်းဖို့တွေးမယ်၊ ပန်းပုထုသူတစ်ယောက်က မြင်ရင်တော့ ပန်းပုထုရင် ဘယ်လိုထုရင် ဘာပုံဖြစ်နိုင်တယ်ဆိုတာ တွေးတယ်။အဲလိုတစ်ခုချင်းစီတွေတာမျိုးမဟုတ်ပဲနဲ့ ဘက်ပေါင်းစုံက တွေးကြည့်ခြင်းပါ။

အဲလို သတင်းစိတ်ကူးကောင်းလာဖို့အတွက် ဘာတွေလိုအပ်လဲဆိုရင်တော့ ကိုယ်သိထားတာတွေကိုချရေးပါ။ ပြီးရင် ကိုယ့်ဝါသနာ၊ ကျွမ်းကျင်မှု၊ အိမ်နီးချင်းတွေ၊ ကိုယ်လုပ်ခဲ့ဖူးတဲ့အလုပ်တွေ၊ ကိုယ့်ဝန်းကျင်က အသိမိတ်ဆွေကို စာရင်းပြုစုထားဖို့လိုပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ကိုယ်စာအုပ်ထဲက အချက်အလက်တွေကို နေ့စဉ်ချဲ့ထွင်သွားတာမျိုး၊ လူပုဂ္ဂိုလ်စာရင်းကို တိုးချဲ့တာမျိုး၊ ကိုယ်ရေးသားမယ့် အကြောင်းအရာထဲက လူတွေနဲ့တွေ့ဆုံဖို့ ကြိုးစားတာမျိုးလုပ်သင့်ပါတယ်။ ပြီးတော့ Lead ကို စရေးကြည့်ဖို့လိုပါတယ်။ (Lead ဆိုတာ သတင်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို ဆိုလိုတာမဟုတ်ပါဘူး။ သတင်းခေါင်းစဉ်ပြီးတာနဲ့ ပထမဦးဆုံးအနေနဲ့ စရေးတဲ့ လူတွေစိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်အောင် ရေးထားတဲ့ စာပိုဒ်ကို ဆိုလိုတာပါ။)

Friday, September 21, 2012

Community Journalist မှသည် Professional Journalist ဆီသို့ လျှောက်လှမ်းကြရာဝယ် (၁)

ဟိုတစ်ရက်က “မြန်မာ့ စတုတ္ထမဏ္ဍိုင်ဝင်တို့ သတိမူဖွယ်”ဆိုတဲ့ ဆောင်းပါးထဲကလို ကျွန်မတို့အားလုံးဟာ Community Journalist (CJ) တွေဖြစ်နေကြတယ်လေ။ CJ ကို Citizen Journalist လို့လည်း အများစု ပြောကြပါတယ်။ Citizen ဆိုတာရင် နိုင်ငံအဆင့်၊ အဖွဲ့ကိုအခြေခံသွားပြီလေ။ Community ဆိုတာတော့ လူထုအခြေပြုဆိုတော့ ဒီနေရာမှာ ကျွန်မအနေနဲ့ Community Journalist လို့ပဲ သုံးလိုက်ပါတယ်။

ဒီတော့ အဲဒါကို စိတ်မ၀င်စားပဲ CJ ဖြစ်နေသူတွေအတွက်က ဘာမှ ထွေထွေထူးထူးသိပ်လေ့လာနေစရာမလိုပါဘူး။ ဒါပေမယ့် ကိုယ်တိုင်က ကွန်မြူနတီဂျာနယ်လစ်ကို စိတ်ဝင်စားလို့ ကွန်မြူနတီဂျာနယ်လစ် (CJ) ဖြစ်နေသူတွေအတွက်လည်း သိသင့်တဲ့အချက်လေးတွေရှိပါတယ်။ ကျွန်မတို့တွေဟာ ကွန်မြူနတီဂျာနယ်လစ်တွေကနေတဆင့် ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်တွေအထိ ဖြစ်သွားကြရင် ကျွန်မတို့တွေရဲ့ ၀န်းကျင်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မှန်မှန်နဲ့မြန်မြန် သတင်းတွေဖြန့်ဝေနိုင်ကြရင် နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့ပြောနေကြတဲ့ မီဒီယာကဏ္ဍကို ကျွန်မတို့တွေ တဘက်တလမ်းကနေ အားဖြည့်ရာရောက်ပြီး နိုင်ငံ့တာဝန်ကို တစ်တပိုင်တနိုင်ထမ်းရွက်ခြင်း မည်တာပေါ့။

ဂျာနယ်လစ်လို့ပြောတာနဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကလည်း မပါလို့ကို မရပါဘူး။ ဒီတော့ မီဒီယာအကြောင်းလေးကိုလည်းနည်းနည်းတော့ ထည့်ပြောပါဦးမယ်။ ဒီတော့ ဒီအပိုင်း(၁)မှာ မီဒီယာ ကဏ္ဍကို ပြောပြချင်ပါတယ်။


မီဒီယာဆိုတာဘာလဲ ! မီဒီယာ ဘယ်နှစ်မျိုးရှိလဲ !

မီဒီယာမှာ အဓိကကတော့ Print Media နဲ့ Non Print Media ဆိုပြီး ၂-မျိုးရှိပါတယ်။ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ လက်ကမ်းစာစောင်၊ Billboard(ကြော်ငြာဆိုင်းဘုတ်), TV, ရေဒီယိုအစီအစဉ်တွေဟာလည်း မီဒီယာတွေပါပဲ။) အခုမှာတော့ Online ကလည်း မီဒီယာတစ်ခုအဖြစ် ရပ်တည်နေပါပြီ။ မီဒီယာမှာမှ ကျင့်ဝတ်လိုက်နာတဲ့မီဒီယာရယ်၊ ကျင့်ဝတ်မလိုက်နာတဲ့မီဒီယာရယ် ၂-မျိုးပြန်ပြီး ကွဲပြားပြန်ပါတယ်။ အဲဒီအထဲကမှ ကျင့်ဝတ်လိုက်နာတဲ့မီဒီယာမှာပဲ ပရော်ဖက်ရှင်နယ်(Professional)မီဒီယာ၊ ၀ါဒဖြန့်မီဒီယာနဲ့ လှုံ့ဆော်မီဒီယာဆိုပြီး ပြန်ပြီး ကွဲသွားပြန်တယ်။ ဒီတော့ ကိုယ့်မီဒီယာက ဘယ်အမျိုးအစားထဲ ပါဝင်နေလဲဆိုတာ ပြန်ပြီး သုံးသပ်ကြည့်ကြဖို့လိုပါတယ်။

Tuesday, September 18, 2012

၁၈-ရက် စက်တင်ဘာ


ဘယ်တော့မှ မမေ့ဘူး။
၎-တန်းကျောင်းသူအရွယ်
နုနယ်တဲ့ နှလုံးသားမှာ
တဒိုင်းဒိုင်းနဲ့ သေနတ်သံတွေ
ဖုံးလွှမ်းရာကို သိသောနေ့ . . . ။

ရှစ်လေးလုံးရဲ့
နောက်ဆက်တွဲ အကျိုးဆက်အဖြစ်
မိခင်နဲ့ဖခင်ရဲ့ ပြန်လာချိန်ကို
စိုးရိမ်ကြီးစွာ စောင့်မျှော်ခဲ့ရတဲ့
နုနယ်တဲ့ နှလုံးသားမှာ
သောကများစွာ
စတင် ဖုံးလွှမ်းသောနေ့.  . . . ။

Monday, September 17, 2012

မြန်မာ့ စတုတ္ထမဏ္ဍိုင်ဝင်တို့ သတိမူဖွယ်


စက်တင်ဘာ၊ ၁၆ ၊ ၂၀၁၂
M-Media
ဇေယျာသူ

မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့သတ်မှတ်လာကြတဲ့ မြန်မာ့မီဒီယာလောကမှာ ရပ်တည်နေကြသူတွေအနေနဲ့ ဗဟုသုတအပြည့်ရှိဖို့လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့နေရာမှာ သိက္ခာရှိစွာ ရပ်တည်နိုင်ဖို့လိုပါတယ်။ ကိုယ့်မီဒီယာနာမည်ကြီးဖို့၊ သတင်းဦးသတင်းထူးကိုဖော်ပြနိုင်ဖို့အတွက် ကြိုးစားသင့်ပါတယ်။ အဲလို ကြိုးစားတဲ့နေရာမှာ သတင်း မှန်ကန်မှုကိုလည်း အထူးအလေးထားပြီး စာဖတ်သူ၊ ကြည့်ရှုသူကို အဆိပ်အတောက်ဖြစ်စေမယ့် စကားလုံးအသုံးအနှုန်း၊ အပြောအဆို၊ အရေးအသားတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်မီဒီယာကနေ သတင်းဦးရေးရပြီးရောဆိုပြီး မပြုလုပ်သင့်ပါဘူး။ သတင်းဦးရပြီးရော မှန်မမှန်မစိစစ်ပဲ ရေးသားဖော်ပြခြင်းဟာ စာဖတ်သူတွေကို စော်ကားမှုတစ်ရပ်ပါပဲ။ ပြီးတော့ ကိုယ့်မီဒီယာက မှားယွင်းဖော်ပြမိပြီဆိုရင်လည်း ရိုးသားစွာပဲ စာဖတ်သူတွေကို တောင်းပန်သင့်ပါတယ်။ ဒါဟာ ကိုယ့်မီဒီယာရဲ့ ရိုးသားစွာ မှားယွင်းမှုအတွက် စာဖတ်သူတွေကို အလေးထားမှုရှိတယ်ဆိုတာကို ဖော်ပြပါတယ်။ နောက်ပြီးတော့ စာအုပ်ပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းပဲဖြစ်ဖြစ်၊ ဂျာနယ်ပဲဖြစ်ဖြစ် အယ်ဒီတာနဲ့ အယ်ဒီတာအဖွဲ့ဝင်တွေဟာလည်း ဗဟုသုတပြည့်ဝသင့်ပါတယ်။ ဥပမာ – ဂျာနယ်တစ်ခုဆိုပါစို့။ ကိုယ့်ဂျာနယ်ရဲ့ သတင်းထောက်ကလည်း ဗဟုသုတအသင့်အတင့်တော့ ရှိသင့်ပါတယ်။ သတင်းထောက်ဆိုတာကလည်း ကိုယ့်ဂျာနယ်က သတင်းဦးဖော်ပြနိုင်ဖို့အတွက် အထူးကြိုးစားပေမယ့် လက်ရှိအဖြစ်အပျက်တစ်ခုတည်းကို မီးမောင်းထိုးရေးသားလိုက်တာထက် သတင်းရဲ့ရင်းမြစ်ကိုလည်းသေချာသိပြီးမှ ရေးသားသင့်ပါတယ်။

Tuesday, September 11, 2012

သူငယ်ချင်းဆိုတာ

သူငယ်ချင်းဆိုတာ


နင် … အခု ဘာလုပ်နေလဲ …
ဟင် … အိပ်ပျော်နေပြီ ဟုတ်လား …
ဒါကြောင့် အသံက အိပ်ချင်မူးတူးသံဖြစ်နေတာကိုး …
ဘယ်အချိန်ရှိသေးလို့လဲ …
သြော် ၁၁-နာရီခွဲ ရှိနေပြီပဲ …

ငါ … အိပ်လို့မပျော်တာနဲ့
လမ်းထလျှောက်နေတာ …
တာဘောင်ပေါ်မှာလေ …
အေးပါ … တာဘောင်ပေါ်ဆိုပေမယ့် …
မပူပါနဲ့ … လမ်းက အကျယ်ကြီးလေ …

Friday, September 07, 2012

မိခင်တစ်ယောက်ရဲ့ အထီးကျန်ဆန်မှု


ကျွန်မနာမည်က ဒေါ်ဝင်းသန့်ပါ။ ဒေါ်ဝင်းသန့်လို့ ပြောရတာက ကျွန်မအသက်က (၆၅)နှစ်ရှိပြီဆိုတော့ ဒေါ်တပ်ပြောလိုက်တာပါ။ ဒီနေ့တော့ ကျွန်မစိတ်ထဲမှာ တစ်ယောက်ယောက်နဲ့စကားပြောချင်စိတ်တွေ အလွန်ရှိနေလို့ ကျွန်မသမီးလေးသူငယ်ချင်းဆီ ထွက်လာခဲ့လိုက်တယ်။

ကျွန်မစကားပြောချင်စိတ်ရှိလာတာနဲ့ သမီးလေးသူငယ်ချင်းဆီသွားတယ်ဆိုတော့ ကြားရသူတွေက မရီမိရင်တောင် ပြုံးမိကြမှာပေါ့နော်။ ဟုတ်ပါတယ်။ ကျွန်မလေ အိမ်မှာ တစ်ယောက်တည်းနေပါတယ်။ ကျွန်မမှာ သားသမီး(၃)ယောက်ရှိပြီး သားတစ်ယောက်သမီးတစ်ယောက်က နိုင်ငံခြားမှာသွားပြီး အလုပ်လုပ်နေကြတယ်လေ။ မြန်မာပြည်မှာရှိနေတဲ့ သားတစ်ယောက်ကလည်း ကျွန်မနဲ့တစ်နေရာစီမှာလေ။ အဲဒီသားကလည်း တစ်ခါတစ်လေမှ ကျွန်မဆီရောက်လာနိုင်တယ်လေ။ ကျွန်မရဲ့ ဆွေမျိုးသားချင်းတချို့ကလည်း ကျွန်မအခုနေတဲ့နေရာနဲ့က တစ်ခြားစီဖြစ်နေတယ်လေ။ ကျွန်မအမျိုးသားကလည်း ဆုံးသွားတာ နှစ်(၂၀)လောက်ရှိပြီလေ။ ကျွန်မမှာ မိတ်ဆွေသူငယ်ချင်းလည်း သိပ်များများစားမရှိဘူးလေ။ ကျွန်မမှာ တူ-တူမတွေရှိပေမယ့် ကျွန်မသံယောဇဉ်ကြီးသလို သူတို့က ကျွန်မကို သံယောဇဉ်သိပ်မရှိကြဘူး။ ဒါကြောင့် တစ်ခါတစ်လေတော့ ကျွန်မသူတို့ဆီ သွားလည်ဖြစ်တယ်လေ။ အဲလိုသွားလည်တဲ့အခါတိုင်းလည်း သူတို့တွေလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတော့ သူတို့စကားပြောနိုင်မယ့်အချိန်ထိုင်စောင့်ရင်းနဲ့ပဲ ညနေစောင်းလာတော့ ကျွန်မအိမ်ပြန်ခဲ့ရတယ်လေ။ အိမ်ပြန်ရောက်တဲ့အခါကျတော့ ကျွန်မမှာ စာဖတ်ရင်ဖတ်၊ စာမဖတ်ဖြစ်ရင် စာရေး၊ တစ်ခါတစ်လေ အိမ်ရှေ့လေးထွက်ထိုင်ပြီး ရပ်ကွက်ထဲက ကလေးတွေကစားနေကြတာတွေကိုထိုင်ကြည့်ရင်း ကျွန်မ သားသမီးလေးတွေကို အလွမ်းဖြေရတာပေါ့။

ဒီနေ့တော့ စကားပြောချင်စိတ်တွေဖြစ်လာတာနဲ့ သမီးရဲ့သူငယ်ချင်းလေးဆီ ရောက်လာခဲ့တယ်။ သူကတော့ အလုပ်များနေတတ်ပေမယ့် ကျွန်မလာတဲ့အခါတိုင်း အချိန်ပေးပြီး စကားပြောပေးလေ့ရှိတော့ ကျွန်မမှာ စကားပြောဖော်က ကျွန်မသမီးသူငယ်ချင်းလေးပဲဖြစ်နေတာပေါ့။

