Tuesday, December 27, 2011

မေမေ .... ကျွန်မရဲ့မေမေ (E-book)

ဒီနေ့ ဒီဇင်ဘာ ၂၇-ရက်နေ့က မေမေ့ မွေးနေ့ပါ။
ကျွန်မ မေမေ့အကြောင်း စာစုလေးတွေကို E-book အဖြစ် ပြောင်းလဲပြီး မေမေ့မွေးနေ့အမှတ်တရပေါ့ မေမေ .... ။

အပိုင်းခွဲပြီး ပို့စ်တင်ခဲ့တာလေးတွေကို E-book ပြန်လုပ်လိုက်တာပါ ..........
ဒီ E-book လေးဖြစ်မြောက်အောင် အစစအရာရာ ကူညီပေးခဲ့တဲ့ ကိုစွာလေးကို ကျေးဇူးအထူးပါ ....... :)

Sunday, December 25, 2011

မန္တလေးပြန်ရောက်တဲ့ ပထမဆုံးတစ်နေ့တာ

မန္တလေးပြန်ရောက်တဲ့ ပထမဆုံးတစ်နေ့တာ


မနေ့က မန်းတလေးကိုပြန်လာတယ် .... ကားပေါ်မှာပဲရှိသေးတယ် သယ်ရင်းကျော်မိုးအောင်က ဖုန်းဆက်လာတယ် ...... ဒီနေ့ မိတင်ကို လာပါတဲ့ .... အောင်မြတ်လေး ငါက အခုမှ ပြန်လာတာ ကားပေါ်မှာပဲရှိသေးတယ်လို့ပြောတော့ သြော် ... မသိပါဘူး ငါက နင် ပြန်ရောက်ပြီထင်လို့တဲ့ .... ဒါနဲ့ ဒီနေ့မနက် အဘစွာကို ဖုန်းဆက်တော့ ဖုန်းက လုံးဝ ခေါ်လို့မရ၊ ဒါနဲ့ တစ်ခြားသယ်ရင်းတွေ ဟန်းဖုန်းကြီးတွေကိုခေါ်တော့ တစ်ယောက်မှ ခေါ်မရ ... ဒါနဲ့ ငါ့ဖုန်းတော့ မန်းတလေးရောက်တာနဲ့ ဂေါက်ပြီလို့ထင်နေတုန်း သယ်ရင်းကျော်မိုးအောင်ဆီက ဖုန်းဝင်လာတယ် ... ချက်ချင်းဖုန်းပြန်ကျသွားတယ် .... အိမ်ဖုန်းနဲ့ဆိုတော့ ခေါ်လို့များရမလားလို့ ပြန်ခေါ်တော့မရဘူး။ သူ့ဟန်းဖုန်းခေါ်တော့လည်း မရတော့ဘူး ....

Sunday, December 18, 2011

MMSY ၅-နှစ်ပြည့်မွေးနေ့ (ရန်ကုန်တွေ့ဆုံပွဲ)

၁၈.၁၂.၂၀၁၁(တနင်္ဂနွေနေ့) - လှော်ကားဥယျာဉ်

MMSY ၅-နှစ်ပြည့်မွေးနေ့ အစီအစဉ်လေးတစ်ခု လုပ်ကြမယ်ဆိုတာနဲ့ ဘယ်နေရာမှာ ဘယ်လိုအစီအစဉ်လေးလုပ်ရင် ကောင်းမလဲဆိုတာကို မောင်နှမတစ်တွေစုပြီးတိုင်ပင်ကြတယ် …. ဒီနှစ်မှာလည်း ပုံစံတစ်မျိုးလုပ်ရင်ကောင်းမယ်လို့ဝိုင်းဝန်းတိုင်ပင်ကြပြီးနောက် လှော်ကားဥယျာဉ်မှာ တွေ့ဆုံမှုအစီအစဉ်လေးလုပ်ဖို့ အားလုံးသဘောတူလိုက်ကြတယ်။ ဒါနဲ့ပဲ ၀ိုင်းဝန်းလုပ်ဆောင်ကြမယ့် မောင်နှမတတွေတက်ညီလက်ညီနဲ့ တာဝန်တွေခွဲဝေယူလိုက်ကြတယ်။ အစီအစဉ်လေးရဲ့ ပထမဆုံး အောင်မြင်မှုမြင်ကွင်းက Organizer များရဲ့ တွဲလက်ညီမှုရလဒ်အဖြစ် လှော်ကားဥယျာဉ်သွားမယ့်နေ့မှာ အစီအစဉ်အားလုံးက ချောမွေ့စွာပြီးမြောက်နေခဲ့တာပေါ့ …. ။

ဒီလိုနဲ့ ၁၈.၁၂.၂၀၁၁(တနင်္ဂနွေနေ့)မှာ လှော်ကားဥယျာဉ်ကို သွားကြမယ့်နေ့ရောက်လာပါတယ်။ ဆုံရပ်နေရာကို ကျွန်မရောက်သွားတော့ မောင်နှမတချို့လည်း ကျွန်မတို့ ထွက်ခွာမယ့်အချိန်နာရီထက် စောပြီးရောက်ရှိနေခဲ့ကြတယ်။ ကျွန်မလည်း အရောက် ကျွန်မတို့သွားမယ့် ကားကြီးကလည်း အရောက်ဆိုတော့ ကိုဂျွန်တစ်ယောက်ပြေးလာပြီး ကားမှာ MMSY Vinyl ကို အပြေးအလွှားလာချိတ်ပါတယ်။ တဘက်ကို လှမ်းကြည့်လိုက်တော့ ကိုသက်ကို၊ သစ်ဆန်းခန့်၊ အစ်မခင်မင်းဆက်တို့အဖွဲ့နဲ့ တစ်ခြားမောင်နှမတွေ အများအပြားရောက်နေကြပြီ။ ဒီလိုနဲ့ ပါဝင်ကြမယ့်သူတွေ တဖွဲဖွဲရောက်လာကြတယ်။ ကျွန်မတို့တွေ အားလုံးလည်း ကိုယ်တာဝန်ယူပြီး သယ်လာကြတဲ့ပစ္စည်းတွေကို ကားပေါ်တင်ပြီးတဲ့အချိန်နောက်ဆုံးရောက်လာသူကတော့ ကိုမြတ်သူပေါ့ …. သူ့ခမျာ ထမင်းဟင်းတွေကို သယ်ပြီးရောက်လာတာကြည့်လိုက်တော့ တော်တော်မောနေပုံပဲ။ သူလည်းရောက်လာရော တက္ကစီပေါ်က ထမင်းဟင်းတွေကို ချနေတုန်း လိုက်ပါကြမယ့် MMSY မိသားစုဝင်ထဲက ယောက်ျားလေးတချို့ ပြေးလာပြီး ထမင်းဟင်းတွေကို ကူသယ်ကြတယ်။

Monday, November 14, 2011

ကြည်နူးခဲ့ရပြန်တာ တခဏမှာ

MMSY လေးနှစ်ပြည့်အထိမ်းအမှတ် (၁၃.၁၁.၂၀၁၁ - တနင်္ဂနွေနေ့)

မိသားစုအသိုင်းအ၀ိုင်းပန်းဝန်းကျင်ရဲ့ နွေးထွေးမှုမရှိဂရုစိုက်ခြင်းမခံရတဲ့ကလေးတွေထက် မိသားစုနဲ့အတူ ကြီးပြင်းလာရတဲ့ကလေး၊ နွေးထွေးမှုရတဲ့ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ကလေး၊  အလေးပေးဂရုစိုက်မှုရှိတဲ့ဝန်းကျင်မှာကြီးပြင်းလာရတဲ့ကလေးတွေရဲ့ စိတ်နေသဘောထားတွေဟာပျော့ပျောင်းနူးညံ့ပြီး သူတို့ရဲ့ ဘ၀တလျှောက်လုံးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ကလေးတွေ ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့တွေဟာ မိသားစုနဲ့ဝေးကွာခဲ့ရတဲ့ ကလေးတွေကို ပိုပြီးဂရုစိုက်အလေးထားပေးဖြစ်ခဲ့ကြပါတယ်။

MMSY လေးနှစ်ပြည့်အထိမ်းအမှတ်က စတင်ပေါက်ဖွားခဲ့တဲ့ အစီအစဉ်လေးအဖြစ် သာကေတကျောင်းလေးမှာ NFE (Non Formal Education) သင်ကြားမှုလေးကအစပြုခြဲ့ကတယ်။ ရမသွာန်လမှာ စာသင်ကြားမှု ခဏရပ်နားခဲ့ပြီး ကျောင်းပြန်ဖွင့်တဲ့အခါ ကိုသက်ကိုရဲ့ ချိတ်ဆက်ပေးမှုနဲ့ IYCAP ကပေးတဲ့သင်တန်းလေးကို MMSY မိသားစုဝင်ဖြစ်တဲ့ ကျွန်မတို့အစ်မကြီး မမီဇာန်က တက်ရောက်ခဲ့တယ်။ မမီဇာန်က သင်တန်းတက်ရောက်ပြီးတဲ့အခါမှာ IYCAP က သင်တန်းမှာအတူတက်ရောက်ခဲ့တဲ့ စေတနာ့ဝန်ထမ်းများနဲ့လက်တွဲပြီး ကလေးတွေကို Life skills ပုံစံလေးကို တစ်ပတ် (၃)ရက်နဲ့ ၂-လတာ သင်ကြားပေးတဲ့ Program လေး လုပ်ဖြစ်ကြတယ်။ သင်ကြားမှုမှာ အဓိက ဦးဆောင်ပေးနေတာက အစ်မမီဇာန်ပါ။ (ကလေးတွေအတွက် စိတ်ရှည်သည်းခံပြီး အချိန်များစွာပေးဆပ်နေတဲ့ အစ်မမီဇာန်ကို ကျေးဇူးအထူးတင်ပါတယ်။)

Monday, November 07, 2011

ရောက်ခဲ့ဖူးသည် ဗန်းမော်၊ မံစီ (အပိုင်း-၃)