ကျွန်မလည်းအိမ်ကထွက်လာပြီး ဘတ်စ်ကားမှတ်တိုင်ရောက်တော့ ကားမလာသေးလို့ ခဏစောင့်နေလိုက်တယ်။ ကားလည်းလာရော ကားပေါ်တက်လာရင်း သမီးသူငယ်ချင်းလေးနဲ့တွေ့ရင် ပြောပြချင်တာတွေကို ပြောပြတဲ့အခါ အဆင်ပြေချောမွေ့စေဖို့ စိတ်ထဲကနေ ပြောပြီးလေ့ကျင့်နေလိုက်တယ်။

Tuesday, September 04, 2012

မန္တလေးမြို့မှာ စံချိန်တင်ရတဲ့ ဖြစ်ရပ်

မနက်ကတည်းက လူက လည်ချောင်းနာ၊ နှာစေး၊ ဟတ်ချိုးတွေချီနေပြီး နေလို့မကောင်းချင်သလိုဖြစ်နေတာ နေ့လည်ဘက်မိုးတွေရွာလာတော့ ပြန်တဲ့အချိန် မိုးရွာနေရင် မိုးစိုပြီးချမ်းမှာတွေးပြီး စိတ်ညစ်နေတယ်။ မိုးကလည်း မတိတ်တဲ့အပြင် သည်းသည်းမည်းမည်းကိုရွာနေတော့ အိမ်ဘက်တော့ ရေကြီးနေပြီလို့တွေးမိတယ်။ ၃ နာရီ ၄၅ လောက်ကျ အဖေရောက်လာတယ်။ လမ်းတွေမှာလည်းရေတွေပြည့်နေပြီ မိုကလည်းတိတ်မယ့်ပုံမရှိဘူး။ လမ်းတွေလည်းတအားရှုပ်နေတာကြောင့် ညီမလေးကဆိုင်ကယ်မောင်းပြီး ကျွန်မကိုလာခေါ်ဖို့ စိတ်မချဘူး။

ဒါကြောင့် ကျွန်မကို လာခေါ် ပြီး ညီမလေးကိုသွားခေါ်မယ်ဆိုတာနဲ့ ပြန်လာလိုက်တယ်။
အား ရို ရိုး ၇၈-လမ်းမကြီးပေါ်မှာ ရေတွေက ဆိုင်ကယ်ဘီးတစ်ဝက်မြုပ်နေတယ်။ ကားတွေသွားတဲ့အရှိန်နဲ့ ရေလှိုင်းတွေဖြစ်တော့ ဆိုင်ကယ်တွေလည်း ပလပ်ထဲရေတွေဝင်လို့ ဆင်းတွန်းသူ၊ လမ်းလယ်မှာတင် တန့်နေသူတွေနဲ့ ရှုပ်ယှက်နေရောပဲ။ အဖေ့ဆိုင်ကယ်လည်းရေ၀င်ပြီး စက်ရပ်သွားတာနဲ့ လမ်းဘေးချပြီး စက်နိုးအောင်ပြန်လုပ်ရတယ်။ ဒါနဲ့ ညီမလေးကိုခေါ်ပြီး သားအဖ ၃-ယောက်ပြန်လာလိုက်တယ်။ မိုးကာအင်္ကျီဝတ်ထားပေမယ့် လူတစ်ကိုယ်လုံးရွှဲနစ်နေတယ်။ ဆိုင်ကယ်မောင်းရင်း လူကချမ်းပြီးတုန်လာတယ်။


Saturday, September 01, 2012

အင်တာနက်စာမျက်နှာမှာ တွေ့မိသမျှ


အခုနောက်ပိုင်း အထူးသဖြင့် အွန်လိုင်းလောက(အင်တာနက်စာမျက်နှာတွေ)မှာ ကျမမြင်တွေ့နေရတာပြောပြချင်ပါတယ်။

ဒီလို ပြောလိုက်တာက ကျမ အခုရေးတဲ့စာဟာ အင်တာနက်စာမျက်နှာပေါ်မှာဖြစ်လို့ အွန်လိုင်းလောကလို့ပြောလိုက်ခြင်းပါ။ တကယ်တမ်းတော့ အပြင်လောကမှာလည်း ရိုက်ခတ်သက်ရောက်နေတာရှိပါတယ်။
ဘာကိုမြင်တွေ့နေရသလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် မကြားဝံ့မနာသာပြောဆိုရေးသားမှုတွေ၊ ဘာသာတရားကိုထိုးနှက်တိုက်ခိုက်မှုတွေ စတဲ့ မကောင်းမြင်မှုတွေကိုအဓိကတွေ့နေရပါတယ်။ ဘာကြောင့် အဲလိုတွေဖြစ်နေရတာလဲ။ အဖြေကရှင်းပါတယ်။ နားလည်မှုမရှိကြလို့ပါ။ နားလည်မှုမရှိဘူးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုတဲ့စကားလုံးအသုံးအနှုန်း (အသားလွတ် ကြမ်းတမ်းရိုင်းစိုင်းတဲ့အရေးအသားများကို မဆိုလိုပါ)၊ နောက် ခိုင်မာတဲ့ သမိုင်းကြောင်း၊ နောက်ပြီးတော့ ဘာသာတရား (မိမိဘာသာအပြင် အခြားသူရဲ့ဘာသာတရား) အစရှိတဲ့အကြောင်းအရာတွေကို ဆိုလိုပါတယ်။

တစ်ယောက်က ရေးသားလိုက်တဲ့စကားလုံးက ဘာကိုရည်ရွယ်တယ်ဆိုတာ နောက်တစ်ယောက်က သေချာနားမလည်ပဲ ကိုယ်တိုင်ရဲ့စိတ်အလိုကျ မကောင်းမြင်ပြီး အဲဒီ မကောင်းမြင်စိတ်နဲ့ပဲ နားလည်မှုလွဲစွာ ပြန်လည်ရေးသားလိုက်တတ်ကြတယ်။

နောက်တစ်ခု သမိုင်းကြောင်းကို နားမလည်တာပါ။ သမိုင်းဆိုတာ ဒဏ္ဍာရီမဟုတ်ပါဘူး။ ပါးစပ်ပြောပုံပြင်မဟုတ်ပါဘူး။ တကယ်ဖြစ်ပျက်တည်ရှိခဲ့တာကို သမိုင်းလို့ခေါ်တာပါ။ ဒီတော့ ခိုင်မာတဲ့သမိုင်းကြောင်းတွေကို ကိုယ်တိုင်နားလည်သဘောပေါက်ခြင်းမရှိထားတော့ ကိုယ်ကြားဖူးခဲ့တဲ့ ပုံပြင် ဒဏ္ဍာရီကိုသာ သမိုင်းလို့ထင်ပြီး တကယ့်သမိုင်းကို လက်မခံတော့ပဲ ဇွတ်ငြင်းတော့တာဟာလည်း သမိုင်းကြောင်းကို နားမလည်တာပါပဲ။ ဒါကြောင့် ကိုယ်တိုင် မသိတာနဲ့ပဲ သမိုင်းမရှိဘူးလို့ တပ်အပ်မပြောပဲ သေချာလေ့လာသင့်ပါတယ်။ အခြားတစ်ယောက်/လူတစ်စုရဲ့ သမိုင်းကို လိမ်ညာခြင်း၊ ဖျောက်ဖျက်ခြင်းတွေကို ကိုယ်တိုင်က မသိပဲ၊ သေချာမလေ့လာပဲ အဲဒီသူတွေပြောတဲ့ သမိုင်းလိမ်ကို ယုံကြည်လက်ခံလိုက်ခြင်းဟာလည်း သမိုင်းကိုနားမလည်စေတော့တဲ့ အချက်တစ်ခုပါပဲ။ အဲဒီအခါမှာ ကိုယ်လက်ခံထားတဲ့သမိုင်းကသာ အမှန်ဖြစ်တယ်ဆိုပြီး အမှားကိုအမှန်အဖြစ် ဇွတ်အတင်းတွန်းပို့တော့တာဟာ သမိုင်းကိုနားမလည်ဘူးဆိုတာ ထင်ထင်ရှားရှားကြီးပေါ်လွင်နေပါတယ်။ ဒါကြောင့် သမိုင်းမှန်ကို သိရှိလက်ခံနိုင်တတ်ဖို့ အလွန်အရေးကြီးပါတယ်။

Tuesday, August 28, 2012

လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်

လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်



  • မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။
  • ရောက်လေရာတွင် အခွင့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံသဘောတရားများကို ဖော်ထုတ်ပါ။
  • ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင် စည်းရုံးခြင်းဖြင့်သာ ရနိုင်သည်။
  • လှည့်လည်ခေါင်းဆောင်မှုနည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။
  • မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရွယ်ပါနှင့်။ နိမ့်နိမ့်ချိန်ပါ။ သာမန်ပြည်သူတွေ သဘောပေါက်ပါလိမ့်မည်။

Monday, August 27, 2012

ကိုယ့်ကိုယ်ကို သိဖို့လိုတဲ့ ကျွန်မတို့တစ်တွေ

ကျွန်မတို့တွေ ကိုယ့်ကိုယ်ကို သိဖို့လိုပါတယ် ....

A :      မင်္ဂလာပါ။ နေကောင်းလား သူငယ်ချင်း။ ရန်ကုန်ကပဲလား။
B :      မင်္ဂလာပါ။ နေကောင်းပါတယ်။ မန္တလေးက။

A :      သြော်၊ ကျွန်တော်လည်းမန္တလေးကပါ။ ဒါပေမယ့် ခင်ဗျားက ဘာလူမျိုးလည်း ကျွန်တော်က မွစ္စလင်မ်ပါ။ မခင်ကတည်းက ပွင့်ပွင့်ပြောထားတာပါ။
B :      ကျွန်တော့်ကို ဘာလူမျိုးလည်းမေးတယ်။ ပြီးတော့ ခင်ဗျားက မွတ်စလင်မ်လို့ပြောတယ်။ ခင်ဗျားက မွတ်စလင်မ်လူမျိုးလား။

A :      ဟုတ်ပါတယ်။ ခင်ဗျားကိုမေးတော့ ကျွန်တော်အရင်ဖြေထားမှ တရားတယ်ထင်လို့ပါ။
B :      ကျွန်တော် မွတ်စလင်မ်လူမျိုးလို့ မကြားဖူးဘူး။ ကျွန်တော်က အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူတစ်ယောက်ပါ. အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူတိုင်းကို မွတ်စလင်မ်လို့ခေါ်တဲ့အတွက် ကျွန်တော့်ကိုလည်း မွတ်စလင်မ်တစ်ယောက်လို့ပြောနိုင်ပါတယ်။

A :      ဟုတ်လား ဘာလူမျိုးတွေကြားဖူးလဲ။
B :      ကျွန်တော်ပြောတာက ဘာသာ သာသနာနဲ့ လူမျိုးကို ခွဲခြားပြီးပြောပြတာပါ။

Friday, August 24, 2012

အွန်လိုင်းပေါ်မှာ အလုပ်လျှောက်လွှာရေးမယ်


အလုပ်တွေများပြားလာတဲ့ခေတ် ကြီးထဲမှာ ကိုယ့်အလုပ်လျှောက်လွှာက လျှောက်နေကျပုံစံအတိုင်းဆိုရင် အလုပ် ရှင်က သတိမထားမိဘဲ သူလိုကိုယ်လို မထူးမခြားဖြစ်သွားပါလိမ့်မယ်။ အဲဒီ အတွက် အလုပ်လျှောက်လွှာတင်တဲ့အခါမှာ အလုပ်လျှောက်လွှာကို သူများထက် တစ်မူထူးခြားတဲ့ဒီဇိုင်းမျိုးနဲ့တင်ပြမှ အဆင်ပြေမှာပါ။

သူများထက် ထူးခြား တဲ့ ဒီဇိုင်းမျိုးရဖို့ကလည်း ကိုယ့်ဘာသာကိုယ် စဉ်းစားနေရင်လည်း အချိန်ကုန်သွား နိုင်ပြီး International Style ဖြစ်၊ မဖြစ် ဆိုတာ လည်း စဉ်းစားဖို့ခက်ခဲပါတယ်။ အဲဒီအတွက် အလုပ်လျှောက်လွှာ ဖောင် ကို အင်တာနက်ပေါ်မှာပဲ နိုင်ငံတကာပုံစံ အတိုင်း တစ်ခါတည်းရေးပြီးတော့ တင် လို့ရပါတယ်။
အခုညွှန်ပြပေးချင်တဲ့ ဆိုက်မှာက Basic Information ၊ Work Experience ၊ Qualification၊ Education၊ Interests၊ References ဆိုပြီးပါ ရှိပြီး Basic Information မှာဆိုရင် Full name၊ Email Address၊ Phone Number ၊ Website၊ Address စတာတွေကို ထည့်ခိုင်းပြီးတော့ ကျန်တဲ့နေရာတွေ မှာလည်း သူ့လိုမျိုးပဲ တစ်ခုချင်းထည့် ပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Monday, August 20, 2012

အီးဒ်ရဲ့အနှစ်သာရ

"အီးဒ်ရဲ့အနှစ်သာရ"


မဆုံဖြစ်တာကြာတဲ့ ဆွေမျိုးတွေနဲ့ဆုံတယ်။ တစ်ခါမှမမြင်ဖူးခဲ့တဲ့ တူ တူမ ၀မ်းကွဲတွေကိုမြင်ဖူးလိုက်တယ်။ အစ်မတစ်ယောက်လိုခင်မင်ခဲ့သူတစ်ယောက် အမိမြေရဲ့အဝေးရောက်နေလို့. အဆက်သွယ်ပြတ်နေခဲ့ပေမယ့် သူက ကျွန်မအကြောင်းကို အမြဲသတိတရမေးနေတတ်တာသိလာရတယ်။ အချစ်ဆုံးသူငယ်ချင်းတွေဆုံဖြစ်ကြတယ်။ မတွေ့ဖြစ်တာကြာတဲ့ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ မထင်မှတ်ပဲဆုံခဲ့တယ်။ မဆုံတွေ့ဖြစ်တာကြာတဲ့ အဒေါ်ဝမ်းကွဲတွေရယ် မောင်နှမနှစ်ဝမ်းကွဲတွေဆုံပြီး ရှေးဟောင်းနှောင်းဖြစ် အသစ်တွေပြောပြီး ရီမောပျော်ရွှင်ခဲ့ရတယ်။ ရန်ကုန်မှာတုန်းက ညီမလေးကို သူငယ်ချင်းတွေနဲ့အတူ တစ်ခါလှမ်းမြင်လိုက်တယ် - ညီမလေးသွားလာလှုပ်ရှားနေတာကိုမြင်တွေ့နေတာ - မသင့်တော်တာတွေ့ရင် တိုင်ပြောဖို့အသင့်ပဲဆိုပြီး ခြိမ်းခြောက်လာတဲ့ အစ်ကိုဝမ်းကွဲတွေရဲ့ ညီမတစ်ယောက်အပေါ်ထားတဲ့ သံယောဇဉ်တွေကို တွေ့ခဲ့ရတယ်။ ဒီနေ့မြင်ရတာ မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိလိုက်တာဆိုတဲ့ စကားလေးကြောင့် ကြည်နူးခဲ့ရတယ်။ ဖုန်းဆက်ပြီး အီးဒ်မုဘာရပ်က်လုပ်ကြတဲ့ သာသနာ့မောင်နှမများနဲ့ အီးဒ်အထိမ်းအမှတ် ဆုတောင်းပေးကြတဲ့ ဘာသာခြားသူငယ်ချင်းများနဲ့ ၀မ်းသာပျော်ရွှင်စွာဖုန်းပြောခဲ့ရတယ်။ နင်တို့လာမှပဲ တွေ့ရတာပါဆိုတဲ့ လူကြီးသူမတွေစကားကြောင့် စိတ်ကျေနပ်ခဲ့တယ်။ အင်တာနက်မှာ သမီးရေးတာတွေဖတ်ရတယ် ဆက်ရေးလို့ ဦးလေးဝမ်းကွဲတွေက အားပေးအားမြှောက်ပြုကြလို့ စာရေးဖို့ပိုပြီးအားတက်ခဲ့တယ်။

Sunday, August 19, 2012

အီဒုဖီသရ် အမှတ်တရရဲ့ ကျွန်မ

အစ္စလာမ်သာသနာဝင်များအတွက်အီဒုဖီသရ်နှင့် အီဒုအ်ဒ်ွဟာ ဆိုတဲ့ အမှတ်ရစရာ အီးဒ်ပွဲတော် ၂-ရက်ရှိတဲ့အနက် အီဒုဖီသရ်နေ့မြတ်ရောက်တိုင်းပျော်ရွှင်ခဲ့ရတဲ့ ငယ်ဘ၀လေးကိုလွမ်းဆွတ်မိတယ်။ ဆွေမျိုးတွေအိမ်တွေသွား စလာမ်ပေး၊ ကျွေးတဲ့မုန့်တွေစား၊ အီတီပေးရင်ယူပြီး ပျော်နေတာပေါ့။ ရမသွာန်မ၀င်ခင် လကြည့်ရတဲ့နေ့ဆို ရင်တထိတ်ထိတ်နဲ့ လကြည့်ရတာအမောပဲ။ လကိုတအားမြင်ချင်လို့လေ။ လမြင်ရင် ရမသွာန်ရောက်ပြီလေ။ ရမသွာန်ပြီးမယ့်ရက်နီးလာရင် အ၀တ်အစားအသစ်တွေဝယ်ရတာလည်းအမောပါပဲ။

အ၀တ်စားအသစ်တွေဝယ်ပြီးတာနဲ့ အီးဒ်ရောက်ဖို့လကြည့်ရမယ့်ရက်ကို မျှော်နေတာပေါ့။ ဒီလိုနဲ့ အီးဒ်ရောက်ဖို့ လကြည့်ရတဲ့နေ့ ရောက်ရင် နေတဲ့အိမ်က ဘယ်ရပ်ကွက်မှာပဲရောက်နေနေ အဖိုးတို့နေတဲ့ မွတ်စလင်မ်ရပ်ကွက်ကို ပြေးတာပဲ။ လကြည့်တဲ့ ပထမနေ့မှာ လမမြင်ဘူးဆိုရင် 'လကလည်းဘာလို့မမြင်တာလဲမသိဘူး။ ပေးမြင်လိုက်ပြီးရော'လို့ ကလေးအတွေး တွေးခဲ့တာလည်း ခဏခဏပေါ့။ လမြင်ရတယ်ဆိုရင်တော့ အို - ဘာပြောကောင်းမလဲ တစ်ရပ်ကွက်လုံးက ကလေးတွေနဲ့အတူတူ 'လမြင်ပြီဗျို့ လမြင်ပြီဗျို့'လို့ ထပ်ခါတလဲအော်ရင်း ပျော်ခဲ့ရတယ်။ ပြီးတော့ မနက်အတွက် မုန့်တွေလုပ်နေတဲ့ လူကြီးတွေနားသွားပြီး မနက်ကျဘယ်သွားမယ်၊ ဘာတွေလုပ်မယ်၊ အီတီရရင်ဘာဝယ်မယ်နော်လို့ပြောရင်း ညနက်ထိမအိပ်တာကြောင့် 'မအိပ်ရင် မနက်ကျ မျက်နှာချောင်နေပြီး မလှတော့ပဲနေလိမ့်မယ်'ဆိုတာကြောင့် အိပ်ယာထဲပြေး မျက်လုံးကိုဇွတ်မှိတ် အိပ်ပျော်အောင်အိပ်ပြီး အီးဒ်မနက်မှာ လူကြီးတွေမနှိုးခင်ကတည်းက နိုးနေခဲ့တဲ့ ပျော်စရာ အီးဒ်နေ့တွေကို နွှဲပျော်ခဲ့တာ ၁၀-တန်းကျောင်းသူဘ၀အထိပေါ့။

Friday, August 17, 2012

လူ

လူ



“ဘ၀မှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ်။”

“ကျွန်တော်တို့ဟာ အချိန်တွေကို ဘယ်လိုကုန်လွန်စေခဲ့သလဲ? အဲဒီကုန်ခဲ့တဲ့အချိန်တွေအတွက် တစ်စုံတစ်ရာကို ပြန်ရလိုက်တာလား? ပြန်ရလိုက်တယ်လို့ ထင်နေခဲ့တာလား? နောက်ဆုံးကျရင်ကော?”
“ကျွန်တော်တို့ဟာ ဘ၀မှာ အချိန်ရဲ့ ဖိစီးခြင်းကို ခံနေရတာလား? ကျွန်တော်တို့ဟာ အချိန်ကို အသုံးချနေကြတာလား?”

“လူ့ဘ၀ဆိုတာ သံယောဇဉ်တွေ၊ သမုဒယတွေ၊ မျှော်လင့်ချက်တွေနဲ့ ကြိုးတွေနဲ့ ချည်နှောင်ခံထားရတာ ဆိုပါစို့။ အဲဒီကြိုးတွေကို ကျွန်တော်က အိပ်မက်လို့ နာမည်ပေးထားတယ်။ ကျွန်တော်တို့ကို ဘယ်သူက အိပ်မက်တွေနဲ့ လာချည်နှောင်တာလဲ? တရားခံကတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ပြတင်းပေါက်အပြင်ပကို လှမ်းကြည့်လိုက်ပါ။ လမ်းပေါ်မှာ ခုန်ဆွခုန်ဆွသွားနေကြတဲ့ လူတွေကို တွေ့ရပါလိမ့်မယ်။”

Tuesday, August 14, 2012

ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ..... ?

သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ?
ကျွန်မတို့အမိမြန်မာနိုင်ငံကြီးမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့်၊ ကိုယ်လက်ခံယုံကြည်တဲ့ ဘာသာတရားကို ဖိနှိပ်ချုပ်ချယ်နေတာတွေကိုလည်း တွေ့မြင်နေရတယ်။ စာလေးတစ်ပုဒ်ဖတ်ပြီးအဲဒီစာလေးမှာ ကျွန်မ ရင်ထဲက ခံစားချက်ကို ချရေးလိုက်တော့ စာတစ်ပုဒ်ဖြစ်သွားတယ်။
ကျွန်မတို့ရဲ့ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာ မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ တိုင်းရင်းသားစစ်စစ်တွေပါ။ မြန်မာရှင်ဘုရင်တွေလက်ထက်ကတည်းက ဘုရင့်သစ္စာခံ မင်းမှုထမ်းတွေပါ။ ဘုရင်ကိုယ်တိုင်နှစ်သက်ကြည်ဖြူလို့ သူ့ရဲ့ စားတော်ကဲအဖြစ် ခန့်ခံခဲ့ရသူ၊ သူကြွယ်အဖြစ်သတ်မှတ်ပေးခဲ့ပြီး သူကြွယ်မင်းလို့နာမည်တပ်ခံရသူတွေပါ ဘယ်နိုင်ငံမှ ရောက်လာပြီးနေခဲ့ကြသူတွေလည်းမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ပသီလို့ အသိအမှတ်ပြုခံခဲ့ရသူတွေပါ။ မြန်မာ့နိုင်ငံသမိုင်းကြောင်းတလျှောက်လုံးမှာ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့သူ၊ လွတ်လပ်ရေးရပြီးအချိန်တွေမှာလည်း နိုင်ငံတိုးတက်ဖို့ အများနဲ့တန်းတူ သက်စွန့်စံဖျားကြိုးပမ်းခဲ့ကြသူတွေပါ။
အဲလိုနေခဲ့သူတွေရဲ့ သားစဉ်မြေးဆက်ဖြစ်လာတဲ့ ကျွန်မတို့မှာတော့ မှတ်ပုံတင်လုပ်တဲ့အခါမှာ ကိုယ့်ဆွေမျိုးသားချင်းထဲမှာ တစ်ယောက်မှ မရှိတဲ့ အိန္ဒိယဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်ခံရတယ်။ တော်တော်တော့ ရင်နာမိတယ်။  
အိမ်ထောင်စုဇယား၊ မှတ်ပုံတင် ၁၀-နှစ်ကတ်၊ ၂၀၁၀-မဲပေးဖို့ထုတ်ပေးတဲ့ ကတ်မှာ လူမျိုးက ပသီပဲဗျ။ ၁၈-နှစ်နောက်ပိုင်းမှတ်ပုံတင်လဲတော့ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ ပါကစ္စတန်+ဗမာ၊ ဘင်္ဂလားဒေ့ရှ်+ဗမာ စတာတွေကို ထည့်တော့တာပဲ။ ပသီလို့ လုံးဝမပေးတာကြောင့် ၄-၅ ခါထက် မနည်း မှတ်ပုံတင် ပြန်လုပ်ခဲ့ဖူးတယ် မှတ်ပုံတင်တစ်ခါလုပ်ရင် ဖြည့်ရတဲ့ Form တွေကလည်း သိတဲ့အတိုင်းပဲ။  အဲဒါ နောက်ဆုံးတစ်ခေါက်မှာတော့ လ၀ကနဲ့ အကြီးအကျယ် ပြဿနာဖြစ်ပါတယ်။ တိုင်းရင်းသားဖြစ်ကြောင်း အထောက်အထား စာအုပ်မျိုးစုံ (ကိုယ့်ဘက် သူ့ဘက်က ထုတ်ထားတဲ့ စာအုပ်တွေ)ကို ယူသွားပြီး အပိုင်အနိုင်ပြောသော်လည်း ကျွန်မတို့က အဲဒါတွေ နားမလည်ပါဘူး။ အထက်က ပြောတာကိုပဲ လုပ်ရတာပါတဲ့။  နောက်တော့ ပတ်စ်ပို့စ်လုပ်တဲ့အချိန်မှာ ၁၀-နှစ်ကတ်နဲ့လုပ်ပါတယ်။ ချလံထွက်ခါနီးမှာ ပြဿနာတွေ မျိုးစုံတက်ပြီး ငွေကုန်လူပန်းပြီး ပတ်စ်ပို့စ်လည်း မရခဲ့တော့ပါဘူး။ ဒါနဲ့ ပသီမရရင် မှတ်ပုံတင်မယူဘူးဆိုပြီး ကျွန်တော် အသက်(၃၀)ကျော်အထိ ၁၀-နှစ်ကတ်နဲ့ပဲ နေခဲ့ပါတယ်။ ဒီလိုနဲ့နေလာရင်း ခရီးသွားရတာတွေများလာတာတော့ လမ်းမှာ မှတ်ပုံတင်ဆင်းပြရတိုင်း ၁၀-နှစ်ကတ်ပဲဖြစ်နေပြီး ဘာသာက မွတ်စလင်မ်ဖြစ်နေတဲ့အတွက်  ၁၀-နှစ်ကတ်ကို အခုအချိန်ထိ မလဲလို့ဆိုပြီး ခဏခဏ ပြဿနာဖြေရှင်းရပါတယ်။
အဲဒါနဲ့ မှတ်ပုံတင်လဲမှဖြစ်တော့မယ်ဆိုပြီး ၁၈-နှစ်ပြည့် မှတ်ပုံတင်ပြန်လုပ်ပါတယ်။ အဲဒီမှာလည်း အပေါ်မှာပြောခဲ့သလို လ၀ကနဲ့ ခဏခဏ စကားပြောရပါတယ်။ နှစ်ဘက် အဖိုးအဖွားတွေရဲ့ မှတ်ပုံတင်တွေ၊ မျိုးရိုးစဉ်ဆက်တွေကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်တယ်။ ကျွန်မအမေက ရန်ကုန်မွေးဖွားကြီးပြင်းလာသူဖြစ်တော့ အမေနဲ့ အဖိုးအဖွား တွေရဲ့ case file ကို ရန်ကုန်မှာပြန်ယူခိုင်းတယ်။ ကျွန်မတို့ယူပေးနိုင်ခဲ့တယ်။ နောက် အဖေဘက်က case file ကိုကျတော့ မန္တလေး မြို့နယ်လ၀ကရုံးက ရှာလို့မတွေ့သေးဘူးလို့ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လက်ထဲမှာ case file တွေကို copy ကူးထားတာရှိနေလို့ ပေးတာတောင် မရဘူး ရုံးမှာရှာနေဆဲဆိုပြီး လပေါင်း တော်တော်ကြာကြာ အချိန်ဆွဲထားခဲ့တယ်။ တချို့ကလည်းပြောတယ် ပိုက်ဆံပေးလိုက်ကွာတဲ့ ကျွန်မတို့ လုံးဝမပေးပါဘူး။ မှတ်ပုံတင်လုပ်လို့ တရားဝင် ကုန်ကျငွေကိုသာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လ၀ကက ဘာပြောလဲဆိုတော့ သမိုင်းတွေဘာတွေ ကျွန်မတို့ နားမလည်ပါဘူး။ အထက်က အမိန့်အတိုင်း ကျွန်မတို့ လုပ်ရတာပဲလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့က ဘယ် အိန္ဒိယ ပါကစ္စတန်ကမှ မဟုတ်တဲ့အတွက် အဲဒါပေးရင် မယူနိုင်ဘူးလို့ပြောတယ်။ သူတို့ဘက်က လေသံပြော့သွားပြီး လုပ်ပေးမယ်လို့ ပြောတယ်။ မှတ်ပုံတင်သွားယူရတဲ့နေ့မှာ case file ကို ကျွန်မတို့လက်ထဲပေးပါတယ်။ အဲဒီ case file ကိုင်သွားပြီး။ လ၀က ဦးစီးမှူးဆီမှာ မှတ်ပုံတင်ကို သွားထုတ်ရပါတယ်။ Case file ကို ကျွန်မကြည့်လိုက်တော့ ရှေ့ဆုံးစာရွက်တစ်မှာ နာမည်၊ လူမျိုး၊ ဘာသာ အကုန်ရေးထားတယ်။ အဲဒီမှာ ကြည့်လိုက်တော့လည်း ပသီ လို့ ရေးထားတယ်။ ဒါနဲ့ မှတ်ပုံတင်ယူဖို့ကို လက်မှတ်ထိုးလိုက်တယ်။ မှတ်ပုံတင်လည်း လက်ထဲရောက်ရော လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ အိန္ဒိယ+ဗမာ တဲ့။ တော်တော်ကို အံ့သြမိပါရဲ့။ နားကို မလည်နိုင်အောင်ပါပဲ။ လွတ်လပ်ခွင့်အပြည့်အ၀ရှိတယ်ဆိုတာ ဘာလဲ။
ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ….. ။
သမိုင်းကိုနားမလည်သူတွေ၊ သမိုင်းကို ကိုယ်တိုင် သေချာမသိတာနဲ့ပဲ မရှိဘူး မသိဘူးလို့ ပြောပြီး သမိုင်းကို လိမ်ညာချင်သူတွေနဲ့တော့ မြန်မာပြည်ကြီးမှာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအော်နေလို့လဲ အလကားပါပဲ။ ကျွန်မတို့တွေ သမိုင်းကို ပိုမိုနားလည်သင့်ကြပြီ၊ နားလည်အောင် ကြိုးစားသင့်ကြပါပြီ။
လက်ခံယုံကြည်တဲ့ဘာသာတရားမတူညီတာနဲ့ ကိုယ့်ဘာသာသည်သာလျှင် အမြင့်မြတ်ဆုံးပဲလို့ အတွင်တွင်ပြောနေကြမယ့်အစား အခြားဘာသာများ အကြောင်းကိုလည်း သေချာစွာလေ့လာသင့်ကြပါတယ်။ ကိုယ့်ဘာသာသာသနာမဟုတ်တာကို လေ့လာမယ်ဆိုရင် အဲဒီဘာသာဝင်မဟုတ်သူ ရေးထားတဲ့ စာတွေကို လေ့လာတာထက်စာရင် တခြားဘာသာဝင်တွေရေးသားထားတဲ့ စာအုပ်စာပေတွေကိုသေချာလေ့လာပြီး မိမိရဲ့ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားနိုင်ကြရင်ဖြင့် စစ်မှန်တဲ့လေ့လာမှုကို ရရှိနိုင်ပါတယ်။ ကိုယ်တိုင်ဖတ်ရင်းနားမလည်ရင်တောင်မှ အဲဒီဘာသာဝင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို မေးမြန်းသင့်ပါတယ်။ ဖြေကြားပေးသူ အနေနဲ့လည်း ကိုယ်မဖြေနိုင်တဲ့မေးခွန်းမျိုးကို ကိုယ့်ထက် နားလည်သူဆီမှာ မေးမြန်းပြီးမှသာ ပြန်လည်ဖြေကြားပေးသင့်ပါတယ်။
ဘာသာမတူ၊ လူမျိုးကွဲပြားတဲ့ မြန်မာ့မြေက မောင်နှမအားလုံးလည်း အစွန်းရောက်သူများမဖြစ်ကြရအောင် သမိုင်းကိုသေချာစွာလ့လာပြီး ကိုယ့်ဘာသာတရားရဲ့ ဆုံးမသွန်သင်ချက်များအတိုင်း လျှောက်လှမ်းပြီး စည်းလုံးညီညွတ်ပြီးအေးချမ်းသာယာတဲ့ အမိမြန်မာနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းထူထောင်သင့်ကြဖို့ အချိန်တွေမလွန်သေးပါဘူး။
သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ဆိုတာ မိမိကိုယ်တိုင် တွေးကြည့်ရင်း အမှန်တရားကို မြတ်နိုးသူများဖြစ်ကြပြီး သမိုင်းရဲ့တရားခံတွေအဖြစ်မှ ကင်းလွတ်နိုင်ကြပါစေ …………… ။