ရောက်ခဲ့ဖူးသည် ဗန်းမော်၊ မံစီ ..... (မြစ်ကြီးနား) (အပိုင်း-၃)

ဒီလိုနဲ့ ကျွန်မတို့စီးလာတဲ့ကားလေးက ညနေစောင်းလောက်မှာ မြစ်ကြီးနားမြို့ကို ဆိုက်ရောက်တော့တာပေါ့။ မြစ်ကြီးနား ကားကွင်းရောက်တယ် ဆိုရင်ပဲ မန္တလေးသွားမယ့်ကားကို စုံစမ်းပြီး ကားလက်မှတ်ဝယ်ဖို့ပြေးတာပေါ့။

ကားဂိတ်လည်းရောက်တော့ ကျွန်မတို့ ၂-ယောက်မှာ ငိုအားထက် ရီအားသန်ရမလား ရီအားထက် ငိုအားသန်ရမလား ကြုံတွေ့ရတော့တာပဲလေ။ မန္တလေးပြန်မယ့်ကားအတွက် လက်မှတ်တွေကရတယ်။ ဒါပေမယ့် ကားတွေက ဗန်းမော်လမ်းကနေ သွားတာတဲ့လေ။ မြစ်ကြီးနားကနေ ဗန်းမော်ကိုသွား ဗန်းမော်ကမှ မန္တလေးကို သွားတာတဲ့။ ဒီတော့ ကျွန်မတို့ ၂-ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သေပြီ … ရုံးကိုတော့ ကိုယ်တွေပဲ ဒီလမ်းခရီးကို ကျွမ်းကျင်သလိုနဲ့ ခပ်တည်တည်ပဲ မြစ်ကြီးနားလမ်းက ပတ်ပြန်မယ်ပြောလိုက်ပြီ။ အခု မြစ်ကြီးနား ရောက်ပြီးမှ ဗန်းမော်လမ်းက ပြန်ရင်လည်း အော်ခံထိတော့မယ်၊ ရထားနဲ့ပဲ ပြန်ကြစို့လို့ ဆုံးဖြတ်ပြီး တည်းမယ့်ဟိုတယ် (ဗန်းမော်က တိမွေးကုဆရာဝန်မလေးက Booking လုပ်ပေးထားလို့ အဆင်ပြေသွားတာပေါ့။)ကို အရောက်သွားကြတယ်။

ဟိုတယ်လည်းရောက်တော့ Reception က အန်တီကြီးက ဖုန်းပြောနေသံကြားရတယ်၊ မီးကငြိမ်းသွားပြီလား၊ ဟုတ်လား ဆိုင်ခန်းတွေ အကုန်ကုန်ပြီပေါ့ ဘာညာဆိုတော့၊ စူးစမ်းတတ်တဲ့ကျွန်မတို့ ၂-ယောက်လည်း အန်တီ ဘယ်မှာ မီးလောင်တာလဲဆိုတော့ မန္တလေးမှာလေတဲ့။ ကြားလိုက်ရတော့ ချက်ချင်း ခေါင်းထဲမှာထိန်းကနဲဖြစ်သွားတယ်။ ဒါနဲ့ ဘယ်မှာလောင်တာလဲဆိုတော့ ရတနာပုံဈေးကြီးလေ မီးလောင်နေတာ မနက် ၈-နာရီလောက်ကတည်းက အခုထိ မီးမငြိမ်းသေးဘူး၊ ဆိုင်ခန်းတွေလည်း ကုန်ပြီတဲ့ ဆိုတော့ ကျွန်မတို့လည်း အိမ်တွေကို အပြေးအလွှား ဖုန်းတွေဆက်ကြတော့တာပေါ့။ အိမ်တွေနဲ့ ဖုန်းပြောပြီးတော့ လူက စိတ်မောနေတာ နည်းနည်းလျှော့သွားတယ်။

ဒါနဲ့ ပစ္စည်းတွေထားပြီး ရထားလက်မှတ်အတွက် ဟိုတယ်ပိုင်ရှင်အန်တီကြီးကို မေးမြန်းပြီး မြစ်ကြီးနားဘူတာရုံဘက် ထွက်လာလိုက်တယ်။ ဘူတာရုံရောက်တော့ လက်မှတ်က မရောင်းတော့ဘူး။ မနက်ဖြန် နေ့လည် ရထားရှိတယ်၊ မနက်အစောကြီးထပြီး လက်မှတ်တန်းစီဝယ်ရမယ်။ တကယ်လို့ လက်မှတ်မရရင် နောက်တစ်ရက်ဆက်ပြီး မြစ်ကြီးနားမှာ နေဖို့ပဲ စီစဉ်ရတော့မယ်။ အခုတော့ လက်မှတ်ရုံတွေလည်း ပိတ်ထားပြီဆိုတော့ ကျွန်မတို့လည်း စိတ်မောလူမောနဲ့ ဟိုတယ်ပြန်လာခဲ့တယ်။ ဟိုတယ်ရောက်တာနဲ့ ငါတို့ဟာ  မြစ်ကြီးနားလည်း ရောက်နေပြီဆိုတော့ မထူးဘူး ရောက်ဖူးတယ်ရှိအောင် မြစ်ဆုံကို သွားကြရအောင် …. ပြောလိုက်တော့ သူငယ်ချင်းကလည်း နှစ်ခွန်းမပြောရဘူး။ very good ! တဲ့လေ။ ဟိုတယ်မှာ ခဏနားနေရင်းနဲ့ မြစ်ကြီးနားမှာရှိတဲ့ ကျွန်မ ဆရာနှစ်ယောက်ကို သတိရလိုက်တယ်။  Interfaith Workshop တက်စဉ်က Lead လုပ်ကြတဲ့ ဆရာတွေပေါ့။ ဆရာတွေကို ဆရာလို့ခေါ်ပေမယ့် ကျွန်မနဲ့က မောင်နှမလို ခင်မင်ရင်းနှီးခဲ့ကြတာ။ အဲဒါနဲ့ သူတို့ဆီ ဖုန်းလှမ်းဆက်လိုက်တယ်။ မရှိကြဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း မှာထားခဲ့လိုက်တယ်။ ခဏနေတော့ Rectption က ပြောတယ် ကျွန်မနာမည်နဲ့ ဖုန်းလာတယ်ဆိုတာနဲ့ ဖုန်းသွားကိုင်တော့ ခုနက ဆရာက ဖုန်းပြန်ဆက်တာဖြစ်နေတယ်။ ဆရာကလည်း ၀မ်းသာအားရပါပဲ ကြိုဆိုပါတယ်၊ လာမယ်ဆိုလည်း ကြိုပြောပေါ့ သူတို့စီစဉ်ပေးမှာပေါ့တဲ့။ ကျွန်မကလည်း အစီအစဉ်မရှိပဲလာဖြစ်တာကြောင့် ကြိုတင်အကြောင်းမကြားဖြစ်ကြောင်းပြောလိုက်တယ်။ ဆရာက အခု ညနေစာစားပြီးကြပြီလား သူလာခေါ်မယ်ဆိုတာကြောင့် ကျွန်မတို့လည်း စောင်နေ့လိုက်တယ်။

Thursday, November 03, 2011

ရောက်ခဲ့ဖူးသည် ဗန်းမော်၊ မံစီ (အပိုင်း-၂)

ရောက်ခဲ့ဖူးသည် ဗန်းမော်၊ မံစီ (အပိုင်း-၂)


ကျွန်မတို့လည်း ပစ္စည်းတွေကို ကားနဲ့ထည့်ပေးလိုက်ပြီး ကျွန်မတို့ကတော့ ဗန်းမော်ကနေ မံစီကို ဆိုင်ကယ်နဲ့ ထွက်လာခဲ့ကြတော့တယ်။ လမ်းတလျှောက်လုံးမှာတော့ ဆိုင်ကယ်နောက်က ထိုင်ရင် လမ်းမှာမြင်ရတဲ့ ရှုခင်းတွေကို ငေးလိုက်၊ ဆိုင်ကယ်မောင်းတဲ့ဆရာဝန်လေးကို ကျွန်မသိချင်တဲ့အကြောင်းအရာတွေလိုက်နဲ့ပေါ့။ ကျွန်မကလည်း ဗန်းမော်နဲ့ မံစီတလျှောက်ဒေသအကြောင်းအရာတွေကို သိချင်တာအကုန်မေးတာပဲ။ ဆရာဝန်လေးက ဒေသခံလည်းဖြစ်နေတော့ ကျွန်မမေးသမျှကို စိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်။ ဒီလို စကားတွေပြောငေးလာရင်းနဲ့ပဲ မံစီမြို့ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကျွန်မလှမ်းမြင်လိုက်တယ်။ 

အဲဒီဆရာဝန်လေးကပဲ ကျွန်တော်တို့ တိမွေးကုဆရာဝန်လေးကပဲ ‘ကျွန်တော်တို့တွေ တိမွေးကုရုံးကို အရင်သွားလိုက်ကြမယ်။ ဟိုမှာ တွေ့ရမယ့်လူကြီးတွေနဲ့တွေ့ပြီး စီစဉ်စရာရှိတာ စီစဉ်လိုက်ကြမယ်လေ။ ပြီးမှ ဆရာမတို့ တည်းရမယ့်နေရာလိုက်ပို့မယ်၊ ဆရာမတို့ အိတ်တွေနဲ့ကားက တော်တော်နဲ့ရောက်ဦးမှာ မဟုတ်ဘူး’ ဆိုတာကြောင့် ကျွန်မတို့လည်း စီစဉ်စရာရှိတာတွေ စီစဉ်၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးမှ တည်းရမယ့် နေရာကိုပြန်ခဲ့ကြတယ်။ လမ်းဘေး တစ်နေရာရောက်တော့ ဆရာဝန်လေးက ဆိုင်ကယ်ကိုရပ်လိုက်ပြီး အိမ်ရှေ့မှာရှိနေတဲ့ အဖိုးတစ်ယောက်နဲ့စကားလှမ်းပြောနေတာကြောင့် ကျွန်မလည်း ဆိုင်ကယ်ပေါ်က ဆင်းလိုက်တယ်။ ဆရာမ ကားကရောက်မလာသေးဘူး ခဏစောင့်ရဦးမယ်ဆိုတာကြောင့် ကျွန်မလည်း ရပါတယ် စောင့်ကြတာပေါ့။ ဒီရှေ့ကပဲ စောင့်ကြရမယ်မဟုတ်လားဆိုတော့။ အထဲကပဲ စောင့်လိုက်ပါ ဆရာမတို့ နားလိုက်ပေါ့ ကားက ဒီရှေ့မှာ ရပ်ပေးလိမ့်မယ်ဆိုတာနဲ့ ဒါဆို ကျွန်မတို့တည်းရမှာက ဘယ်နေရာမှာလဲ ဆိုတော့ ဒီမှာပဲလေ ဆရာမ၊ ဒါ ဆရာမတို့ တည်းရမယ့် တည်းခိုခန်းပဲလေတဲ့။ 

အဲဒီတော့မှ ကျွန်မလည်း သြော် ဟုတ်လား၊ မသိပါဘူး ကျွန်မက ဆရာတို့အသိမို့လို့ ခဏရပ်စကားပြောတယ် ထင်နေတာ ဆိုတော့ သူတို့က ရီရင်း ဟုတ်တယ် ဆရာမရေ ကျွန်တော်တို့ မံစီမှာက ဒီတည်းခိုခန်းတစ်ခုပဲရှိတာ။ မကြာသေးခင်ကပဲ ဒီတည်းခိုခန်းက မီးလောင်ထားတယ်။ ဒါကြောင့် အခုလို ပုံစံလေးပဲ ပြန်လုပ်ထားနိုင်သေးတာတဲ့လေ။ ဒါနဲ့ ကျွန်မက သြော် - ရပါတယ်။ ကျွန်မက ဆက်သွားရဦးမယ်ထင်လို့ပါ၊ ရတယ်ဆိုပြီး အိမ်ထဲဝင်လိုက်တယ်။ အိမ်လေးက သွပ်မိုးထရံကာ မြေစိုက်တစ်ထပ်အိမ်လေးမှာ။ ကျွန်မ အိမ်ထဲဝင်လိုက်တာနဲ့ အခုနက အိမ်ရှေ့မှာထိုင်နေတဲ့အဖိုးက သော့လေးလာပေးတယ်။ ဒါက သမီးတို့နေရမယ့်
အခန်းသော့တဲ့။

Sunday, October 30, 2011

ရောက်ခဲ့ဖူးသည် ဗန်းမော်၊ မံစီ (အပိုင်း-၁)

ကျွန်မ ခရီးသွားခဲ့ဖူးတဲ့နေရာတွေကိုပြန်စဉ်းစားရင်း ကချင်ပြည်နယ်ဘက် ရောက်ခဲ့ဖူးတာကိုလည်း ပြန်သတိရမိတာနဲ့ ဗန်းမော်၊ မံစီ၊ မြစ်ကြီးနား ခရီးစဉ်လေးကို ရေးမိတယ်။

ကျွန်မတို့ရုံးက ကချင်ပြည်နယ်ဘက်ကို ပညာပေးသင်တန်းပေးဖို့ ခရီးသွားရမယ်ဆိုတော့ ကျွန်မရယ် ရုံးကနောက်မိန်းကလေးတစ်ယောက်ရယ် သွားဖို့ တာဝန်ကျလာတယ်။ ပို့ချရမယ့်ပညာပေးသင်တန်းက ကြက်ငှက်တုပ်ကွေးကာကွယ်ရေးအတွက် သင်တန်းပါ။ သွားရမယ့်ဒေသက ဗန်းမော်နဲ့ မံစီကိုပါ။ ဗန်းမော်နဲ့ မံစီမှာရှိတဲ့ တိမွေးကုရုံးက တိမွေးကုဆရာဝန်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရတဲ့ ပရောဂျက်လေးပါ။ ပထမသင်တန်းက ဗန်းမော်မြို့မှာပါ။

ဒါနဲ့ ကျွန်မတို့ ၂-ယောက်လည်း သင်တန်းအတွက် လိုအပ်တဲ့အရာတွေကို ပြင်ဆင်ပြီး ဗန်းမော်ကို ခရီးသွားဖို့လုပ်ကြတယ်။ မန္တလေးကနေ ညနေပိုင်းထွက်တဲ့ကားနဲ့ ဗန်းမော်ကို ခရီးစခဲ့ကြတယ်။ ကားစီးရတဲ့အချိန်က ညနေပိုင်းနဲ့ညပိုင်းဖြစ်တော့ သူငယ်ချင်းက ကားပေါ်မှာ တစ်လမ်းလုံးအိပ်လာတယ်။ ကျွန်မကတော့ ခရီးသွားရင် ပတ်ဝန်းကျင်ကိုငေးမောလေ့ရှိသူပီပီ ကျွန်မ တစ်ခါမှ မသွားဖူးတဲ့လမ်းမှာ မြင်သမျှငေးလာတာပေါ့။ ကားက တောင်တွေကိုကွေ့ဝိုက်ပြီးမောင်းရတယ်။ တစ်ဘက်က တောင်နံရံတွေကို မြင်ရပြီး တစ်ဘက်မှာတော့ ချောက်ကမ်းပါးနဲ့ ဟိုးအောက်မှာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကို မြင်နေရတယ်။ ဖြစ်ချင်တော့ ကျွန်မတို့ထိုင်ရတာက ကားရဲ့ဘယ်ဘက်ခြမ်းမှာဖြစ်နေတော့ ဘေးကိုကြည့်လိုက်ရင် ကားက ချောက်ကမ်းပါးအစွန်းလေးမှာ မောင်းနေသလိုပဲ။ ချောက်ကမ်းပါးနဲ့ဟိုးအောက်မှာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကိုလှမ်းကြည့်ရင်း တစ်ချက်တစ်ချက်တော့ အသည်းထဲမှာ အေးအေးသွားတယ်။ အဲဒီအချိန်မှာ မိုးကလည်း သည်းသည်းမည်းမည်းရွာလာတော့ ကျွန်မစိတ်ထဲကနေ မတော်တဆများ ကားမောင်းသူက တစ်ချက်လေး သတိလွတ်တာ၊ ဒါမှမဟုတ် ကားကတစ်ခုခုချို့ယွင်းလိုက်တာနဲ့ ငါတို့တော့ အရိုးအသား တစ်ခြားစီဖြစ်နိုင်လောက်တယ်လို့လည်း တွေးမိပြီးလန့်သွားတယ်။ ဘေးက သူငယ်ချင်းကို လှည့်ကြည့်လိုက်တော့လည်း သူကလည်း နိုးလိုက် အိပ်လိုက်နဲ့ ဇိမ်ယူနေတယ်လေ။ သူငယ်ချင်းကတော့ တစ်ချက်တစ်ချက်နိုးလာတဲ့အချိန် ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး ကြောက်နေတယ်။ တော်ပြီ အပြန်ကျ ဒီလမ်းက မပြန်တော့ဘူး၊ ငါကြောက်တယ် ဆိုပြီး ပြန်အိပ်သွားပြန်တယ်။

ဒါတောင် သူအိပ်ပျော်နေတဲ့အချိန်မှာပဲ ကားကဘာကိုလဲမသိဘူးရှောင်ရင်းနဲ့ ချောက်ဘက်ထိုးသွားတော့ ကျွန်မအသည်းထဲမှာ အေးကနဲပဲ။ ဘေးဝဲယာတလျှောက် ပတ်ဝန်းကျင်တစ်ခုလုံးကတော့ မှောင်မည်းနေတယ်။ ဒါပေမယ့် လလေးက သာနေတော့ ကျွန်မလည်း လရောင်ကိုအားကိုးတာရယ်၊ ကားမီးရောင်ရဲ့ အကူအညီရယ်နဲ့ လမ်းတလျှောက်လုံးငေးနေတော့တာပဲ။ ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ သင်ခဲ့ရဖူးတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ကျဉ်းနေရာတွေကို အပြင်မှာမြင်ရတော့လည်း ‘သြော် ငယ်ငယ်က စာထဲမှာ သင်ခဲ့တဲ့ [ရွှေကူနဲ့စင်းခန်းကြား(ဆင်ဘိုရွာအနီး - ပထမမြစ်ကျဉ်း)၊ ဗန်းမော်နဲ့ကသာကြား(ဒုတိယမြစ်ကျဉ်း)]နေရာတွေ အခုလို မြင်ဖူးဖို့ဆိုတာ တော်တော်မလွယ်တာပဲ’ဆိုပြီး ငေးလို့မ၀ဘူးပေါ့။

Friday, October 28, 2011

သွားရောက်လေ့လာခဲ့ပြန် အစ္စလာမ့်ညီလာခံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အစ္စလာမ်သာသနာရေးရာကောင်စီ (၁၆)ကြိမ်မြောက် အစ္စလာမ့်ညီလာခံ ကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ငါးပါးသခင်ဒါရ်ဂါမှာ ၂၀၁၁-ခု အောက်တိုဘာလ ၁၄-၁၅-၁၆ ရက် တွေမှာ ပြုလုပ်မယ်လို့သိထားရတာကြောင့် ကျွန်မ ရန်ကုန်မှာရှိနေရင် သွားရောက်လေ့လာဖို့စိတ်ကူးမိပါတယ်။ အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ ကျွန်မစိတ်ကူးရှိတာလေးကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ္စလာမ့်ညီလာခံဖွင့်ပွဲကျင်းပတဲ့ ၁၅-ရက်နေ့မနက်စောစောမှာပဲ သန်လျင်ကို သွားရောက်ခဲ့ပါတယ်။