Saturday, August 11, 2012

ပါဝင်ခဲ့ကြပြန်ပြီ တို့တတွေသည်

ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်(မန္တလေး) မြင်ကွင်း


ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနားကျင်းပရာ ဘုရားကြီးအလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို ကျွန်မရောက်သွားတော့ ၀င်ပေါက်မှာတင် အလွန်ကို များပြားလှတဲ့လူတွေကို မြင်လိုက်ရတယ်။ ဘုန်းကြီး ကျောင်းဝင်းထဲကို ယာဉ်တွေ ပေးမ၀င်ပဲ ဘုန်းကြီးကျောင်းဝန်းအပြင်ဘက် ဘေးကကွက်လပ်မှာ ကားတွေ၊ ဆိုင်ကယ်တွေအပ်နိုင်အောင် စီစဉ်ပေးထားတဲ့နေရာမှာ ဆိုင်ကယ်သွားထားပြီး ကျောင်းဝင်းထဲ ၀င်ခဲ့လိုက်တယ်။

ကျောင်းဝင်းထဲမ၀င်ခင် သတိရလိုက်တာနဲ့ ဒီနေ့အတူဆုံမယ်လို့ ပြောထားတဲ့ အစ်ကိုတစ်ယောက်ဆီဖုန်းခေါ်လိုက်တော့ သူကအပေါ်ထပ်မှာ ရောက်နေပြီတဲ့လေ။ ဒါနဲ့ ကျောင်းဝင်းထဲကို အဖေနဲ့အတူတူဝင်သွားတော့ အဖေ့မိတ်ဆွေတွေ၊ ကျွန်မသူငယ်ချင်းတွေကိုလည်း တွေ့လိုက်ရတယ်။ ပြီးတော့ မေမေ့ရဲ့မိတ်ဆွေတချို့ (ကျွန်မငယ်ငယ်ကပဲ ဆုံဖူးလိုက်သူတွေ)ကိုလည်းတွေ့လိုက်ရတယ်။ ဘာသာပေါင်းစုံက ပါဝင်ခဲ့ကြသလို မွတ်စလင်မ်အများစုကိုလည်း တွေ့လိုက်ရတယ်လေ။

Wednesday, August 08, 2012

ကျွန်မရဲ့ သူရဲကောင်း (ရှစ်လေးလုံးနှစ်ပတ်လည် အမှတ်တရ)

မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်ဆံတဲ့အခါမှာ၊ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာတဲ့အခါမှာ စိတ်ရှည်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ မတူညီရင် ညှိကြည့်ပါ၊ မရရင် ဥပက္ခာပြုလိုက်ပါ။ လူတွေကို မိတ်ဆွေမဖြစ်ချင်နေပါစေ ရန်သူမဖြစ်ပါစေနဲ့။ မနာလိုဝန်တိုစိတ်ဟာ ကိုယ့်ဘဝတစ်ခုလုံး ချောက်ထဲကျအောင် တွန်းပို့တတ်တယ်။ ဒါကြောင့် အဲဒီစိတ်နဲ့ဝေးအောင်ရှောင်ပါ။ မာနထား မလွဲမှားပါစေနဲ့။ မခံချင်စိတ် မလွဲမှားပါစေနဲ့။ (ပသီမာလာဆွေ)

သမီးကျောင်းတက်တဲ့တလျှောက်လုံး အိမ်မှာဆိုရင်တော့ မေမေက သမီးရဲ့ဆရာမပဲပေါ့။ မှတ်မှတ်ရရ သမီး ၄-တန်း (စတုတ္ထတန်း) ကျောင်းသူဘ၀တုန်းကလေ။ အဲဒီတုန်းက ၁၉၈၈-ခုနှစ်၊ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို တွန်းလှန်ကြတဲ့ ပြည်သူ့ဆန္ဒတွေ ထုတ်ဖော်ပြလာကြတဲ့ ၈၈-အရေးခင်းဆိုတာ ဖြစ်ပေါ်တဲ့အချိန်ပေါ့။ သမီးတို့ကျောင်းတွေ ဖွင့်ပြီး သိပ်မကြာဘူး။ အရေးအခင်းဖြစ်တာကြောင့် ကျောင်းတွေပိတ်လိုက်တယ်လေ။ အဲဒီအချိန်တွေဟာ သမီး ဘ၀အတွက် ပိုပြီးအမှတ်တရ ဖြစ်စေခဲ့တယ်။ မေမေရဲ့တိကျပြတ်သားခိုင်မာမှုနဲ့ ရဲရင့်တဲ့သတ္တိအပြည့်ရှိတဲ့စိတ်ဓါတ် တွေကို သမီးမြင်တွေ့ခဲ့ရတဲ့အချိန် ဆိုလည်း မမှားပါဘူး။ အဲဒီအချိန်က သမီးတို့က အိမ်ငှားဘ၀နဲ့နေကြရတဲ့အချိန်လေ။ ဆန္ဒပြမှုတွေ စီတန်းလှည့်လည်မှုတွေ လုပ်ကြတော့ သမီးက လိုက်ကြည့်ရင်းနဲ့ အိမ်ကနေ မန္တလေးဘူတာကြီးရှေ့ ဆေးရုံကြီးနားအထိ ရောက်သွားခဲ့တယ်။ အဲဒီကနေမှ အိမ်ကိုပြန်လာတော့ မေမေက သမီးကို ဘာပြောခဲ့လဲ။ နောက်ကို အဲလိုအဝေးကြီးထိ လိုက်မသွားဖို့ကို သမီးနားလည်အောင်ပြောပြခဲ့ပြီး အဲလို သွားရကောင်းလားလို့ မဆူခဲ့ဘူးနော်။

Tuesday, August 07, 2012

မြတ်နိုးတယ် သြဂတ်


သြဂတ် . . .
နင်ဟာ ငါ့အတွက် အမှတ်တရတွေကို
အမြဲယူဆောင်လာတတ်တယ်နော် ....... ။
သြဂတ်ရေ. . . .
နင့်ကြောင့် ငါ . . .
ဝမ်းနည်းခဲ့ဖူးတယ် ...
ကြည်နူးခဲ့ဖူးတယ် ...

Thursday, July 19, 2012

ရင်ထဲက ဆန္ဒလေးတစ်ခု

ကျွန်မအတွက် အဓိပ္ပါယ်ရှိတဲ့ အမှတ်တရနေ့တစ်နေ့ သို့မဟုတ် ၆၅-နှစ်မြောက် အာဇာနည်နေ့


ကျွန်မအတွက်အဓိပ္ပါယ်ရှိတဲ့နေ့များစွာရှိတဲ့အနက် ၆၅-နှစ်မြောက် အာဇာနည်နေ့လည်း နေ့တစ်နေ့အဖြစ် တိုးဝင်လာခဲ့ပြန်တယ်။

အာဇာနည်နေ့အထိမ်းအမှတ်အခန်းအနားတွေကို ဟိုးငယ်ငယ်ကသာ လက်တွေ့မြင်သိခွင့်ရပြီး နောက်ပိုင်း လက်တွေ့မြင်တွေ့ခွင့်မရတော့တာ နှစ် ၂၀-ကျော်တိုင်အောင် ကြာခဲ့ပြီလေ။

အခု ၆၅-နှစ်မြောက် အာဇာနည်နေ့မှာတော့ ဟိုးအရင်က အာဇာနည်နေ့အထိမ်းအမှတ်ပြုလုပ်ကြသလိုမြင်ကွင်းမျိုးထိ မရောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် ၂၀-ကျော်အတွင်း ကွယ်ပျောက်နေတဲ့ အငွေ့အသက်လေးတချို့ကို ပြန်မြင်လိုက်ရတယ်။

အာဇာနည်နေ့အထိမ်းအမှတ်အခန်းအနားတွေကို သက်ဆိုင်ရာ လုပ်နိုင်ရာ တစ်ပိုင်တစ်နိုင်လေးတွေ လုပ်လာကြတာတွေ့ရတယ်။

ကျွန်မ မနေ့က ကံတက်ကုန်းဘုန်းတော်ကြီးကျောင်းမှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကိုမြင်တွေ့ရတာလည်း ကြည်နူးခဲ့ရပါတယ်။ ကံတက်ကုန်းဘုန်းတော်ကြီးကျောင်းက သူငယ်တန်းကနေ အဌမတန်းအထိ ကလေးတွေဟာ အာဇာနည်ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ဓါတ်ပုံလေးတွေ ချိတ်ဆွဲထားတဲ့ ပန်းခွေတွေကိုင်ဆောင်ပြီး အောင်ပင်လယ်တ၀ိုက် စည်းကမ်းရှိရှိလှည့်လည်ပြီး ကျောင်းဝင်းထဲပြန်ဝင်လာတဲ့ မြင်ကွင်းလေးရယ် လွမ်းသူတွေပန်းခွေတွေချိတ်ဆွဲကြတဲ့မြင်ကွင်းလေးရယ်က ကျွန်မကို မျက်ရည်ဝဲလာစေခဲ့ပါတယ်။ အဲလိုမြင်ကွင်းမျိုး မမြင်ခဲ့ရတာ အလွန်ကို ကြာညောင်းခဲ့ပြီလေ။

အဲဒီကနေတဆင့် မန္တလေးတိုင်းဒေသကြီးက ဦးစီးကျင်းပတဲ့ အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းကပ်အလှူဒါနပြုပွဲ ပြုလုပ်တဲ့ မြို့တော်ခန်းမဆီ ကျွန်မရောက်ခဲ့ပြန်တယ်။ အဲဒီမှာပဲ ၀ါဆိုဆရာတော်ကြီးက တရားတော်ဟောကြားနေစဉ်မှာပဲ မြို့တော်ခန်းမရှေ့က သြဥဆွဲသံရယ်၊ ကားတွေဟွန်းတီးသံတွေရယ်ကို ကြားလိုက်ရစဉ် နာရီကိုကြည့်မိလိုက်တော့ ၁၀-နာရီ ၃၇-မိနစ်မှာ လက်တံလေးတွေက ပြနေတယ်။ ပရိသတ်အားလုံးလည်းတရားနာနေကြတော့ သြဥဆွဲသံတောင် ကြားမိလိုက်ရဲ့လားလို့တွေးမိတယ်။ ဘယ်သူမှတော့ အလေးမပြုလိုက်ကြတော့ဘူးပေါ့။

Monday, July 02, 2012

မိန်းမသားများရဲ့ စိတ်ကို ကိုယ့်ကြောင့်မနာကျင်ပါစေနဲ့

ဒီရက်ပိုင်း Facebook စာမျက်နှာမှာ အချိန်ကုန်နေတဲ့ ကျွန်မ … အဲဒီမှာ စာတွေဖတ်ရင်း လေ့လာမှုတစ်ခုကိုလည်း အမှတ်မထင်လုပ်ဖြစ်သွားပါတယ်။ အဲဒါက ဘာလဲဆိုတော့ Facebook မှာ ခံစားချက်စာစုတွေ၊ ဒဿနတွေ၊ အတွေးအခေါ်တွေ၊ သုတရစရာတွေ၊ နိုင်ငံရေး၊ ဘာသာရေး စတာတွေကို like နှိပ်ခြင်း၊ Share ခြင်း ပြုကြရာမှာ မိန်းမသားအများစုက ခံစားချက်စာစုလေးတွေကို like ခြင်း၊ share ခြင်း လုပ်တာ တွေ့ရတယ်။ အဲဒီအထဲမှာမှ ပိုပြီး like ကြတာက ခံစားချက်စာစုတွေ၊ မျက်ရည်ကျတာ၊ ငိုတာနဲ့ ပတ်သက်တာတွေကို like ကြ၊ Share ကြတယ်။ ဘာကြောင့်လဲဆိုတာကို ကျွန်မထပ်ပြီးလေ့လာကြည့်မိတော့ … မိန်းမသားအများစုက ကိုယ်ခံစားရတာတွေကို အပြင်မှာ ပွင့်လင်းစွာဖော်ထုတ်ခွင့်မရလာတဲ့အခါ သူများ ခံစားချက်လေးတွေက ကိုယ်နဲ့တိုက်ဆိုင်မှုရှိလာတဲ့အခါ နှစ်ခြိုက်သဘောကျမိပြီး like ကြ၊ Share ကြတာပေါ့။


ဒီနေရာမှာ ကျွန်မ အဓိကပြောချင်တာက like ခြင်း၊ Share ခြင်း ကိစ္စမဟုတ်ပါ။ မိန်းမသားအများစုဟာ ခံစားချက်တွေကို ရင်တွင်းမှာပဲ သိမ်းဆည်းရင်း ကြိတ်ခံစားကြရတာပါ။ အထူးသဖြင့် နှလုံးသားရေးရာနဲ့ ပတ်သက်လာရင် မိန်းမသားအများစု မျက်ရည်ကျတာကိုသိရှိခံစားပေးတာက သူတို့ရဲ့ ခေါင်းအုံးတွေပါပဲ။ ယောက်ျားသားတွေကြောင့် ခံစားလာရတဲ့ ခံစားချက်တွေကို တစ်ခြားသူကိုလည်း ဖွင့်မပြောရဲ၊ ဖွင့်ပြောမထွက်ကြတာကြောင့် တိတ်ဆိတ်စွာငိုရှိုက်ရင်း ကြိတ်မှိတ်ခံစားရတတ်ကြပါတယ်။ သူတို့ဘာလို့ ပြောမထွက်တာလဲဆိုတော့ သူများကို ပြောလိုက်ရင်ကိုယ့်ကိုအမြင်စောင်းသွားမလား၊ အထင်သေးသွားမလား၊ တစ်ဘက်လူ(ယောက်ျားလေး)ကို သွားထိခိုက်မလားဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ ကျွန်မအနေနဲ့ကတော့ ကိုယ့်ဘက်က အနေမှန်ခဲ့တယ်ဆိုရင် ဘာကိုမှ ကိုယ့်စိတ်ထဲထားစရာမလိုဘူးလို့ မှတ်ယူပါတယ်။

Wednesday, June 27, 2012

ဟာသတစ်ပုဒ်

ငါ ... ငိုခဲ့ပါတယ် ....
နင်နဲ့ ချစ်သူမဖြစ်ရတော့လို့မဟုတ်ဘူး ....

ငါ ... ငိုခဲ့ပါတယ် ...
အသည်းကွဲလို့တော့ မဟုတ်ဘူး။

ငါ ... ငိုခဲ့ပါတယ်
ငါ့အပေါ် သစ္စာမဲ့တဲ့နင်နဲ့ ငါ့အပေါ်သစ္စာမရှိတဲ့သူငယ်ချင်းရဲ့ ဖောက်ပြန်မှုကြောင့် .....

အခုတော့ ငါ ပြုံးနိုင်ခဲ့ပါပြီ .....
အရာအားလုံးကို ဥပေက္ခာပြုလိုက်တာကြောင့် .....
အရာအားလုံးဟာ ဟာသတစ်ပုဒ် ဖြစ်သွားခဲ့ပြီ ..........

Tuesday, June 19, 2012

ဒေါ်ခင်ကြည် ၊ သို့မဟုတ် ၊ မျိုးဆက်အမွေဆက်ခံသူ - ပေးဝေသူ

“ချစ်လင်ဗိုလ်ချုပ်ရဲ့ ဇနီးကောင်းပီသစွာ နိုင်ငံနဲ့လူမျိုးအတွက် မိသားစုအတွက် ‘ကြည်’ … ထာဝရ ရပ်တည်သွားမှာပါ။” (ဒေါ်ခင်ကြည်၊ ဗိုလ်ချုပ်ကတော်)
“သားတို့သမီးတို့ရဲ့ ဖခင် မရှိတော့ပေမယ့် အမေဟာ သားတို့သမီးတို့ရဲ့ ဖခင်ကောင်းရဲ့ ဇနီးကောင်းပီပီ မိသားစုတာဝန်ကျေရပါစေမယ်။” (ဒေါ်ခင်ကြည်၊ ဗိုလ်ချုပ်ကတော်)


အတုယူရမည့်စံပြ မြန်မာအမျိုးသမီးခေါင်းဆောင် (၁)

ဒေါ်ခင်ကြည်၏ဘ၀သမိုင်းအား ပြန်ပြောင်းသုံးသပ်ကြည့်လျှင် ဒေါ်ခင်ကြည်သည် စံပြုဖွယ်၊ အတုယူဖွယ် အားကျဖွယ်များရှိနေသည်ကို တွေ့ရ၏။

အဘယ့်ကြောင့်ဆိုသော် ဒေါ်ခင်ကြည်ဘ၀သမိုင်း၌ ကျောင်းဆရာမလေးဘ၀၊ သူနာပြုဆရာမလေးဘ၀၊ ဗိုလ်ချုပ်ကတော်ဘ၀၊ မင်းတိုင်ပင်အမတ်ဘ၀၊ ကလေးများမိခင်ဘ၀၊ လူမှုဝန်ထမ်းဥက္ကဋ္ဌဘ၀၊ နိုင်ငံရေးသမားဘ၀၊ ဘ၀စုံသည်။

ခရီးကြမ်းအား အပြုံးမပျက်လျှောက်လှမ်းခဲ့သူလည်းဖြစ်သည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က
“ဗမာစကားတွေထဲမှာ မိန်းမဖျက်လို့ ပြည်ပျက်တယ်ဆိုတာရှိသလို၊ မိန်းမဆောင်သော အောင် ဆိုတဲ့စကားလည်းရှိတယ်၊ ဒါကို ကျွန်မ အမြဲတမ်းကြိုးစားနေတယ်” ဟုပြောသည်။ ထို့အတူ ဒေါ်ခင်ကြည်က အမျိုးသမီးများနှင့်ပတ်သက်၍ “ကျွန်မဟာ အမျိုးသမီးထုနဲ့အဓိက ဆက်သွယ်နေရတော့ အမျိုးသမီးထုအကြောင်းကိုသိတယ်၊ အမျိုးသမီးတွေက စည်းလုံးညီညွတ်မှုရှိကြတယ်၊ သူတို့အတွက် အဓိကလိုအပ်ချက်က ခေါင်းဆောင်ကောင်းရှိဖို့ပဲ၊ ဒါကြောင့် ကနေ့ တိုင်းပြည်ထူထောင်ရာမှာ အမျိုးသမီးထုကို ချန်လှပ်ထားဖို့ မသင့်ဘူးလို့ ထင်တယ်”ဟုပြောသည်။

Saturday, June 02, 2012

ရှိုက်သံ


အိပ်ပျော်နေစဉ် . . .
"အင့်"ကနဲ ရှိုက်သံတစ်ချက် ကြားလိုက်တယ်
ဘယ်သူများလဲလို့ ရှာဖွေဖို့ မျက်လုံးဖွင့်လိုက်တယ်
မျက်လုံးအိမ်မှာ ပူစပ်စပ်မို့

Friday, June 01, 2012

ပေါ့ဆမီးတဲ့လား ၊

မန္တလေးမြို့ဟာ နွေရာသီရောက်လာပြီဆိုတာနဲ့ မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာ နာမည်ကြီးတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။

အခုတလောမှာလည်း နှစ်စဉ်ဖြစ်မြဲလိုပဲ မန္တလေးမြို့မှာ မီးခဏခဏလောင်တတ်ပြန်ပါတယ်။
မီးလောင်မှုအများစုဟာ ပေါ့ဆမီးကြောင့်ဖြစ်ပွားခဲ့တယ်လို့ပြောတယ်။ ဘာကို ပေါ့ဆမီးလို့ယူဆပြီးပြောတာလဲ။ မီးသွေမီးဖို၊ မီးခြစ်၊ ဖယောင်တိုင်မီး၊ ခြင်ဆေးထွန်းခြင်း အစရှိတဲ့အရာတွေကနေ မီးလောင်မှုဖြစ်လာတာကို ပေါ့ဆမီးလို့ပြောကြတယ်။ အဲလိုတွေကြောင့်မဟုတ်ပဲ လျှပ်စစ်ကြောင့် ၀ါယာရှော့ဖြစ်တာဆိုရင် ပေါ့ဆမီးလို့ မခေါ်ကြဘူး။ ၀ါယာရှော့ဖြစ်တာကိုလည်း ပေါ့ဆမီးလို့ပဲ ပြောချင်ပါတယ်။ မီးသုံးစွဲသူက ဂရုစိုက်မှုမရှိလို့သာ ၀ါယာရှော့ဖြစ်တာပေါ့။ ရေနွေးအိုးတည်ထားတုန်း မီးပျက်သွားလို့ ပလပ်မဖြုတ်မိတာလည်း မေ့လျော့ပေါ့ဆမှုပါပဲ။ အဲဒါကတော့ သုံးစွဲသူအနေနဲ့ ပေါ့ဆမှုပါပဲ။ နောက်တစ်ခုက တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုပါ။ ၀ါယာရှော့ဖြစ်တယ်ဆိုတိုင်း မီးသုံးစွဲသူတွေရဲ့ ပေါ့ဆမှုတစ်ခုတည်းကြောင့်မဟုတ်ပဲ လျှပ်စစ်မီးအား ပေးနေတဲ့သက်ဆိုင်ရာ အဆင့်ဆင့် လျှပ်စစ်ရုံးတွေရဲ့ ပေါ့ဆမှုလည်းဖြစ်ပါတယ်။

အခုဆိုရင် လျှပ်စစ်မီးအား မလုံလောက်မှုကြောင့် အချိန်အကန့်ပြီးပေးတယ်။ အဲလိုပေးပြန်တော့လည်း မီးပေးတဲ့အချိန်/မီးလာတဲ့အချိန်မှာ မီးအားကို ပြည့်ဝမှန်ကန်အောင် မပေးတာမျိုး၊ လူတွေရပ်ကွက်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ လျှပ်စစ်မီးအားတွေ အများကြီးသုံးပြီး လုပ်ငန်းလုပ်နေတာကို သိသိရဲ့ တာဝန်ရှိသူတွေက လစ်လျူရှုထားတာမျိုးတွေဟာလည်း တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုတွေပါပဲ။ ဒါကြောင့် ကျွန်မကတော့ အားလုံး(မီးသွေးမီးဖို၊ မီးခြစ်၊ ဖယောင်းတိုင်၊ ခြင်ဆေး၊ လျှပ်စစ်ဝါယာရှော့ ကြောင့်ဖြစ်ပွားမှု)ကို ပေါ့ဆမီးလို့ပြောချင်တာပါပဲ။

Saturday, May 26, 2012

ကလေးတစ်ယောက်ရဲ့ ဘ၀ရှင်သန်မှု (အပိုင်း-၁)

ကလေး … အထူးသဖြင့် အသက်(၃)နှစ်အောက်ကလေးတွေပေါ့ … …

ဟိုးအရင် … ကျွန်မတို့ငယ်ငယ်ကကလေးတွေဟာအသက်(၃)လအရွယ်ရှိမှသာရီတတ်၊ ပြုံးတတ်၊ အာရုံခံစားချက်ရှိလာကြတယ်လို့ လူကြီးတွေပြောတာ ကြားဖူးခဲ့သလို … ကျွန်မငယ်ငယ်ကတွေ့ဖူးတဲ့ကလေးတွေကိုလည်းသတိထားမိခဲ့တယ်။


အခုနောက်ပိုင်းခေတ်တွေ ပြောင်းလဲလာတာနဲ့မျှ ကလေးတွေရဲ့ သိမှတ်နိုင်စွမ်းဥာဏ်စွမ်းရည်၊ သိတတ်မှုတွေဟာအရင်ခေတ်တွေကနဲ့မတူတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတာကိုသတိထားမိလာတယ်။
ကလေးတစ်ယောက်ဟာလူ့လောကထဲရောက်ရှိလာပြီးမကြာခင်လေးမှာပဲ … အသံကြားရာဘက်ကိုမျက်လုံးကရွေ့ပြီးလိုက်ကြည့်တတ်လာတယ်။ ပြုံးတတ်လာတယ်။

တစ်လလောက်အကြာမှာ … ၀ူးဝူးဝါးဝါး အသံလုပ်တတ်လာတတ်တယ်။ ပြီးတော့သူ့အသံကိုသူသဘောကျပြီးခဏခဏအဲဒီအသံလုပ်လေ့ရှိလာတတ်တယ်။

ဟိုးအရင်ကကလေးတွေဆို ၃-၄ လအထိ အနှီးထုတ်လေးတွေနဲ့ နေရပေမယ့် …. အခုကလေးတွေက ၁-လ ကျော်ကျော်လောက်ရောက်တာနဲ့ သူတို့ကို အနှီးနဲ့ထုတ်ထားရင် မနေချင်တော့ပဲလွတ်လပ်စွာနေလိုတော့တယ်။ အနှီးနဲ့ထုတ်ရင် သူတို့မနှစ်သက်ကြောင်းကိုခြေတွေလက်တွေ ရုန်းကန်ပြီးပါးစပ်ကလည်းအသံထွက်ပြီးအော်တတ်လေ့ရှိတယ်။

Tuesday, May 08, 2012

အတ္တ နဲ့ မာန

မန္တလေးမြို့ရဲ့ A-လမ်းမကြီးထက် အနောက်မှ အရှေ့သို့ စက်ဘီးတစ်စီးသွားနေလေရဲ့ … အချိန်ကညနေ ၅-နာရီခွဲ… အလုပ်ဆင်းချိန်လောက်ပေါ့… ဆံပင်တိုတို၊ T-shirt အနက်ရောင်ကို ဂျင်းဘောင်းဘီအပြာနုနဲ့တွဲဝတ်ထားပြီး ကျောပိုးအိတ်တစ်လုံးလွယ်ထားပြီးစက်ဘီးကိုအားစိုက်ပြီးနင်းနေတယ်။အဝေးကကြည့်ရင် ယောက်ျားလေးတစ်ယောက်လို့ထင်ရပေမယ့် အသက် ၂၀-၀န်းကျင် လောက်ရှိတဲ့မိန်းကလေးတစ်ယောက်ပေါ့။

လမ်းရဲ့ ညာဘက်ဘေးကိုကပ်ပြီးစက်ဘီးနင်းလာနေစဉ်မှာပဲဘေးနားကတရှိန်ထိုးကျော်တက်သွားတဲ့အချိန်ဟိုင်းလတ်ကားတစ်စီးနောက်မြီးရမ်းခါသွားပြီးကောင်မလေးရဲ့ စက်ဘီးကိုတိုက်မိသွားတယ် …

“ဒုန်း”

“အား”

Thursday, April 19, 2012

ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ

"ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ" (မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ)


နွေရာသီအစ္စလာမ့်ဗဟုသုတရရှိရေးအစီအစဉ်မှာပါဝင်ခဲ့ကြသူများအားလုံးအပေါ်သို့ အလ္လာဟ် အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှုအဖြာဖြာကျရောက်ပါစေ ………..

“ အတ်စလာမုအလိုင်ကွမ်း …. ၀ရဟမ္မာသွလ်လားဟေ့ ၀ဘရကသုဟူ ”

ဒီနွေရာသီအစီအစဉ်လေးမှာ ကျွန်မဆွေးနွေးမျှဝေပေးမယ့်ခေါင်းစဉ်က ‘မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ (ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ)’ ဆိုတဲ့ ခေါင်းစဉ်လေးပါ။

ကျွန်မတို့အစ္စလာမ်သာသနာဝင်များဟာ အသက်ရှင်နေစဉ်ကာလမှာ မဏ္ဍိုင်ကြီး (၅)ခုနှင့်တကွ ကျင့်ရန် ကျဉ်ရန်၊ ဆောင်ရန်ရှောင်ရန်တို့ကို လိုက်နာမှသာ နောင်အာခေရသ်အတွက် အာမခံချက် ကောင်းမှာဖြစ်သလို ယခုလက်ရှိနေထိုင်ရာ လောကကြီးတွင်လည်း တိုင်းရင်းသားပီသမှ အနာဂတ်အာမခံချက် ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ မွတ်စလင်မ်ပီသသော မွတ်စလင်များအဖြစ်နဲ့ တိုင်းရင်းသားပီသအောင်နေထိုင်ရန်မှာ တိုင်းရင်းသားအစ္စလာမ်သနာဝင်တိုင်းအတွက် ကြီးမားသော တာဝန်တစ်ရပ်ပါ။

ကျွန်မပြောမှာက သမိုင်းကြောင်းတစ်စိတ်တစ်ဒေသပါ။ သမိုင်းဆိုတာ ပျင်းစရာ အိပ်ငိုက်စရာလို့ သဘောထားရုံမက အိပ်မောကျခဲ့လို့ လက်ရှိအခြေအနေမှာ တိုင်းရင်းသားအစ္စလာမ်ဝင်တို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြရတယ်။ အတိတ်ကိုမေ့နေလို့ အနာဂတ်မှာ လမ်းပျောက်ရသူတွေ မဖြစ်ရအောင် ဒီနေ့ပြောပြမယ့် သမိုင်းတစ်စိတ်တစ်ဒေသကို ရရှိတဲ့ အချိန်အတိုင်းအတာအရ အလွန်ကိုအကျဉ်းချုံးပြီး ပြောပြရမှာဖြစ်လို့ အိပ်မငိုက် မပျင်းမရိ နားထောင်ပြီးဆွေးနွေးကြဖို့ ပထမဆုံးပြောချင်ပါတယ်။

Thursday, March 22, 2012

မှတ်မှတ်ရရ ရန်ကုန်မောင်နှမများ

ရန်ကုန်မှာ ၁-နှစ်ခွဲကျော်ကျော် ၂-နှစ်နီးပါးလောက် နေလာတဲ့ကျွန်မ …
ရန်ကုန်မှာနေလာတဲ့ တလျှောက်လုံး MMSY မောင်နှမတွေရယ် ပိစိဆိုတဲ့ ညီမလေးရယ်က ကျွန်မရဲ့ မိသားစုဝင်တွေ ဖြစ်နေခဲ့တယ်လေ။ မန္တလေးကို ပြန်တော့မယ်လို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ … တကယ်ပြန်ရတော့မယ်ဆိုတော့လည်းရင်ထဲမှာဟာတာတာနဲ့ပေါ့ …