ကျွန်မရောက်သွားတော့ အခမ်းအနားအစီအစဉ်စတင်ကျင်းပတော့မှာဖြစ်လို့ လူစုံသလောက်လည်းဖြစ်နေတာ တွေ့ရပါတယ်။ ခန်းမထဲမှာလည်း လူတွေက အပြည့်ပါပဲ။ ထိုင်စရာနေရာအတွက်ကြည့်လိုက်တော့ နေရာကလည်း မလွတ်သလောက်ပါပဲ။ ဒါနဲ့ ဟိုးနောက်နားမှာ ခုံလွတ်လေး နည်းနည်းတွေ့တာနဲ့ အဲဒီမှာပဲ သွားထိုင်တော့မယ်စိတ်ကူးပြီး နောက်နားကို လျှောက်သွားလိုက်စဉ်မှာ ဆရာမဒေါ်ခင်စန်းလွင်ထိုင်နေတာကိုမြင်တာနဲ့ ဆရာမကို ခဏနှုတ်ဆက်ပြီး နောက်နားထိဆက်လျှောက်သွားလိုက်တယ်။

ထိုင်မယ့်နေရာနားလည်းရောက်ရော မန္တလေးကလာကြသူတစ်ချို့ထိုင်နေတာတွေ့လိုက်ရပြီး သူတို့ကလည်း ၀မ်းသာအားရ လှမ်းနှုတ်ဆက်တာကြောင့် အဲဒီနားဝင်ထိုင်ပြီး စကားနည်းနည်းပြောနေတုန်း မျက်လုံးက ရှေ့နားကို ရောက်သွားတော့ ရှေ့ကနေ လက်ယပ်ခေါ်နေတဲ့ သူဇာနွယ်(ဖျာပုံ)ကိုမြင်လိုက်တယ်။ သူကလည်း ရှေ့ကိုလာထိုင်ဖို့လှမ်းခေါ်နေတယ်။ ဒါနဲ့ နေရာ ရှိရဲ့လားလှမ်းမေးရင်း ရှိတယ်လာခဲ့ဆိုတာနဲ့ သူ့နားရောက်သွားတယ်။ သူ့နားရောက်သွားတော့မှ ဘေးနားမှာထိုင်နေတဲ့ သဇင်လှိုင်ရယ်၊ သူဇာနွယ့်နောက်နားမှာထိုင်နေတဲ့ သူ့အစ်ကိုရယ်ကိုတွေ့လိုက်ရတယ်။ အဲဒီတော့မှ သူတို့က ၀ိုင်းပြောကြတော့တာပဲ ‘အောင်မလေး ၀င်လာကတည်းကမြင်လို့ လက်တွေလှမ်းပြပြီး ခေါ်လိုက်ရတာ။ ဘေးနားက လူကြီးတွေတောင် မျက်စိနောက်လောက်ပြီ’တဲ့။ ဒါနဲ့ ဘယ်တုန်းကရောက်ကြလဲ ဘယ်မှာနေကြလဲ ဘာညာစကားတွေပြောနေတုန်း အခမ်းအနားမှူးရဲ့ အစီအစဉ်စတော့မယ့်အကြောင်းကြေညာသံထွက်လာတယ်။

အခမ်းအနားကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး၊ အခြားဖိတ်ကြားထားသူများ၊ သံရုံးမှတာဝန်ရှိသူများ၊ သာသနာ့ရေးရာအဖွဲ့အစည်းအသီးသီး၊ အစ္စလာမ်ကောင်စီ ဗဟိုဦးများနဲ့၊ အစ္စလာမ်ကောင်စီဝင်ဖွဲ့နဲ့ အခြားဧည့်သည်များလည်းတက်ရောက်ခဲ့ကြပါတယ်။

Saturday, October 08, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၆)

မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။
ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

သမီး တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တဲ့အချိန်မှာ မေမေဟာ ဆေးရုံတက်ရတဲ့ ရက်တွေစိပ်လာတယ်လေ။ နောက် တစ်လနှစ်ခါလောက် ဆေးရုံပေါ်မှာအချိန်ကုန်ရတော့တယ်။ နောက်တစ်ပတ်ခြားတစ်ခါ ဆေးရုံ တက်နေရတယ်။ မှတ်မှတ်ရရ ဧပရယ်လ (၂၂)ရက်မှာ မေမေဆေးရုံတင်ရတယ်။ ခါတိုင်းလိုပဲ တစ်ပတ်လောက်နေလိုက်ရင် ဆေးရုံကဆင်းရမှာပဲလို့ပဲ သမီးထင်ခဲ့တယ်။ မေမေကပြောတယ်။ 'သမီးအတွက် စာတစ်စောင်မေမေရေးထားတယ်။ မေမေ မရှိတော့ရင် အန်တီဆီမှာ သွားတောင်းပါ'လို့ပြောတော့ သမီး ရင်ထဲမှာနင့်နေအောင်ခံစားလိုက်ရတယ်မေမေ။ ဒါပေမယ့် မေမေ့ကို ရယ်စရာတွေပြောပြီး စကားလမ်းကြောင်း လွှဲပစ်ခဲ့တယ်။ ဒီလိုနဲ့ ဧပြီ(၂၈)ရက်နေ့မှာ မေမေက ဗိုက်ထဲက မခံနိုင်အောင်နာလာတယ်ဆိုပြီး ညည်းညူ နေခဲ့တယ်။ ဘယ်တော့မှ မညည်းညူတတ်တဲ့မေမေ ညည်းညူနေတာကို သမီးမခံနိုင်ရည် မရှိခဲ့ပါဘူးမေမေရယ်။ မေမေက မေမေရဲ့ အစ်ကိုနဲ့ယောက်မရယ်၊ တူမရယ်ကိုခေါ်ပေးဖို့ ပြောတာကြောင့် သူတို့တွေရောက်လာကြတယ်လေ။ မေမေက မေမေမရှိရင် သမီးတို့ညီအစ်မတစ်တွေကို သမီးတို့ ဦးလေးနဲ့ အဒေါ်ရယ် အစ်မ၀မ်းကွဲရယ်က စောင့်ရှောက်ဖို့မှာပြီး အစ်မကိုလည်း သမီးနဲ့အတူ ဆေးရုံမှာညစောင့်အိပ်ပေးဖို့ပြောတယ်။ ပြီးတော့ မေမေပြောခဲ့သေးတယ်လေ။

‘သမီးကြီး တကယ်လို့ မေမေ မရှိတော့တဲ့အခါ သမီးတို့ဖတ်ဖို့စာကို အန်တီအေး(အိမ်နားမှာနေတဲ့အဒေါ်ဝမ်းကွဲ)ဆီမှာပေးထားတယ်၊ ဖေဖေ့အတွက်တစ်စောင်၊ သမီးအတွက်တစ်စောင်၊ ညီမလေးအတွက် တစ်စောင်၊ အဲဒါ အန်တီအေးဆီမှာ တောင်းလိုက်နော်’တဲ့။ ပြီးတော့လည်း ဖေဖေနဲ့ ညီမလေး(၂)ယောက်ကိုတော့ 'သွားတော့ အိမ်ပြန်ကြတော့'ဆိုပြီး ရန်လုပ်ပြီးမောင်းထုတ်ခဲ့တယ်နော်။ အဲဒီညက တော်တော်ညဥ့်နက်မှ ဖေဖေနဲ့ ညီမလေး(၂)ယောက်အိမ်ပြန်သွားကြတယ်။ သမီးရယ် အစ်မဝမ်းကွဲရယ်ပဲ ဆေးရုံမှာစောင့်နေခဲ့ကြတာပေါ့။ သမီးနဲ့ အစ်မဝမ်းကွဲလည်း မေမေ့ဘေးမှာ တစ်လှည့်စီ လှဲလိုက်ထိုင်လိုက်နဲ့ နေခဲ့ကြတယ်။

Monday, October 03, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၅)

မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။
ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

ဒီလိုနဲ့ သမီးလည်း တက္ကသိုလ်တက်ဖို့ အထူးပြုဘာသာရပ်လျှောက်ရမယ့်အချိန်မှာ မိဘတွေဖြစ်စေချင်တာကို အတင်းအဓမ္မတိုက်တွန်းတာမျိုးမဟုတ်ပဲ သမီးစိတ်ဝင်စားရာ ဘာသာရပ်ကို အထူးပြုယူစေဖို့ ၀ိုင်းဝန်းအကြံပေးတိုက်တွန်းခဲ့တာလည်းသမီးမှတ်မိဆဲပါမေမေ။ သမီးက သမိုင်းကို စိတ်ဝင်စားတယ် သမိုင်းအထူးပြုပဲ ယူမယ်ဆိုတော့ အဖိုးရော မေမေနဲ့ဖေဖေက သမီးတကယ်စိတ်ဝင်စားရင်တော့ သမီးစိတ်ဝင်စားတဲ့ Major ယူပါဆိုပြီး ခွင့်ပြုပေးခဲ့ကြတယ်နော်။ သမီးနဲ့အတူတူ ၁၀-တန်းအောင်ခဲ့ကြတဲ့ ကျူရှင်က သူငယ်ချင်းတွေက ဆေးတက္ကသိုလ်၊ GTC, ကွန်ပျူတာတက္ကသိုလ် တွေကို လျှောက်ခဲ့ကြပြီး ကျောင်းအတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကတော့ Physic, Maths, Eco စတဲ့ အထူးပြုဘာသာတွေ ယူခဲ့ကြတယ်။ သူတို့တွေကတော့ သမီးကို ပြောကြတယ်လေ သူတို့နဲ့ Major အတူတူယူဖို့ ကျောင်းအတူတူတက်ကြဖို့ပေါ့။

မေမေကလည်း ပြောခဲ့တယ်လေ သမီးသူငယ်ချင်းတွေနဲ့ ကျောင်းအတူတူတက်ချင်ရင်တော့ အဲဒီ Major တွေယူပေါ့တဲ့။ ဒါပေမယ့် သမီးကလည်း ၀ါသနာပါတဲ့ Major ကိုပဲ ယူမယ်ဆိုတော့လည်း အဖိုးက “ငါ့မြေး တကယ်စိတ်ဝင်စားရင် အဖိုး အားပေးတယ်။ ကြိုးစား”တဲ့။ မေမေနဲ့ဖေဖေကလည်း “သမိုင်းနဲ့ပတ်သက်တာ သမီးဖတ်သင့်တဲ့ လေ့လာသင့်တဲ့စာအုပ်တွေ ရှာဖွေပေးမယ်”ဆိုပြီးအားပေးခဲ့ကြတယ်နော်။  ဒီလိုနဲ့ သမီးလည်း တက္ကသိုလ်စတက်ရတော့တယ်။ သမီးက အဝေးသင်ပဲ တက်တော့မယ်ဆိုပြီး အဝေးသင်တက္ကသိုလ်တက်ရတော့ စာသင်ချိန်စာသင်ခန်းထဲရောက်ရင် စာသင်မယ့်ဆရာတွေက ရောက်မလာဘူး။ ဒီတော့ သမီးလည်း ကျောင်းမတက်တော့ဘူး ကျူရှင်ပဲတက်တော့မယ်ဆိုပြီး ပြောတော့ ဖေဖေနဲ့မေမေက သမီးကို ဆရာဦးတင်ဦးဆီမှာလိုက်အပ်ပေးခဲ့တယ်နော်။

Thursday, September 29, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၄)

မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။
ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

ဒီလိုနဲ့ သမီးလည်း အဲဒီအချိန်က မန္တလေးမှာ နာမည်အကြီးဆုံး ၀ိုင်းကျူရှင်တစ်ခုဖြစ်တဲ့ VEC ပညာ့ ရိပ်သာမှာ ကျောင်းတက်ရတော့ တာပေါ့။ VEC ပညာ့ရိပ်သာတည်ထောင်အုပ်ချုပ်သူ  ဆရာကြီး(ဦးသူရအောင်)က ဖေဖေနဲ့တအားခင်မင်ရင်းနှီးနေတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်လေ။ ဒီတော့ ဖေဖေက ဆရာကြီးနဲ့တွေ့ပြီး သမီးကို ကျောင်းပို့ချင်တယ်ဆိုတော့ ဆရာကြီးက သူ့တပည့်အဖြစ် ချက်ချင်း လက်ခံခဲ့တယ်။ အဲဒီအချိန်က ၀ိုင်းကျူရှင်တွေ စခေတ်စားတဲ့အချိန်ပေါ့နော်မေမေ။ ဒီလိုနဲ့ သမီးလည်း ၀ိုင်းကျူရှင် စတက်ခဲ့ရတယ်။ ဆရာကြီးက သမီးကို တန်းခွဲ-၁ မှာနေစေခဲ့တယ်။ သမီးကျူရှင်စတက်တော့ ကျူရှင်က ဖွင့်နေတာ တစ်လလောက်ရှိနေပြီ။ စာတွေကို သမီးက အမီလိုက်ရတယ်။

အဲဒါကြောင့် သမီးက မေမေ့ကိုပြောတယ်။ သမီးစာတွေ မလိုက်နိုင်ဘူး။ အတန်းပြောင်းချင်တယ်ဆိုတော့ မေမေကပြောတယ် ‘သမီးရယ် ဆရာက သမီးအတွက် သင့်တော်မယ့်နေရာထားပေးတာ၊ ဘာလို့ပြောင်းမှာလဲ’ဆိုတော့ သမီးက ‘’ဒါဆို သမီး ဆရာကြီးကို ပြောကြည့်မယ်’ လို့ပြောပြီး ဆရာကြီးကို ပြောလိုက်တဲ့အခါ ဆရာကြီးကလည်း ပြောခဲ့တယ်လေ ‘ညည်း လျှာမရှည်နဲ့ ငါထားတဲ့အတန်းမှာနေ၊ အခုမလိုက်နိုင်လည်း နောက်ပိုင်း လိုက်နိုင်လာလိမ့်မယ်’တဲ့။ အဲဒီအချိန်ကတော့ ဆရာကြီးကို ကြောက်လည်းကြောက် ချစ်လည်းချစ်တော့ ပြန်မပြောရဲခဲ့ဘူး။ စိတ်ထဲကတော့ သိပ်မကြည်ဘူးပေါ့။ ဒါပေမယ့် နောက်ပိုင်း သမီးနားလည်ခဲ့ပါတယ်။ ဆရာကြီးက အခြား တန်းခွဲ (၂၊ ၃၊ ၄၊ ၅) တွေမှာမထားပဲ သူနဲ့အနီးကပ်ဆုံးဖြစ်တဲ့ အကောင်းဆုံးအတန်းမှာ နေစေခဲ့တာ။ နောက်ပြီးတော့ အဲဒီအချိန်က ကျူရှင်စရိတ်က ၃၀၀၀၀ိ/-လေ။ အဲဒါက တစ်နှစ်လုံးအတွက်ပေါ့ အဲဒီအချိန်က သုံးသောင်းဆိုတာလည်း မနည်းဘူးနော်။

ဒါပေမယ့် သမီးအတွက် ဆရာကြီးက ၅၀၀၀ိ/-ပဲ ယူခဲ့တာနော်။ ဒါဟာလည်း ဖေဖေမေမေတို့ရဲ့ သမီးဖြစ်လို့ပေါ့နော်မေမေ။ ကျောင်းက စာသင်ကြတဲ့ ဆရာဆရာမတွေလည်း တအားကောင်းတယ်၊ သမီးဆို စာတွေကို အိမ်မှာတအား ပြန်မကျက်ရတဲ့ အခြေအနေထိပဲလေ။ ညပိုင်းတွေ သမီးစာကျက်ရင် မေမေက ဘေးကနေ ထိုင်နေပေးတယ်။ သမီးစာကျက်ရင်းစားဖို့ လ္ဘက်၊ ကော်ဖီ အစုံပဲ လုပ်ပေးတယ်နော်။ သမီးကတော့ ကျောင်းစတက်ကတည်းက ဖေဖေမေမေတို့ကို ပြောခဲ့တယ်။ “သမီးကို ဆရာဝန်ဖြစ်ဖို့တို့ဘာတို့မတိုက်တွန်းနဲ့နော်၊ သမီးက အင်ဂျင်နီယာကို ၀ါသနာပါတယ်၊ ဒါပေမယ့် သမီးကို အဲဒါတွေဖြစ်ပါစေဆိုပြီးတော့တော့ ဖိအား မပေးပါနဲ့နော်။ သမီး နိုင်သလောက်ပဲကြိုးစားမယ်၊ ၁၀-တန်းကိုတော့ နှစ်ချင်းပေါက် အောင်မြင်အောင် လုပ်မယ်။ နောက်နှစ်ဆိုတာကြီးမှာ စာပြန်ကျက်ရမှာသမီးပျင်းတယ်။ မကျက်ချင်ဘူး။ တစ်နှစ်ထဲ နှစ်ချင်းပေါက် အောင်အောင်လုပ်မယ်နော်”ဆိုတော့ မေမေကလည်း အားပေးတယ်လေ။

Thursday, September 22, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၃)

မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။
ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

ကျောင်းပြန်ဖွင့်လို့ သမီးကျောင်းပြန်တက်ရတဲ့အချိန်မှာလည်း မေမေက ဟိုးအရင်ကလိုပဲ သမီးကို ကျောင်းပို့ကျောင်းကြိုလုပ်ပေးခဲ့တာပဲနော်။ သမီးတို့ဆရာမက အမာကြီးသန်းလို့ခေါ်တဲ့ ဆရာမကြီးဒေါ်လှလှသန်းပေါ့။ အမာကြီးဆိုတာ သမီးတို့ ကျောင်းမှာက ဆရာမတွေကို အမာကြီးလို့ ခေါ်ကြတယ်။ ဟိုးအရင်က ABM အင်္ဂလိပ်အထက်တန်းကျောင်းဆိုတော့ ဆရာမတွေကို အမာကြီးလို့ပဲ ခေါ်ကြတယ်။ နောက်ပိုင်းခေတ်တွေမှာလည်း အဲလိုပဲလိုက်ခေါ်ကြတာ။ တစ်ခုမှတ်မိပါတယ်မေမေ။ သမီးဆရာမ အမာကြီးသန်းက ဖေဖေတို့ကျောင်းသားဘ၀ကတည်းက ABM (အထက-၁၃)ကျောင်းမှာ ဆရာမအဖြစ်ရှိနေခဲ့တာ။ ကျောင်းသားတွေအပေါ်မှာ သားသမီးရင်းခြာလိုပဲ။ သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ဖေဖေနဲ့ ဖေဖေရဲ့ သမီးဖြစ်တဲ့ သမီးအလှည့်မှာလည်း သူ့တပည့်အဖြစ် ရောက်ခဲ့ရတယ်လေ။