ဒီလိုနဲ့ MMSY က မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်ပြောကြရင်း ကျွန်မ ပြန်တော့မယ်ဆိုတာကိုသိတော့ လာမေးကြ၊ ပြောကြ၊ ‘တကယ်ပြန်မှာလား၊ ဟုတ်လို့လား၊ မပြန်ပါနဲ့ အစ်မရယ်၊ ရန်ကုန်မှာပဲနေပါ’တဲ့။ အဲလိုမျိုးတွေ ကြားရတော့ ကျွန်မအပေါ် ချစ်ခင်တဲ့မောင်နှမတွေကြောင့် ၀မ်းလည်းသာတယ်။ စိတ်ထဲမှာတော်တော်လေးမကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဘ၀ဆိုတဲ့ ဇာတ်လမ်းရှည်ကြီးမှာတစ်ခန်းရပ်ပြဇာတ် လေးတွေကခဏခဏလာစမြဲဆိုတော့ ……. နောက်ထပ် ပြဇာတ်တွေမှာဆက်ပြီးပါဝင်နေရဦးမှာပေါ့ ……. ။

Monday, March 19, 2012

ခွန်အားသတ္တိတွေညွှန်ပြပေးခဲ့သူ

လွန်ခဲ့တဲ့ ၄-နှစ်နီးပါးလောက်ကတည်းက မဆုံဖြစ်တော့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လွန်ခဲ့တဲ့ ၃-လကျော်လောက် FB မှာ ဆုံဖြစ်တယ်။ ကျွန်မ ရန်ကုန်မှာ ရောက်နေတာသိရတော့ သူလည်း ၀မ်းသာနေတယ်။ ဒါကြောင့် တစ်ရက်ဆုံကြရအောင်ဆိုပြီး appointment လုပ်ခဲ့ကြတယ်။ ကျွန်မက ခဏခဏ ခရီးသွားနေရတော့ Appointment လုပ်ပြီးတိုင်းလည်း မဆုံဖြစ်ကြဘူး။ ပြီးခဲ့တဲ့ ၁-လ လောက်ကတော့ ကျွန်မ မန္တလေးပြန်မယ်ဆိုတာ ပြောဖြစ်တော့ သူငယ်ချင်းက ကျွန်မ မန္တလေးမပြန်ခင်သူနဲ့ဆုံဖို့ အချိန်ပေးပါဆိုတာနဲ့ ဒီနေ့တော့ ကျွန်မတို့ ဆုံဖြစ်လိုက်ကြတယ်။ သူငယ်ချင်းက သူ့အလုပ်(ရုံး)ဆီ လာလည်ဖို့ခေါ်တာကြောင့် သူနဲ့ကျွန်မ ဆုံပြီးတော့ သူ့ရုံးကိုသွားလည်လိုက်တယ်။

ဟိုရောက်တော့မှ ကျွန်မ တော်တော်အေး အံ့သြမိခဲ့တယ်။ သူ့လုပ်တဲ့ရုံးက Disable (မသန်စွမ်း)တွေ အတွက် အဓိက ဦးစားပေးလုပ်ဆောင်ပေးနေတဲ့ Foundation လေးတစ်ခုဖြစ်နေတယ်။ သူက သူ့ရုံးခန်းလေးဆီထိ ခေါ်သွားတယ်။ ကျွန်မလည်း သူ့ရုံးခန်းထဲတစ်ချက်လှမ်းကြည့်လိုက်တယ်ဆိုရင် … ဂျိုင်းထောက်လေးအားပြုပြီးရပ်နေတဲ့ ကောင်မလေးတစ်ယောက်က Calculator ကို တဖြတ်ဖြတ်နှိပ်ရင်း ဂဏန်းတွေပေါင်းနေတာ တွေ့ရတယ်။ ဒါနဲ့ သူငယ်ချင်းက မိတ်ဆက်ပေးတယ်။ ညီမရေ .. ဒါက အစ်မသူငယ်ချင်း၊ သူငယ်ချင်း သူက ဒီက စာရင်းကိုင်ညီမလေးလေတဲ့။ ကျွန်မတို့လည်း အသိအမှတ်ပြုပြုံးပြကြပြီး သူလည်းသူ့အလုပ်သူဆက်လုပ်နေတယ်။ ခဏနေ တစ်ယောက်ပြီးတစ်ယောက် ၀င်လာကြတာကို တွေ့ရတယ်။ အများစုက Disable တွေဖြစ်ကြတယ်။ Disable တွေဖြစ်ကြပေမယ့်၊ မသန်ပေမယ့်လည်း စွမ်းနေကြသူတွေပါပဲ။

Sunday, March 18, 2012

ကျန်းမာရေးဆေးကုသမှုအစီအစဉ်

မဒ်ရစာဟာရှိမီယာဟ်ကျောင်း (ဒလ-ဟာဖိဇ်ကျောင်း)

[ ၁၈.၃.၂၀၁၂ - တနင်္ဂနွေနေ့ ]

MMSY ရဲ့ Project လေးတစ်ခုဖြစ်တဲ့ ရန်ကုန်သာကေတရှိ ဟာဖိဇ်ကျောင်းက ကလေးငယ်တွေကိုစာသင်ကြားခြင်းနဲ့အတူ ကျန်းမာရေးအခြေခံဆေကုသပေးခြင်း၊ သွားဘက်ဆိုင်ရာဆေးကုသခြင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြသလို အခြားသော ဟာဖိဇ်ကျောင်းလေးတွေမှာလည်း တတ်စွမ်းနိုင်သလောက်ကူည်ီပေးရန်ဆန္ဒရှိကြသည့်အတိုင်း MMSY မှ မိသားစုဝင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဒီနေ့ (၁၈.၃.၂၀၁၂ - တနင်္ဂနွေနေ့)မှာဖြင့် ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်မှာရှိတဲ့ ‘မဒ်ရစာဟာရှိမီယာ(ဟ်)ဟိ(ဖ်)ဇွ(လ်) ကုရ်အာန်’ဟာဖိဇ်ကျောင်းလေးကို MMSY က မောင်နှမတတွေ သွားရောက်ပြီးကလေးတွေကိုဆေးကုသမှုအစီအစဉ်လေး ပြုလုပ်ပေးနိုင်ခဲ့ကြပါတယ်။

ဒီကျောင်းလေးကို သွားရောက်မယ့်အစီအစဉ်လေးပြုလုပ်ခဲ့ကြရပုံကိုလည်း နည်းနည်းလေးတော့ပြောပြချင်ပါတယ်။ သာကေတကျောင်းကို လုပ်ဆောင်ပေးနေရင်းနဲ့ပဲ ဒလဘက်မှာလည်းကလေးငယ်တွေအတွက် ဟာဖိဇ်ကျောင်းလေးတစ်ခုရှိတယ်ဆိုတာ ကြားသိရတာနဲ့ အဲဒီကျောင်းလေးကို ပထမဆုံးသွားရောက်လေ့လာခဲ့ပါတယ်။ သွားရောက်ခဲ့စဉ်က ကျောင်းအုပ်ဆရာကြီးနဲ့ တွေ့ခွင့်ရခဲ့တာကြောင့်ဆွေးနွေးပြောဆိုဖြစ်ခဲ့ကြတယ်။ ကျန်းမာရေးဆေးကုသမှု အစီအစဉ်လေးလုပ်ချင်ကြောင်းပြောတဲ့အခါမှာ ကျောင်းအုပ်ဆရာကြီးအနေနဲ့ ၀မ်းသာစွာကြိုဆိုကြောင်းသိရတဲ့အတွက် ဒီအစီအစဉ်လေးကို အကောင်ထည်ဖော်ဖို့ စပြီးကြိုးစားရပါတော့တယ်။ ဒါနဲ့ပဲ MMSY မိသားစုဝင်ဒေါက်တာတွေကို ပြောပြရပါတယ်။ ပထမဆုံးအွန်လိုင်းမှာစစတွေ့ချင်းပြောမိတာက ဒေါက်တာအေးမွန်၊ ဒေါက်တာရိုင်ဟာနားတို့ပေါ့။ (ဆေးကုမယ်ဆိုတော့ဆရာဝန်တွေကအဓိကလိုအပ်တာပေါ့။ ဆရာဝန်တွေမပါပဲနဲ့ ကျွန်တော်တို့တွေဆေးကုလို့မှ မတတ်တာပဲ။)၊

ဘတ်စ်ကားပေါ်က အတွေးတစ်စ

ဘတ်စ်ကားပေါ်က အတွေးတစ်စ (ဘ၀တကွေ့ ကြုံခဲ့ရ ခဏတာ)

တစ်နေ့တော့ … ကျွန်မနဲ့ညီမလေးတစ်ယောက် အပြင်သွားစရာကိစ္စလေးတစ်ခုရှိတာကြောင့် သူနဲ့ကျွန်မဆုံဖို့ ချိန်းလိုက်ကြတယ်။ သွားရမယ့်နေရာကလည်း ၂-ယောက်လုံးအိမ်တွေကနေဆို အလယ်လောက်မှာ ရှိတာကြောင့် … အဲဒီနေရာရဲ့ အနီးဆုံးဖြစ်တဲ့ ဘိုကလေးဈေးမှတ်တိုင်မှာပဲ ချိန်းလိုက်ကြတယ်။ ဒါနဲ့ ကျွန်မလည်း အိမ်ပေါ်ကဆင်းတာနဲ့ တမ်းရောက်တဲ့ဘတ်စ်ကားမှတ်တိုင်ကိုရောက်တယ်ဆိုရင်ပဲ ကားကချက်ချင်းရောက်လာတော့ ကားပေါ်တက်ပြီးလိုက်လာခဲ့တယ်။ ထူးထူးခြားခြား အဲဒီနေ့က ကားပေါ်မှာ လူတော်တော်လေးနည်းတယ်။ ရန်ကုန်ဘစ်ကားစီးတိုင်း လူကြပ်ပြီးတိုးဝှေ့နေကြရင် စိတ်ညစ်တတ်လွန်းတဲ့ ကျွန်မအတွက် ကားပေါ်က လူနည်းတာက စိတ်ကိုလွတ်လပ်နေစေတယ်လေ။ ကျွန်မကို တင်ဆောင်လာတဲ့ ဘတ်စ်ကာကြီးကလည်း ရွေှ့ရွေ့ထွက်ခွာလာတာပေါ့။ ကျွန်မကလည်း ကျွန်မရဲ့အကျင့်အတိုင်း ပတ်ဝန်းကျင်ကို လျှောက်ငေးနေတာပဲပေါ့။

ဒီလိုနဲ့ ပန်းဆိုးတန်းမှတ်တိုင်အနားလည်း ရောက်ရော ကားကရပ်သွားတယ်။ ကျွန်မလည်း အရှေ့ကို လှမ်းကြည့်လိုက်တော့ ကားတွေက လမ်းပေါ်မှာအပြည့်ပဲ ကျော်တက်စရာနေရာလုံးဝကို မရှိဘူး။ ဟိုးရှေ့ခပ်လှမ်းလှမ်းမှာတော့ တခြား ဘတ်စ်ကားကြီးတစ်စီးကို တွေ့နေရတယ်။ ဒီဘတ်စ်နှစ်စီးကြားမှာနေရာက ကျယ်နေတော့ ကျွန်မလည်း အရှေ့ကို လှမ်းကြည့်လိုက်မိတယ်။ အဲဒီတော့မှ ကျွန်မမြင်လိုက်ရတာက တက္ကစီကားလေးတစ်စီးက ရှေ့နောက် ဘတ်စ်ကားကြီး ၂-စီးရဲ့ အလယ်မှာ ရပ်နေတယ်လေ။ ဒီအချိန်မှာပဲ ကျွန်မစီးလာတဲ့ဘတ်စ်ကားမောင်းသူက ယာဉ်နောက်လိုက်တွေကို လှမ်းပြောလိုက်တယ်။ ‘ဟာ … တစ်ယောက်တည်းတွန်းနေတာ ဘယ်လိုအဆင်ပြေမလဲ။ ဟေ့ယောင်တွေ … သွားကူတွန်းပေးလိုက်ပါဦးကွာ … ဘေး လွတ်တဲ့နေရာကို တွန်းချပေးလိုက်ဦး’တဲ့ … ဒီတော့ ယာဉ်နောက်လိုက်တွေလည်း ဆင်းသွားပြီးကူတွန်းပေးကြတော့ ကားလေးက လမ်းဘေးဘက်ကို နည်းနည်းရောက်သွားတာနဲ့ ကျွန်မစီးလာတဲ့ဘတ်စ်ကားကြီးလည်း အဲဒီတက္ကစီကားလေးကို မနည်းလွတ်အောင်ကွေ့ရှောင်ပြီး ဆက်ထွက်လာတယ်။

Friday, March 16, 2012

ရောက်ခဲ့ဖူးသည် မြောက်ပိုင်းရှမ်းပြည် (လားရှိုး - ကွတ်ခိုင်)

ဒီရက်ပိုင်းမှာ အားလပ်ချိန်လေးနည်းနည်းရနေတာကြောင့် စာအုပ်အဟောင်းတွေ ပြန်လှန်ရင်းနဲ့ ၂၀၁၀-ခု မတ်လက ခရီးသွားခဲ့တာလေးတွေကို ပြန်ဖတ်မိလာတယ် …. အဲဒီအချိန်ကတည်းက ခရီးစဉ်လေးကို စာရေးဖို့စိတ်ကူးရင်း မရေးဖြစ်ခဲ့တာကိုလည်း ပြန်သတိရလာတယ် …. ဒါနဲ့ပဲ ခရီးစဉ်လေးကို ပြန်တူးဆွမိတယ် ……

မှတ်မှတ်ရရ … ကျွန်မ အလုပ်လုပ်ခဲ့ဖူးတဲ့ Child Protection Project တစ်ခုရဲ့ အတွေ့အကြုံလေးပါ။ ဒီ Project မှာ ကျွန်မတာဝန်ယူထားရတာက မန္တလေးရယ်၊ လားရှိုးရယ်က သင်တန်းကျောင်းတွေကိုပါ။ Project ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုက ‘သင်တန်းကျောင်းကို အကြောင်းအမျိုးမျိုးကြောင့်ရောက်လာတဲ့ကလေးတွေကို မိဘတွေနဲ့အတူနေနိုင်အောင် ပြန်လည်ပေါင်းစည်းပေးရေး’ဖြစ်တော့ ကလေးတွေ မိဘအိမ်ကိုပြန်နိုင်အောင် မိဘတွေနဲ့ သွားတွေ့ပြီး ဆွေးနွေးညှိနှိုင်းရတာမျိုးလည်းရှိခဲ့တယ်။ လားရှိုးကျောင်းက ကလေးတွေမှာ မိဘတွေကလည်း ပြန်လာခေါ်တာမျိုးမရှိတော့ မိဘအိမ်တွေအထိလိုက်ဖို့ ကျွန်မ လားရှိုးကို သွားရပါတော့တယ်။ လားရှိုးကျောင်းက ကလေးတွေက သူတို့ဇာတိတွေက လားရှိုးတ၀ိုက်ကထက် ကွတ်ခိုင်ဟိုးဘက် ရွာလေးတွေက ဖြစ်နေတယ်။ ဒီတော့ ကျွန်မတို့လည်း အဲဒီဘက်တွေထိ လိုက်နိုင်ဖို့အတွက် လားရှိုးမြို့နယ် မ.ယ.က၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နောက်ပြီး ရွာတွေရဲ့အခြေခံတွေကိုသိတဲ့ တခြား NGO တွေနဲ့ ဆက်သွယ်တွေ့ဆုံဆွေးနွေးပြီး ကွတ်ခိုင်ဘက်က ရွာလေးတွေကို သွားဖို့ပြင်ဆင်ရတော့တယ်။ လားရှိုး (မ.ယ.က)က ကွတ်ခိုင်(မ.ယ.က)ဆီ လွှဲတဲ့စာကိုကိုင်ပြီး ကွတ်ခိုင်ကို ချီတက်ရတော့တယ်။

ကွတ်ခိုင်လည်း ရောက်ရော မ.ယ.ကနဲ့ ပြောဆိုဆွေးနွေးကြတယ်။ မ.ယ.က ဥက္ကဌကလည်း တော်တော်လေးသဘောကောင်းပါတယ်။ ကျွန်မတို့သွားမယ့်ရွာတွေက အညိုရောင်နယ်မြေဖြစ်လို့ လုံခြုံရေးအတွက် အရေးကြီးကြောင်း၊ ဒါကြောင့် ပြည်သူ့စွမ်းအားရှင်တစ်ယောက်(အဲဒီအချိန် သူတို့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု)ထည့်ပေးမယ့်အကြောင်းနဲ့ မြို့နယ်ကနေ၊ ကျေးရွာအုပ်စု၊ ကျေးရွာ တာဝန်ခံတွေကတဆင့် သွားလာဖို့သတိပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့လည်း ကွတ်ခိုင်ကနေ လားရှိုးကို ပြန်လာခဲ့ကြတယ်။ နောက်တစ်ရက် မနက်စောစောမှာတော့ လားရှိုးကနေ ကွတ်ခိုင်၊ ကွတ်ခိုင်ကနေ ရွာတွေကိုသွားဖို့ ဆက်ပြီးချီတက်ရတာပေါ့။ ရွာတွေသွားတော့ ကျွန်မတို့လည်း ရွာအုပ်စုလူကြီးကို သွားတွေ့ရတယ်။ အဲဒီရွာလူကြီးကလည်း သဘောကောင်းပါတယ်။ ရွာတွေက တောင်ပေါ်မှာဖြစ်လို့ ကျွန်မတို့ကားနဲ့ တက်ဖို့အဆင်မပြေတာကြောင့် ဆိုင်ကယ်ကယ်ရီမောင်းသူတွေကို ခေါ်ပေးပါတယ်။ ကျွန်မတို့သွားတာက ၅-ယောက်ပေါ့။ ကားမောင်းတဲ့ဦးလေးရယ်၊ ရန်ကုန်ကတစ်ယောက်ရယ်၊ မန္တလေးက ကျွန်မရယ်၊ လားရှိုးက စေတနာ့ဝန်ထမ်း ၂-ယောက်ရယ်ပေါ့။

Thursday, March 15, 2012

အဖေ ... အမေ ...