သမီးကိုကျောင်းပို့ကျောင်းကြိုလုပ်ရင်း မေမေလည်း အမာကြီးသန်းနဲ့ တအားခင်သွားတယ်လေ။ မေမေကလည်း အမာကြီးသန်းကို ချစ်ခင်ခဲ့သလို အမာကြီးသန်းကလည်း မေမေ့ကို ‘၀ိုင်းရဲ့မေမေ …. ၀ိုင်းရဲ့မေမေ’နဲ့ချစ်ခဲ့တယ်လေ။ အမာကြီးသန်းမှမဟုတ်ပါဘူး … သမီးဘ၀တလျှောက် တစ်ခြားသောဆရာမတွေအားလုံးကလည်း မေမေ့ကိုဆို ချစ်ခင်ကြတယ်လေ။ သမီးတို့ ၄-တန်းနှစ်က အစိုးရစစ်စာမေးပွဲပေါ့။ ဒီတော့ အမာကြီးသန်းက သမီးတို့ တစ်တန်းလုံးကို စနေ-တနင်္ဂနွေတွေမှာလည်း ကျောင်းမှာ အချိန်ပို စာခေါ်သင်ပေးမယ်။ တစ်ခါတစ်လေဆို သူ့အိမ်မှာ ခေါ်သင်တယ်။ အဲလိုအချိန်တွေမှာဆိုရင် မေမေကလည်း သမီးနဲ့အတူတူ လိုက်ပါပေးခဲ့တယ်လေ။ သမီးတို့ စာသင်နေကြချိန်မှာ မေမေဟာ စာဖတ်ရင်းနဲ့ သမီးကို စောင့်ခေါ်ပေးတာပေါ့။ နောက်ပြီးတော့ သမီးစားချင်တာ မှန်သမျှကို ဖေဖေက၀ယ်ပေးတယ်။ မေမေက အချိန်နဲ့ စည်းကမ်းတကျကျွေးပေးတယ်လေ။ မှတ်မှတ်ရရ အဲဒီအချိန်က ဂျယ်လီတွေစပြီးခေတ်စားလာတဲ့အချိန် …. တိရ စ္ဆာန်အရုပ်ပုံလေးတွေနဲ့ ဂျယ်လီအရည်လေးတွေ သမီးစားချင်တယ်ဆိုတော့ ဖေဖေက၀ယ်ပေးလာတယ်။ မေမေက သမီးကို ထမင်းစားကျောင်းဆင်းလို့ ထမင်းစားပြီးရင် တစ်ခုကျွေးတယ်။ ညနေ ကျောင်းကပြန်လာရင်တစ်ခုကျွေးတယ်။ သမီးစားချင်တာကို စည်းကမ်းစနစ်တကျကျွေးတယ်လေ။ အဲဒီအချိန်ထိ မေမေက သမီးကို တစ်ခါတစ်ခါ ထမင်းခွံ့ကျွေးတုန်းလေ။

သမီးမှတ်မိသေးတယ်မေမေ သမီး ၃-နှစ်သမီးအရွယ်လောက်ကတည်းကပေါ့။ ငါးဟင်းချက်တဲ့နေ့ဆို မေမေက ငါးအရိုးကို သေချာနွှင်တယ်။ ပြီးရင် ငါးအရိုးသေးသေးလေးတွေ ရှိမရှိဆန်းကြည့်ရင်း ငါးကို သေးသေးလေးတွေ လုံးလိုက်တယ်။ ပြီးရင် ထမင်းပန်းကန် ပတ်ပတ်လည်မှာ အလုံးလေးတွေ တန်းစီပြီးတင်ပေးထားတယ်။ မေမေက ထမင်းတစ်လုပ်ကျွေးလိုက်၊ သမီးက ငါးတစ်လုံးယူစားလိုက်နဲ့ပေါ့။ သမီး ၄-တန်းကျောင်းသူဘ၀ရောက်တဲ့အချိန်ထိ အဲလိုပဲနော်။ ဒီလိုနဲ့ အမာကြီးသန်းရဲ့ စာသင်ကောင်းမှုရယ် မေမေရဲ့ ဂရုတစိုက်ကြပ်မတ်ပေးမှုတို့ကြောင့် အစိုးရစစ်စာမေးပွဲကို သမီး နှစ်ချင်းပေါက်လွတ်လွတ်ကျွတ်ကျွတ်အောင်ခဲ့တယ်မေမေ ….. ဖေဖေ … မေမေ နဲ့ အမာကြီးသန်းတို့ရဲ့ ကျေးဇူးတွေပါ မေမေ။ သြော် …. သမီး တစ်ခုမေ့နေသေးတယ်မေမေ။ သမီးလေ မူလတန်းကျောင်းကနေပြောင်းလာပြီးတဲ့နောက် အ.ထ.က-၁၃ ရောက်စ ၁-တန်းနှစ်ကတည်းက သမီးနဲ့ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်နော်။ သူ့နာမည်က နန်းချိုတဲ့လေ။ သူနဲ့သမီးနဲ့က ကျောင်းမှာခင်ပြီး ညီအစ်မ အရင်းလိုချစ်ခင်ခဲ့ကြတယ်။ ရုပ်ချင်းကလည်း ခပ်ဆင်ဆင်ဆိုတော့ တစ်ချို့ဆိုရင် သမီးတို့ကို ညီအစ်မလို့တောင် ထင်ကြတယ်လေ။ သမီးသူ့အကြောင်းထည့်ပြောတာက သမီးသူငယ်ချင်းအပေါ်မှာလည်း မေမေဟာ ကိုယ့်သားသမီးလိုသဘောထားခဲ့တာကို သမီးမှတ်မိလို့ပါမေမေ။ ဖေဖေနဲ့မေမေက သမီးအတွက် မုန့်တစ်ခုထည့်ပေးရင် နန်းချိုအတွက်လည်း တစ်ခုထည့်ပေးတယ်လေ။ သမီးချစ်တဲ့သူငယ်ချင်းကို ဖေဖေမေမေတို့ကလည်း သမီးချစ်သလို ချစ်ကြတယ်နော်။ နန်းချိုရဲ့ အဖွားဆိုလည်း သမီးကိုချစ်သလို မေမေ့ကိုလည်း တအားချစ်ခဲ့တာနော်။ သမီးဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေ၊ သူငယ်ချင်းတွေရဲ့ အဖေအမေ၊ ဦးလေးအဒေါ်၊ အဖွား သူတို့မိသားစုတွေကလည်း မေမေ့ကို ချစ်ကြတယ်နော်။ ဘာကြောင့် မေမေ့ကို အဲလိုချစ်ကြတာလဲဆိုတာတော့ အဲဒီအချိန်က သမီး မသိခဲ့ဘူးမေမေ။

Tuesday, September 20, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၂)

မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

ကျောင်းပိတ်ရက်တွေမှာ နေ့ခင်းဘက်ဆို သမီးတစ်ရေးတစ်မောအိပ်ရေးဝစေဖို့ မေမေ ချော့သိပ်တတ်တာကိုလည်း မှတ်မိနေတယ်မေမေ။ မေမေက မြန်မာ့အသံမှာလည်း သီချင်းဆိုတဲ့ အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သီချင်းဆိုရင် အသံတအားကောင်းတယ်။ ပြီးတော့ သီချင်းတွေလည်း ရေးတတ်တယ်။ တစ်ခါတစ်ခါ မေမေကိုယ်တိုင်စပ်ထားတဲ့သီချင်းလေးတွေဆိုပြီးသမီးကို ချော့သိပ်တတ်တယ်။  မေမေကိုယ်တိုင်ရေးစပ်ထားတဲ့ သာသနာ့ရေးရာကဆွီဒါလေးတွေ (တမန်တော်မြတ်အတ္ထုပ္ပတ္တိ၊ မုအ်ဂျေဇာ(တန်ခိုးတော်)များအကြောင်းတွေ) ဆိုပြီးသိပ်ရင် သမီးတအားပျော်ခဲ့တာ။ အဲဒါလေးတွေက သမီးငယ်ငယ်ကတည်းက နားထဲမှာစွဲနေခဲ့တော့ တမန်တော်မြတ်အကြောင်းကို အထူးတလည် စာအုပ်ဖတ်နေစရာမလိုပဲ ငယ်ငယ်ကတည်းက သိနေခဲ့ရတာပေါ့မေမေ။ ဒါဟာလည်း မေမေကျေးဇူးပါမေမေ။ တစ်ခါတစ်လေမှာတော့ မေမေက သမီးတို့မောင်နှမ၀မ်းကွဲတွေရဲ့ နာမည်တွေကို သီချင်းတစ်ပုဒ်ရဲ့သံစဉ်ထဲမှာထည့်ပြီး လက်တမ်းစပ်ပြီး ဆိုသိပ်လေ့လည်းရှိတယ်လေ။ အဲလိုသီချင်းမျိုးဆိုလည်း သမီးကြိုက်နှစ်ခဲ့တာပဲလေ။ တစ်ခါတစ်ခါမှာ သမီးက ‘မေမေ သမီးကို နာမည်တွေနဲ့သီချင်းဆိုပြ’လို့ပြောရင်လည်း မေမေက ဆိုပြခဲ့တယ်။ အဲဒါတွေဟာ နောင်တစ်ချိန်မှာတော့ သမီးထက် ၁၀-နှစ်ငယ်တဲ့ ညီမလေးကို သမီးက ပုခက်လွှဲပြီးချော့သိပ်တဲ့အခါ ညီမလေးချော့တေးတွေဖြစ်လာခဲ့တာလည်း သမီးမှတ်မိတယ်မေမေ။

နောက်ပြီး သမီးတစ်ခုမှတ်မိပါသေးတယ်။ သမီး အသက် ၃-နှစ်နဲ့ ၅-လ အရွယ်မှာပေါ့။ တမန်တော်နေ့အထိမ်းအမှတ် သာသနာ့စာပေပြိုင်ပွဲ ကျင်းပပြုလုပ်တော့ သမီးကို အငယ်တန်း မြန်မာတေးကဆွီဒါပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့တာ။ သမီးအသက်က ၃-နှစ်ခွဲနီးပါးဆိုတော့ ကဆွီဒါဆိုတဲ့အခါမှာ ပီသအောင်မဆိုနိုင်ခဲ့ဘူး။ ဒါပေမယ့် စင်ပေါ်တက်ရဲပြီး လူမကြောက်အောင် အကျင့်ရအောင် လုပ်ပေးခဲ့တာပေါ့။ အဲဒီပြိုင်ပွဲလေးဟာ သမီးဘ၀အတွက် အမှတ်တရဖြစ်ခဲ့တာပါပဲ။ အဲဒီပြိုင်ပွဲလေးရဲ့ ဆုပေးပွဲမှာ သမီးက ဆုမရခဲ့ဘူးလေ။ သူများတွေဆုတက်ယူကြပြီး သမီးကဆုမယူရဘူးလေ။ ဆုပေးပွဲပြီးတဲ့အချိန် ပြန်ကြမယ့်အချိန်က သမီးက ‘အိမ်မပြန်ဘူး။ သမီးလည်း ဆုယူပြီးမှ ပြန်မယ်’ဆိုပြီး တအားအော်ငိုတယ်တဲ့။ ဘယ်လိုမှလည်း ချော့လို့မရဘူး။ ဒါနဲ့ပဲ အဲဒီနေ့တရားပွဲအစီအစဉ်မှာ အမှတ်တရလက်ဆောင်ပေးတဲ့ ပလပ်စတစ်ခြင်းလေးကို သမီးကဆုရတာဆိုပြီး စင်ပေါ်လာဆုယူဆိုပြီး စာပေပြိုင်ပွဲကျင်းပရေးကော်မတီက တစ်ယောက်ကခေါ်ပြီး ဆုပေးတယ်ဆိုလုပ်လိုက်ရတယ်တဲ့။ အဲဒီတော့မှ သမီးက အငိုတိတ်ပြီး အိမ်ပြန်ခေါ်လို့ရတယ်တဲ့။

Sunday, September 18, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၁)

မေမေ … ကျွန်မရဲ့ မေမေ


မေမေ ….. မေမေကွယ်လွန်ခဲ့တာ မကြာခင်ကာလမှာ ဆယ်စုနှစ် တစ်ခုကို ရောက်တော့မယ် မေမေ။ အခုလို ဆယ်စုနှစ်တစ်စုနီးပါး ရှိလာခဲ့ပေမယ့် ကျွန်မ မေမေ့ကို တစ်ရက်မှ မေ့မရဘူးဆိုရင် ကြားရသူတွေအတွက် ပိုလွန်းတယ်လို့ ပြောစရာဖြစ်နေမလားပဲ မေမေ။ ဒါပေမယ့် သေချာပါတယ် မေမေရယ်။ မေမေဆုံးပါးသွားတဲ့အချိန်ကနေ အခုချိန်ထိ ကျွန်မလေ မေမေ့ကိုတစ်ရက်မှ မမေ့သေးပါဘူး။ အဲလို မမေ့သေးဘူးဆိုလို့ ကျွန်မ မေမေ့အတွက် ၀မ်းနည်းပူဆွေးပြီး တသသဖြစ်နေတာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာတော့ သတိရလို့ မျက်ရည်လည်တဲ့အခါလည်းဖြစ်ဖူးပါတယ်။ ကျွန်မ တစ်ရက်မှ မမေ့နိုင်တာတွေက မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။
ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

မေမေ … ကျွန်မက ကော်ဖီကို ကြိုက်နှစ်သက်စွာသောက်တတ်တဲ့အကျင့်ကြောင့် တစ်ခါတရံ ကျွန်မပြန်လာခါနီး မေမေ ဖျော်ပေးထားတဲ့ ကော်ဖီက ကျွန်မပြန်လာရင် အေးနေလို့ မေမေအသစ်ပြန်ဖျော်ပေးတော့ အဒေါ်ကပြောတယ်။ ဒါလည်း ကော်ဖီပဲ သောက်ပေါ့အေဆိုတော့ မေမေက ဘာပြန်ပြောတတ်လေ့ရှိလဲ။ မေမေ အမှတ်ရဦးမယ်ထင်ပါတယ် … မေမေ ပြောခဲ့တဲ့စကား မရိုးနိုင်တဲ့စကားလေးကို သမီးကတော့ အမှတ်ရနေသေးတယ် မေမေ ….

Wednesday, September 14, 2011

ကျွန်မ နှစ်သက်မိသော ‘ကံချွန်အမှတ်တရ စာစုများ'

ဆရာကံချွန် ကွယ်လွန်ခြင်း ၂-နှစ်မြောက် အမှတ်တရနေ့ပြုလုပ်ရာမှာ ထုတ်ဝေခဲ့တဲ့ ဆရာရေးဆရာ ၃၅-ယောက်ရဲ့ အမှတ်တရစာမူများပါရှိတဲ့ “ကံချွန်အမှတ်တရစာစုများ” ဆိုတဲ့စာအုပ်လေးဖတ်ပြီးနောက်မှာ ဆရာကံချွန်ပြောခဲ့ဖူးတဲ့ စကားလေးတွေက ကျွန်မအတွက် အားဆေးတစ်ခွက်ဖြစ်စေခဲ့တယ်။ ဒီလို အားဆေးလေးတစ်ခွက်ကို အမှတ်တရဖြစ်ဖို့ရယ် သူငယ်ချင်းတွေအတွက်လည်း အားဆေးတစ်ခွက်ဖြစ်စေဖို့ ရည်ရွယ်ပြီး ကံချွန်အမှတ်တရစာစုများ စာအုပ်ထဲက ပြန်လည်မျှဝေလိုက်တာပါ။

x x x x x x x x x x x x x x x

ဆရာကံချွန်ရဲ့ ချစ်ဖို့အကောင်းဆုံးစရိတ်လေးကတော့ သူကိုယ်တိုင် အလုပ်လုပ်သလို သူနဲ့ရင်းနှီးခင်မင်သူတွေကိုလည်း အလုပ်လုပ်ဖို့ အမြဲတိုက်တွန်းတတ်တာလေးပါပဲ။ ကျွန်တော့် ကျူရှင်ကိုလာရင်း တစ်ခြားကျူရှင်တွေကို သမီးပို့ရင်း ‘ခေတ်ကျောင်းသား’၀တ္ထုကို သူရေးခဲ့တယ်။ အဲဒီဝတ္ထုထဲမှာ ကျွန်တော်တို့က ဇာတ်ဆောင်တွေပေါ့။ အဲဒီနောက် ကျွန်တော့်မျက်စိအောက်မှာတင် စာအုပ်တွေ ဟောတစ်အုပ်၊ ဟောတစ်အုပ်ရေးခဲ့၊ ထုတ်ခဲ့နိုင်ခဲ့တာ။ ခုချိန်ထိ စာအုပ် ၇၃-အုပ် ပုံနှိပ်ထုတ်ဝေပြီးပြီ။ ဆရာကံချွန်ရဲ့ စကားတွေကို နားထဲမှာ ခုထိ ကြားနေတယ်။ “သိပ်ကောင်းမှသာ ရေးရမယ်ဆိုရင် အကြာကြီးစောင့်နေတာနဲ့ မရေးဖြစ်တောဘူး။ ဒီတော့ ရေးဖြစ်အောင် သတ္တိမွေးရတယ်။ အကောင်းစားမဟုတ်တောင် အညံ့စားမဖြစ်အောင် သတိထားလိုက်တယ်။ အနည်းဆုံး မညံ့အောင်ကြိုးစားလိုက်တော့ ရေးဖြစ်သွားရော” [စာမျက်နှာ-၁၆၊ ငြိမ်းမင်း၊ ‘အမှတ်တရဆရာကံချွန်’]

တစ်ခါသားတော့ သူရေးပြီးပို့ထားတဲ့ စာမူတစ်ပုဒ်နဲ့ အကြောင်းအရာတူ စာမူတစ်ပုဒ်က သတင်းစာထဲ ပါလာခ့တယ်။ အဲဒီစာမူရေးတဲ့သူက စာရေးဆရာ သတင်းစာဆရာကြီး လူထုဦးလှ။ သူက အကြောင်းအရာတူစာမူဖြစ်ပါလျက် သူ့စာမူမသုံးဘဲ ဘာကြောင့် လူထုဦးလှစာမူမှ သုံးရသလဲဆိုတဲ့မေးခွန်းကို အယ်ဒီတာချုပ်စားပွဲရှေ့ဝင်တွေ့ပြီး မေးခဲ့ဖူးတဲ့အကြောင်း သူပြောပြတော့ တအံ့တသြနဲ့ နားထောင်ခဲ့ရတယ်။ “ကျွန်တော်ဗျာ အယ်ဒီတာချုပ်ကို ၀င်တွေ့ပြီးမေးပြီးမှ ကိုယ်လုပ်တာ ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးပြီး စိုးရိမ်နေမိသေးတယ်။ တစ်ဖက်ကလည်း အယ်ဒီတာချုပ် ဘယ်လိုပြန်ဖြေမလဲဆိုတာ သိချင်နေမိတယ်။ သူပြောတာလက်ခံနိုင်ရင် လက်ခံမယ်။ လက်မခံနိုင်ရင် ဘယ်လိုပြန်ပြောဦးမယ်လို့လည်း ဆုံးဖြတ်ထားတာ။ အယ်ဒီတာချုပ်က ဘယ်လိုဖြေသလဲသိလား။ ကိုကံချွန်လေးတဲ့။ ကျွန်တော့်ကို သူ့ရှေ့က ကုလားထိုင်မှာ ထိုင်ခိုင်းပြီး စိတ်ရှည်လက်ရှည် ရှင်းပြတယ်ဗျ။ ကိုကံချွန်လေးဆောင်းပါးက ကောင်းပါတယ်။ သုံးဖို့လည်း ရည်ရွယ်ထားပြီးသားပါ။ ဒါပေမယ့် လူထုဦးလှဆီက ရောက်လာတော့ ကိုကံချွန်လေးစာမူမသုံးဘဲ ဦးလှဆောင်းပါးကိုပဲ သုံးလိုက်ရတယ်။ ကိုကံချွန်လေးမှာ ပရိသတ်ရှိပါတယ်။ အနည်းဆုံး ပရိသတ်ငါးထောင်လောက်ရှိမှာပေါ့။ ဒါပေမယ့် လူထုဦးလှက ပရိသတ်ငါးသောင်းခြောက်သောင်းလောက်ရှိလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ စေတနာချင်းတူရင် ပရိသတ်ပိုပြီး ပျံ့နှံ့နိုင်မယ့် စာရေးဆရာကိုပဲ ရွေးရတယ်။ ဒါကြောင့် ကိုကံချွန်လေးစာမူကို မသုံးဘဲ လူထုဦးလှ စာမူသုံးရတာ နားလည်ပေးပါဗျာတဲ့ဗျ” [စာမျက်နှာ-၃၈၊ သိုက်ထွန်းသက်၊ ‘စာရေးဆရာ ကာတွန်းဆရာ ပန်းချီဆရာ ကံချွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အလွမ်းပြေ’]

Saturday, August 27, 2011

အင်တာဗျူးတစ်ခုလုပ်မယ်ဆိုရင် …..