  • သား … နေကောင်းလား …
  • အေးကွာ … အဖေနေကောင်းတယ်။ မင်းအမေလည်း နေကောင်းပါတယ်ကွာ …
  • သားလည်း ကျန်းမာရေးဂရုစိုက်နော် …
  • အေးပါ သားရယ် …
  • ငါ့သားကြီး ပိန်သွားသလိုပဲကွာ …
  • အေးကွာ … အလုပ်လုပ်ရတာ တော်တော်ပင်ပန်းတယ်ထင်တယ် …
  • စားသောက်ပြီးကြပြီလား သားရဲ့ …
  • ဘယ်အချိန်ရှိနေပြီလဲသားရယ် … အခု ဒီမှာ ၂-နာရီခွဲဆိုတော့ အဲဒီမှာ ၇-နာရီလောက်ရှိပြီပေါ့ …
  • သားညီလေးနဲ့ရော တွေ့ဖြစ်ရဲ့လား …
  • တကယ်လို့ တွေ့ရင်လည်း အဖေတို့ဆီ ဖုန်းပြောပါဦးလို့ ပြောပေးပါသားရယ် …
  • အေးပါ … အဖေတို့လည်းအဆင်ပြေပါတယ် …
  • အဖေတို့အတွက် ဘာမှ မပူနဲ့ကွာ … သားတို့သာ အလုပ်လုပ်ရတဲ့ပိုက်ဆံကို စုကြကွာ …
  • အဖေတို့က အဆင်ပြေပါတယ် ….
  • နောက်ဆို သားတို့ ကိုယ်ပိုင်အခန်းလေး ၀ယ်နိုင်အောင် လုပ်ကြကွ …
  • သားတို့ ကုသိုလ်တော်တော်ရမယ် သိလား …
  • အခု နွေရာသီရောက်လာတော့ ရေတော်တော်သောက်နိုင်လာကြတယ်ကွ …
  • ဆိုင်မှာလည်း အဆင်ပြေတယ်ကွာ … အခုတောင် ဆိုင်မှာ လူပြည့်နေတယ် …
  • ဒီမှာ … သားတို့ အမေလည်းရှိတယ် … သူလည်းပြောဦးမယ်တဲ့ကွာ …
  • သားတို့ အမေနဲ့ပြောလိုက်ဦးနော် သား …
  • x x x x x x x x x x x

Thursday, March 08, 2012

ခံစားချက် မျက်ရည်

ခံစားချက် မျက်ရည်


အရာရာမှာစိုးရိမ်တတ်တဲ့ အရင်ကငါ … … …
အရာရာမှာပူပင်တတ်တဲ့ အရင်ကငါ … … …
အရာရာမှာစိတ်ညစ်တတ်တဲ့ အရင်ကငါ … … …
အရာရာမှာစိတ်ရှုတ်ထွေးတတ်တဲ့ အရင်ကငါ … … …
အရာရာမှာစိုးရိမ်တတ်မှုမရှိတဲ့ အခုငါ … … …
အရာရာမှာပူပင်တတ်မှုမရှိတဲ့ အခုငါ … … …
အရာရာမှာစိတ်ညစ်တတ်မှုမရှိတဲ့ အခုငါ … … …
အရာရာမှာစိတ်ရှုတ်ထွေးတတ်မှုမရှိတဲ့ အခုငါ … … …
အရာရာမှာအေးစက်စွာနေတတ်သွားတဲ့ အခုငါ … … …
အရာရာမှာခံစားချက်မဲ့သွားတာလား … … …
တွေးတောသုံးသပ်နေခိုက် … … …
ပါးပြင်မှာပူနွေးသွားတဲ့ တဒင်္ဂ … … …
ယောင်ရမ်းပြီး လက်ဖ၀ါးက ပါးပြင်ကိုစမ်းသပ် … … …

Friday, January 20, 2012

ကျွန်မ ... … သူ့ကို ချစ်တယ် … … …

ကျွန်မ ... … သူ့ကို ချစ်တယ်



သူ့ကြောင့် … သူငယ်ချင်း အများကြီးတိုးပွားခဲ့ရတယ် …
သူ့ကြောင့် … မောင်နှမတွေ အများကြီး ရခဲ့တယ် ….
သူ့ကြောင့် … စိတ်ကူကိုယ်တူ ရဲဘော်ရဲဘက်တွေ ရခဲ့တယ် …
သူ့ကြောင့် … သူငယ်ချင်းတချို့ ကျွန်မကို စွန့်ခွာသွားတယ် …
သူ့ကြောင့် … အသိပညာ ဗဟုသုတတွေ ရခဲ့တယ် ….
သူကြောင့် … စာတွေရေးချင်စိတ် ပိုတိုးခဲ့ရတယ် …
သူ့ကြောင့် … စာတွေပိုရေးဖြစ်လာခဲ့တယ် …
သူ့ကြောင့် … စိတ်ဆိုးဒေါသဖြစ်ခဲ့ရတယ် …
သူ့ကြောင့် … ကျွန်မခံစားချက်တွေ ရင်ဖွင့်ခွင့်ရခဲ့တယ် …

Wednesday, January 18, 2012

ခေါင်းဆောင်၊ ဦးဆောင်သူ နဲ့ အထက်လူ

ဒီခေါင်းစဉ်ပါ အတွေးလေးကို ကျွန်မတို့ဝန်းကျင်မှာ တွေ့မြင်နေကြရလေ့ရှိတဲ့ လူတွေထဲကနေ တွေ့လာတာပါ။ ကျွန်မတို့ဝန်းကျင်မှာ အမြဲမြင်တွေ့နေကြရတဲ့ လူတွေထဲမှာ အများအားဖြင့် ခေါင်းဆောင်နဲ့နောက်လိုက်ဆိုတာ အမြဲသုံးနှုန်းကြပါတယ်။ အဲဒီထဲက နောက်လိုက်ဆိုတာကို ကျွန်မ သိပ်မတွေးမိပါဘူး။ နောက်လိုက်ကောင်းနဲ့ သာမန်နောက်လိုက်ဆိုတာပဲပေါ့။ ခေါင်းဆောင်လို့အများသုံးနေကြတဲ့အမျိုးအစားကို ကျွန်မ ပြန်ခွဲခြားမိတယ်။ ခေါင်းဆောင် …. အများစုက ခေါင်းဆောင်လို့သုံးနေကြတဲ့ စကားလုံး ခေါင်းဆောင်ဆိုရင် အများအားဖြင့် ကျွန်မတို့ ဘာကို မြင်မိကြလဲ။ လုပ်ငန်း၊ အဖွဲ့၊ နေရာတစ်ခုမှာ ထိပ်ဆုံးအဆင့်နေရာမှာ ရှိနေကြသူတွေကို မြင်မိပါတယ်။ ကျွန်မ သေချာပြန်စဉ်းစားကြည့်မိတော့ မတူတဲ့အပိုင်းကို မြင်မိလာတယ်။
ခေါင်းဆောင်လို့ အများစုသုံးနေတဲ့စကားလုံးကို သေချာပြန်ပြီး မြင်အောင်ခွဲကြည့်လိုက်တော့ အထက်လူ၊ ဦးဆောင်သူနဲ့ ခေါင်းဆောင်ဆိုတာကို ကွဲပြားစွာမြင်လာတယ်။ ဒါဆို …

အထက်လူဆိုတာဘာလဲ …. အထက်လူဆိုတာ လုပ်ငန်း၊ အဖွဲ့၊ နေရာတစ်ခုမှာ အများကသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ရာထူးနေရာတစ်ခုအဆင့်မြင့်မြင့်ရရှိထားလို့ အခြားသူတွေထက် ရာထူးတဆင့်မြင့်နေသူ။ (အများအားဖြင့် အလုပ်ရှင်ပုံစံမျိုးပေါ့။) သူများကို လုပ်လိုက်ဆိုတဲ့ပုံစံမျိုးနဲ့ပဲ အမြဲပြောလေ့ရှိတယ်။ အထက်လူက အမြဲတစေ အမိန့်ပေးစေခိုင်းတာမျိုးလုပ်တယ်။ (အားလုံးကို သူ့လက်အောက်ငယ်သားလို သဘောထားတတ်သူ) အထက်လူဟာ ခေါင်းဆောင်မဟုတ်ပါဘူး။

Monday, January 16, 2012

မှတ်မှတ်ယယ ခရီးစဉ် 'ဒလ'


ကျွန်မ အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့လေးတစ်ရက်မှာ ဒလဘက်ကို သွားဖို့ အကြောင်းဖန်လာပါတယ်။ ကျွန်မအဖိုးရဲ့ သူငယ်ချင်း ဒါဒါကြီးတစ်ယောက်ဆီ သွားဖို့ပါ။ နောက်ပြီး ဒလဘက်မှာရှိတဲ့ ဟာဖိဇ်ကျောင်းလေးကို ကျွန်မတို့သွားလေ့လာကြည့်မယ်လို့ စဉ်းစားထားကြတာလည်း ကြာပြီဆိုတော့ အဲဒီကျောင်းလေးကိုပါ သွားဖို့စီစဉ်လိုက်တယ်။ အဲလိုလည်း စီစဉ်လိုက်ရော ဒလမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ တာဝန်ကျနေတဲ့ ညီမလေးငြိမ်းရဲ့ အစ်မကြီးက သူတို့ရွာလေးကို လာလည်ဖို့ခေါ်ပါတယ်။ ဒါနဲ့ ကျွန်မတို့တွေ ဒလဘက်ကို သွားဖြစ်ဖို့ သေချာသွားတယ်။

ဒလသွားမယ့်နေ့လည်းရောက်ရော ငြိမ်းရဲ့အစ်မကြီးက ကျွန်မတို့နဲ့အတူတူ ရန်ကုန်ကနေ ရွာလေးကို ပြန်ပါတယ်။ ကျွန်မတို့ (ငြိမ်းရဲ့အစ်မကြီး၊ ငြိမ်း၊ တိမ်မိုးလွင်၊ ဂျွန်၊ အလင်းရောင်နဲ့ ကျွန်မ) ပန်းဆိုးတန်းဆိပ်ကမ်းမှာပဲ ဆုံကြဖို့ ချိန်းလိုက်ကြတယ်။ ကျွန်မနဲ့အမိုးက အိမ်ချင်းနီးတာကြောင့် တစ်နေရာရာသွားတိုင်း သူနဲ့အမြဲအတူသွားနေကြဖြစ်နေတော့ သူနဲ့အတူတူ ပန်းဆိုးတန်းဆိပ်ကမ်းကို ထွက်လာလိုက်တယ်။ အဲဒီအချိန်မှာပဲ ဂျွန်က ဖုန်းဆက်လာတယ် သူရောက်နေပြီဆိုတဲ့အကြောင်းနဲ့ ဘယ်နေရာမှာစောင့်နေတယ်ဆိုတာပေါ့။ ကျွန်မတို့လည်း ဆိပ်ကမ်းရောက်ရော စောင့်နေတဲ့ ဂျွန့်ကို တွေ့ရတယ်။ ဒါနဲ့ ငြိမ်းရောဆိုတော့ လက်မှတ်ဝယ်တဲ့နေရာအထဲမှာရောက်နေပြီဆိုတာနဲ့ ကျွန်မတို့လည်း အထဲကို ၀င်လာလိုက်တယ်။ ဒီလိုနဲ့ လက်မှတ်ဝယ်ပြီး သင်္ဘောပေါ်ရောက်တော့ သင်္ဘောပဲ့ဦးကို လျှောက်လာလိုက်တယ်။ အောက်ထပ်ပဲ့ဦးထက် အပေါ်ထပ် ပဲ့ဦးက view ပိုမိုက်တယ်ဆိုပြီး အပေါ်ထပ် ပဲ့ဦးမှာ သွားထိုင်နေလိုက်ကြတယ်။ ထုံးစံအတိုင်း ဓါတ်ပုံရိုက်ကြတော့တာပေါ့။ ဒလဘက်ကမ်းလည်း ရောက်ရော ရွာကိုဆက်သွားဖို့ ဆိုင်ကယ်ငှားကြရတယ်။

ဒလဆိပ်ကမ်းကနေ ရွာအထိကို မိနစ် ၂၀-လောက် ဆိုင်ကယ်စီးရတယ်။ လမ်းကလည်း တော်တော်ကြမ်းတယ်။ ရွာလည်းရောက်ရော ဗိုက်က ဆာလာတယ်။ ဒါနဲ့ ငြိမ်းအစ်မကြီးရဲ့အိမ်မှာ ရှိသမျှ မွှေနှောက်စားကြတယ်။ ပထမဦးဆုံး ကော်ဖီတစ်ခွက်သောက်တယ်၊ နောက်တော့ ရခိုင်မုန့်တီလုပ်ပေးတယ် အစ်မကြီးက၊ နောက် ပဲပြုတ်နဲ့နံပြားလည်း ကျွေးတယ်။ ပြီးတော့ ထမင်းဟင်းတွေ ကိုယ်တိုင်ချက်ကြမယ်ဆိုပြီး ငြိမ်းက ဦးဆောင်ပြီး ချက်ကြပြုတ်ကြတာပေါ့။ ထမင်းဟင်းကျက်တော့ ခဏနားပြီး ထမင်းစားကြတယ်။ ကြက်ခြောက်စပ်၊ ကျောက်ပွင့်သုပ်၊ ကြာဇံဟင်းခါး၊ ငါးပြုတ်ငရုတ်သီးအစပ်နဲ့ သရက်သီး နဲ့ စားလိုက်တာ ကျွန်မဆို စားကောင်းလွန်းလို့ ထမင်း ၂-ပွဲတောင် ကုန်သွားတယ်။ ထမင်းစားပြီးတော့ အချိုတည်းတဲ့အနေနဲ့ လိမ္မော်သီးသေးသေးလေးတွေ စားကြပြီး ခဏနားပြီးတော့ ဒလဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာခဲ့ကြတယ်။ ဒလလည်းရောက်တော့ ကျွန်မတို့တွေ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရီလိုက်ကြရတာ။ အားလုံးမှာ တစ်ကိုယ်လုံး ဖုန်တွေနဲ့ဖြူဖွေးပြီး မျောက်ဖြူတွေလိုဖြစ်နေကြတယ်လေ။ အဲဒီနေရာမှာပဲ ဖုန်တွေကို ခါကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာစွာပဲ ဖေးဖေးမမနဲ့ (ဘယ်အချိန်ကတည်းက ဆော်ပလော်တီးချင်နေကြလဲမသိဘူး) တဘက်လက်ကိုင်ပုဝါနဲ့ ရိုက်ပြီး အသားကုန် ခါပေးကြတယ်။

Thursday, January 12, 2012

သမိုင်းဝင် လင်းဇင်းကုန်း မြန်မာမွတ်စလင် သုဿာန်

နှစ်၂၀၀ ကျော် သမိုင်းဝင် လင်းဇင်းကုန်း မြန်မာမွတ်စလင် သုဿာန် ဖျက်သိမ်းရန် အမိန့်ထုတ်ထား

ဓါတ်ပုံနှင့် အင်တာဗျူး- သုတမောင်
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်တွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀)ကျော်မှစ၍တည်ရှိခဲ့သော လင်းဇင်းကုန်း မွတ်စလင် သုဿန် ဥယျာဉ်တော်အား ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ၂၀၁၂-ခု ဇွန်လ ၁-ရက်ကနေ ၃-ရက်အထိ သတင်းစာထဲတွင်ပါရှိခဲ့တဲ့ လင်းဇင်းကုန်းသုဿာန်အား (၁-၇-၂၀၁၂)ရက်တွင် အပြီးပိတ်သိမ်းမည့် ကြေငြာချက်နဲ့ ပတ်သက်ပြီး လင်းဇင်းကုန်းသုဿာန်သို့ သွားရောက်လေ့လာခဲ့မှုအပေါ် ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။

မန္တလေးနေ့စဉ်သတင်းစာ [အတွဲ(၁၅)၊ အမှတ်(၁၈၂)၊ ၁-၆-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ သောကြာနေ့]သတင်းစာမှ ကြေညာချက်
မေး –  လင်းဇင်းကုန်း ကဘာရ်စတာန်(သုဿာန်)ရော ဒါရ်ဂါဟ်နဲ့ရော ပတ်သက်ပြီးတော့ သိချင်တာလေးမေးချင်ပါတယ်။ ဦးလေးတို့အနေနဲ့ ပြောပြလို့ရမလား ခင်ဗျ။
ဖြေ – ကျွန်တော်တို့က ဒါရ်ဂါဟ်ကိုတာဝန်ယူပါတယ်။ လူငယ်တွေကတော့ သုဿာန်အတွက် တာဝန်ယူထားကြတယ်။
မေး – ဟိုတစ်လောက သုဿာန်ကိုဖျက်သိမ်းတော့မယ်လို့သိရတယ်။ သတင်းစာထဲမှာတော့ ပိတ်သိမ်းမယ်လို့ကြေငြာတယ်။ ဒါပေမယ့် ဖျက်သိမ်းမယ်လို့လည်းသတင်းကြားတယ်။ အဲဒါ အခု ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ – အဲဒါကိုတော့ ဒီနေရာဟာ သမိုင်းဝင်နေရာဖြစ်တာကြောင့် နိုင်ငံတော်သမ္မတကြီးဆီထိရောက်အောင် စာပို့ထားပါတယ်။ နောက်ပြီးတော့ အစ္စလာမ့်အဖွဲ့ကြီး (၅)ဖွဲ့ကလည်း ၀ိုင်းထောက်ခံပြီးတော့ စာတင်ထားပါတယ်။ ဒီတော့ ပိတ်သိမ်းဖျက်သိမ်းမယ့်ကိစ္စကို ဘာမှဆက်မပြောပဲ လောလောဆယ် ဒီအတိုင်းပဲ ခဏထားထားပါတယ်။
မေး – ဒီသင်္ချိုင်းမြေအကြောင်း နည်းနည်းလောက် ပြောပြပေးလို့ရမလားခင်ဗျာ။
ဖြေ – ဒီဘက်မှာ အခုမြင်နေရတဲ့အ၀န်းအ၀ိုင်းကတော့ အာဗစ်ရှားဟိုစိုင်နီသခင့်ကိုလေးစားတဲ့အနေနဲ့လူတွေက ၀ိုင်းပြီး ဒဖွနာ(မြှုပ်နှံ)လိုက်လို့ ကဘာရ်စတာန်ဆိုပြီးဖြစ်သွားတယ်။ မြန်မာလိုဆိုရင်တော့ သင်္ချိုင်းပေါ့။ အမှန်က မွတ်စလင်မ်သင်္ချိုင်းက ဟိုးကမြင်နေရတဲ့ အုတ်တံတိုင်းဘေးလမ်းရဲ့ ဟိုဘက်မှာ။ အရင်တုန်းကတော့ အဲဒီမှာ ဇရပ်တွေရှိတယ်။ ဒါပေမယ့် စစ်အစိုးရလက်ထက်မှာ အဲဒီဘက်ခြမ်းက မွတ်စလင်မ်သင်္ချိုင်းကို ခရစ်ယာန်ဘက်ကိုသွင်းလိုက်တယ်။ ဒီဘက်က စကားဝါဥယျာဉ်ကို သင်္ချိုင်းလို့သတ်မှတ်ပေးလိုက်တာပါ။ စကားဝါဥယျာဉ်ကိုတောင် မွတ်စလင်မ်သင်္ချိုင်းလို့ အပြည့်အ၀ မသတ်မှတ်ပေးဘူး။ အမရပူရ အ.ထ.က(၁) တည်ထောင်တဲ့ ဆရာကြီး ဦးE-ကိုကိုကြီးရဲ့ဇနီး အုတ်ဂူဒေါ်ဒေါ်ရန်အုတ်ဂူရဲ့ ဒီဘက်ကိုပဲပေးတယ်။ ဟိုဘက်ကကျန်တာကို ဗုဒ္ဓဘာသာဆိုပြီးလုပ်လိုက်တယ်။

Saturday, January 07, 2012

ဘုံးအိုး အာရဗီ တက္ကသိုလ် ကျောင်းအုပ် ဆရာကြီးနှင့် အင်တာဗျူး

အမ်တူးအေ
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ အာရဗီတက္ကသိုလ်ကျောင်း
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ အာရဗီ တက္ကသိုလ်ကျောင်း မှ ကျောင်းအုပ်ဆရာကြီးကို မေးမြန်းခွင့် ရရှိခဲ့ပါတယ်။
ဆရာ့နာမည်လေး ပြောပြပေးပါဦး
ကျွန်တော့် အာရဗီနာမည်က ဟကင်။ မော်လ၀ီဟကင်ပါ။ မြန်မာနာမည်ကတော့ ဦးအောင်သန်းပေါ့။
ကျောင်းရဲ့ အကြောင်းလေး ပြောပြပေးပါ ဆရာ။
၁၉၄၇-ခုနှစ်က ဒီကျောင်းကို စတင်တည်ထောင်ခဲ့ပြီး ၁၉၆၄-ခုနှစ်မှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ စတင် တည်ထောင်ကတည်းက ဒီနေရာမှာပါပဲ။ စစချင်းတုန်းကတော့ အဆောက်အဦးက ခပ်သေးသေးပေါ့။ အခန်း ၄-၅ခန်းလောက်ပဲ ရှိခဲ့တာ။ အဲဒီကနေ နောက်ပိုင်း repair လုပ်ရင်း အခု အဆောက်အဦးတွေဖြစ်လာတာပါ။ အခုတော့ ကျောင်းသားက ၂၀၀-ကျော်ရှိတယ်။ ဆရာက (၁၄)ယောက်၊ ဘော်ဒါအုပ်(၁)ယောက်နဲ့ ထမင်းချက်သူရယ် အကူရယ်ဆိုတော့ စုစုပေါင်း (၁၈)ယောက်လောက်ရှိပါတယ်။ ကျောင်းနာမည်ကတော့ တစ်ခြားမရှိပါဘူး။ အာရဗီတက္ကသိုလ်လို့ပဲ ရေးထားပါတယ်။ ဘုံးအိုး အာရဗီတက္ကသိုလ်ပေါ့။
ဘုံးအိုး အာရဗီတက္ကသိုလ် ကျောင်းအုပ်ဆရာကြီး
အာရဗီကျောင်း စာသင်ကြားမှုနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ နည်းနည်းလောက်ပြောပြပေးပါ။
ဖြေ – ကျွန်တော်တို့ ဒီက အစ္စလာမ်ဘာသာဝင်တွေမှာ အားနည်းချက်နဲ့အတူ အယူသည်းမှုဆိုတာ တချို့ရှိနေတယ်။ အဲဒါတွေက ကျွန်တော်တို့တွေကို ဖိစီးခံနေရတာ။ ဘာသာရေး စာပေသင်ပြီးရင် အင်္ကျီ အရှည်ဝတ်ပြီး နေတာထိုင်တာမှ မွတ်စလင်မ်လို့ အောက်မေ့ကြရတာလည်း ရှိနေတယ်။ ကျွန်တော်တို့တွေ အဲဒီလောက်တော့ အယူမသည်းပါဘူး။ စာပေတစ်ခုကို တတ်မြောက်ဖို့သာ အဓိကပါ။ အလ္လာဟ်ကို အေဗာဒသ်(၀တ်ပြုမှု) လုပ်ဖို့ အကောင်းဆုံးစံရှိပြီးသားပါ။
ဒီကလေးတွေလည်း ပညာရေးနဲ့ပတ်သက်ပြီး အများကြီးနိမ့်ကျတယ်။ တကယ်ကတော့ အာရဗီတစ်ခုပဲ ကျွန်တော်တို့  သင်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ စာသင်နေတဲ့ အထဲမှာလည်း အင်္ဂလိပ်စာကျွမ်း ကျွမ်းကျင်ကျင်တတ်တဲ့သူ မရှိဘူး။ ကျန်တဲ့ ခေတ်ပညာ ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့သူက နည်းတဲ့အခါကျတော့ ကိုယ်သင်ခဲ့တဲ့ ပညာနဲ့ ပြန်လည် သင်ကြားပေးရတဲ့ပုံစံပါ။ ဒါကြောင့် အခုဆို ကျောင်းဆောင်တွေလည်း နောက်ထပ် လိုအပ်လို့ နိုင်ငံတော်ကို တင်တာလည်း ခွင့်မရသေးပါဘူး။ ကျောင်းသားတွေအတွက် အဆောင်တွေ ထပ်လိုပါတယ်။

Friday, January 06, 2012

နားလည်မှုလွဲတယ်ဆိုတာ ဘာကြောင့် ဖြစ်တာလဲ ?

နားလည်မှုလွဲတယ်ဆိုတာ ဘာကြောင့် ဖြစ်တာလဲ ……..
ဒီရက်ပိုင်းအတွင်း ကျွန်မစဉ်းစားကြည့်မိနေတာလေးတစ်ခုရှိတယ် ….

ကျွန်မတို့တွေ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲကြတယ်။ အဲလို နားလည်မှုလွဲကြရာကနေ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေ၊ အမြင်မကြည်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်လာတယ်။ ဘာကြောင့် ဒီလို ဖြစ်လာရတာလဲ။ အခြားသူတွေစဉ်းစားရင် ဘယ်လိုအဖြေထွက်လာမလဲတော့ ကျွန်မ ပြန်မတွေးမိဘူး။ ကျွန်မရဲ့ ရှုထောင့်ကျွန်မကိုယ်တိုင်နေရာကနေ သေချာစဉ်းစားကြည့်လိုက်တော့မှ ရေးရေးလေးအဖြေထွက်လာတယ်။ အဲဒါက ဘာလဲဆိုတော့ ….. ‘ပွင့်လင်းမှု’ပါ။

ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုမရှိကြလို့သာ နားလည်မှုလွဲတယ်ဆိုတာ ဖြစ်လာတာပါ။ ဒါဆို ပွင့်လင်းမှုဆိုတာ ဘာလဲ။ ကိုယ်ဘာပဲလုပ်လုပ် တခြားသူကို အစအဆုံး ‘ကကြီးကနေ အ-အထိ ၏၊ သည် မရွေး’ ပြောပြတာလား။ အဲဒါလည်း မဟုတ်သေးဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းကို လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူတကာကို လိုက်ပြောပြတာကိုလည်း ပွင့်လင်းမှုလို့ မခေါ်နိုင်ပြန်ဘူး။ ဒါဆို ဘာလဲ …………. ‘ပွင့်လင်းမှု …. ပွင့်လင်းမှု ….. နားလည်မှုလွဲကြတာကို မဖြစ်စေတဲ့ ပွင့်လင်းမှု ……. ဘာလဲ ….. ပွင့်လင်းမှု’ …… ကျွန်မ သိလိုက်ပါပြီ။

Monday, January 02, 2012

ဖတ်မိရာရာ စာတိုပေစများ (၁)

စာရွက် စာအုပ် တွေ့ရင် ကိုင်ကြည့် ဖတ်ကြည့်မိတတ်တဲ့ ကျွန်မ ....... ဖတ်မိတဲ့ထဲက ကျွန်မ နှစ်သက်တာလေးတွေကို သိမ်းမှတ်ထားတတ်တယ် .... ပြီးတော့ ပြန်မျှဝေတတ်တဲ့ အကျင့်လေးကြောင့် .... အခုလည်း ဖတ်မိတာလေးကို ပြန်မျှလိုက်ပါတယ် ....

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁.၇.၆၄)ခု နောက်ဆုံးကျူးရင့်သံ
  • “အင်း …................ ဆရာကတော့ မသေခင် ငြိမ်းငြိမ်းချမ်းချမ်း ဆရာတို့ တိုင်းပြည်ကြီးမှာ ညီညီညွတ်ညွတ်ဖြစ်တောကိုပဲမြင်ချင်တယ် ……. ”

အမေ့စကား “လူထုဒေါ်အမာစကား”
  • ချစ်ကြည်ရေးဖြစ်အောင် တည်ဆောက်မယ်ဆိုရင် အချင်းချင်းသိနားလည်ရေးအပေါ်မှာ အခြေခံမှ ခိုင်မြဲမယ်။ ပြည်သူအချင်းချင်းသိနားလည်ရေးအတွက် အကောင်းဆုံးတစ်နည်းကတော့ စာပေကတဆင့် တည်ဆောက်ပေးမှုပဲဖြစ်တယ် … ။
  • လူဆိုတာ ကိုယ်လူဖြစ်လာရင် ငါ့အတွက် ဘယ်သူတွေ ဒုက္ခရောက်သတုံး၊ ဘယ်သူတွေဆင်းရဲပင်ပန်းဖြစ်ကုန်သတုန်း၊ ဒါမှမဟုတ် ငါက ဘယ်သူတွေကို ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်နိုင်နိုင်သတုံး။ ငါကြောင့် အများမှာ သက်သာချောင်ချမှု ဘယ်လောက်ဖြစ်သတုံး စီစစ်နိုင်ကြဖို့ ကောင်းပါတယ် … ။
  • ကြိုးစားကြ၊ ဘာဖြစ်ဖြစ် ဖတ်စရာရှိရင်ဖတ်၊ စာမဖတ်ရင် စာရေးဆရာမဖြစ်ဘူး။ နောက်ပြီးတော့ ကြားနာစရာရှိရင် ကြားနာ၊ တွေးစရာရှိရင်တွေး။ စာရေးဆရာဟာ တွေးရတယ်။ တွေးရတယ်ဆိုတာ ကိုယ်ဖတ်တာ၊ တွေ့တာ၊ ကြားတာဟာ သဘာဝ ယုတ္တိရှိသလား။ ဒါဘယ်အကျိုးသက်ရောက်သလဲ။ ဘယ်လိုဖြစ်သလဲဆိုတာ စဉ်းစားရတယ်၊ တွေးရတယ်။ အဲဒီအတွေးအခေါ်မှန်ရင် သိပ်ကောင်းတာ။ ကိုယ့်အဖို့ အထောက်အကူဖြစ်တာ။