အင်တာဗျူးတစ်ခုလုပ်တဲ့နေရာမှာ ဘာတွေလိုအပ်လဲ ဘယ်လိုလုပ်သင့်လဲဆိုတာကို လက်ရှိစာတွေရေးနေတဲ့ အစ်ကိုတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တာလေးကို လေ့လာလို့ရအောင် ပြန်ရေးလိုက်တာပါ …..

အင်တာဗျူးတစ်ခုလုပ်တော့မယ်ဆို …. အဓိကကတော့ ကိုယ်အင်တာဗျူးလုပ်မယ့်လူကို အဓိက မေးချင်တဲ့ Topic နဲ့ပတ်သက်တဲ့အချက်အလက်တွေ ကြိုစုံစမ်းထားဖို့လိုပါတယ်။ သူ့ကိုမမေးခင် သူ့အကြောင်းကြိုသိထားရင် ပိုကောင်းပါတယ်။


တစ်ခါတစ်ခါ သူ့ဆီက ကိုယ်မေးတဲ့အကြောင်းအရာကို ကိုယ်က သိပ်မကျွမ်းကျင်ရင် သူပြောသမျှနားထောင်နေလိုက်ရတာမျိုး ဖြစ်တတ်တယ်။ ကြိုသိထားတော့ အရင်ကတည်းက မေးစရာအကွက်တွေ ကိုယ့်မှာကြိုရှိနေတတ်တယ်။

တစ်ခါတုန်းက ပညာနဲ့ပတ်သက်တဲ့အင်တာဗျူးတစ်ခုလုပ်ဖူးတယ်။ အဲဒီတုန်းကတော့ ပညာနဲ့ပတ်သက်တာတွေကို အကုန်လေ့လာလိုက်ရတယ်။  ပြီးတော့မှ အချက်လေးတွေချရေးတယ်။ အဲဒီတုန်းကတော့ ပညာရေးကို ကိုယ်ပုံဖော်ထားတဲ့လမ်းကြောင်းထဲကပဲ ဆရာတွေကို မေးလိုက်တယ်။ တစ်ခါတစ်လေ သူဖြေတတ်တဲ့အဖြေမျိုးကို ကြိုက်လို့ တမင်ဖြေစေချင်လို့ ပို့ပြီးမေးရတာမျိုးလည်းရှိတတ်တယ်။

Friday, August 26, 2011

ချောက်ခြားခဲ့ရတဲ့ ပြင်ဦးလွင်ရဲ့ ညတစ်ည

ရုတ်တရက် သည်းသည်းမည်းမည်း ရွာချလိုက်တဲ့ ရန်ကုန်မိုးကြောင့် သူမတစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတယ်။ တကယ်တမ်း သူမ မိုးမစိုချင်ပါဘူး။ ညဘက်ကားနဲ့ ပြင်ဦးလွင်ကို ခရီးသွားရဦးမှာကြောင့်ပေါ့။

ပြင်ဦးလွင်

သူမ ဒီမှာ အလုပ်ဝင်တာ ၁ လ ပင် မပြည့်သေးပဲ အလုပ်ဝင်ပြီး ၁ ပတ်အတွင်း ဧရာဝတီတိုင်းဘက်ကို သွားခဲ့ရတယ်။ ခရီးလမ်းက ကြမ်းပြီး အလုပ်ပင်ပန်းတဲ့ အရှိန်ကြောင့် သူမနေမကောင်းဖြစ်ပေမယ့် ပြန်လာပြီး ၂ ရက်အတွင်း အနားမယူမဖြစ်ပဲ အခုပြင်ဦးလွင်ကို တက်ရဦးမယ်။ သူမရဲ့ ရာထူးတာဝန်က ကြီးလှသည်မို့ သူမတာဝန်ကို ကျေပွန်အောင်တော့ ဆောင်ရွက်ချင်သည်။

မိုးစိုသွားပြီမို့ ရုံးကိုအရောက်ပြန်ကာ ညနေခရီးသွားမယ့် ကျောပိုးအိတ်ထဲက အ၀တ်တစ်စုံထုတ်လဲပြီး ကော်ဖီပူပူ ၁ ခွက်နဲ့ ဒီကိုဂျင်လ် ၁ လုံး သောက်လိုက်တယ်။

ညဘက်ခရီးစထွက်တော့ သူမ ကိုယ်ပူနေတာကို သတိထားမိတယ်။ တစ်လမ်းလုံး သူမ ကိုယ်အပူချိန်တက်ပြီး ဖျားတော့တယ်။ မနက်စောစော ပြင်ဦးလွင်ကားကြီးကွင်းကိုရောက်တော့ ရန်ကုန်ရုံးက စီစဉ်ပြီး booking လုပ်ထားပေးတဲ့ ဟိုတယ်ဆီ taxi နဲ့သွားလိုက်တယ်။

ဘေးက ကွင်းပြင်ကျယ်ကြီးတွေကြားထဲက ခြံဝင်းအကျယ်ကြီးထဲမှာ ၂ခန်းတွဲ ဘန်ဂလိုလေးတွေက တဘက်၊ ၃ ထပ်အဆောက်အဦးကြီးက ၁ ဘက်နဲ့ အလယ်မှာ ပန်းတွေနဲ့ အတော်လေးလှတဲ့ ဟိုတယ်ကိုမြင်လိုက်ရတဲ့ခဏအတွင်း လန်းဆန်းသွားခဲ့တယ်။

Thursday, August 25, 2011

ဘယ်သူ ပိုခံစားရသလဲ ... ?

အရင်က ဆရာတစ်ယောက်ပြောခဲ့ဖူးတာကို ပြန်သတိရလာလို့ပါ။

၂၀၀၆-ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျွန်တော် အလုပ်ဝင်ခဲ့တဲ့ ပထမဦးဆုံး NGO ရဲ့ Project (မန္တလေးနဲ့မူဆယ်) မှာ PM (Project Manager) အပါအ၀င် Team member ၃၅ ယောာက်ရှိခဲ့တယ်။ မန္တလေးက ၂၀၊ မူဆယ်က ၁၅ယောက်။ PM က Team တစ်ခုလုံးကို မိသားစုပုံစံနဲ့ပဲ လုပ်ကိုင်နေထိုင်တယ်။ ဆရာက ဗုဒ္ဒဘာသာဝင်ဖြစ်ပေမယ့် တပည့်တွေအားလုံးကို လက်ဆောင်ပေးရင် သက်ဆိုင်ရာဘာသာဝင်အလိုက် ဘာသာရေးစာအုပ်လေးတွေကိုပဲ ပေးတတ်တယ်။ ကျွန်တော့်ကိုပေးမယ်ဆိုရင် သမီးဆီမှာ မရှိသေးတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်ကိုပြောဆိုပြီး ၀ယ်ပြီးလက်ဆောင်ပေးလေ့ရှိတယ်။

တပည့်တွေကိုလည်း အမြဲတမ်း ကိုယ့်သားသမီးလိုသဘောထားပြီး ပြောဆိုဆုံးမလေ့ရှိတယ်။ ကျွန်တော်တို့မန္တလေးteam မူဆယ်သွားတော့လည်း မူဆယ်Team က လိုလေသေးမရှိဧည့်ဝတ်ကျေပြီးကူညီပေးတယ်။ PM ကလည်း သားသမီးတွေလိုသဘောထားပြီး စီမံကွက်ကဲတော့ တစ်ယောက်နဲ့တစ်ယောက်က မောင်နှမတွေလို ချစ်ခင်ရင်းနှီးသွားကြတယ်။

မူဆယ် Team မန္တလေးလာတော့လည်း ကျွန်တော်တို့မန္တလေးကလူတွေက ရုံးဆင်းချိန်ရောက်ရင် သူတို့ကို မန္တလေးမြို့ထဲ သူတို့မရောက်ဖူး၊ မသွားဖူးသေးတဲ့နေရာမှန်သမျှလိုက်ပို့ပေးကြနဲ့ တအားကို ခင်မင်သွားကြတယ်။ မူဆယ်အဖွဲ့ ပြန်မယ့်နေ့မှာ PM နဲ့ဆုံပြီး Discuss လုပ်ကြတယ်။ discussion လည်းပြီးရော ဆရာက ထုံးစံအတိုင်း ဆုံးမစကားတွေပြောတယ်။ အခုလို မိသားစုပုံစံနဲ့ စည်းလုံးမှုရှိတာကို ၀မ်းသာကြောင်းပြောတယ်။ ပြီးတော့ အားလုံးကို မေးခွန်းတစ်ခုမေးတယ်။ (ဆရာအကျင့်က မေးခွန်းတစ်ခုကို အားလုံးဖြေစေတယ်။ မဖြေရင် မဖြေသေးတဲ့လူကို အဖြေရတဲ့အထိစောင့်ပေးတတ်တယ်။) အဲဒီမေးခွန်းကတော့ 'ထွက်သွားတဲ့သူနဲ့ ကျန်နေခဲ့တဲ့သူ ဘယ်သူ ပိုခံစားရသလဲ'တဲ့။

Tuesday, August 23, 2011

MMSY + IYS စုပေါင်းဝါဖြေပွဲအမှတ်တရ

MMSY နဲ့ IYS အတူတူပေါင်းစုပြီး စုပေါင်းဝါဖြေပွဲလုပ်မယ်ဆိုတော့ ၀ါဖြေပွဲမတိုင်ခင် တစ်ပတ်လောက်အလိုကတည်းက စီစဉ်တာတွေ လုပ်ကြရတော့တယ်။ ပါဝင်တက်ရောက်ကြမယ့်လူဦးရေ ခန့်မှန်း(၅၀)၀န်းကျင်လို့တွက်ယူပြီး တိုင်ပင်ကြတယ်။

အဲလိုစီစဉ်ပြီးတဲ့နောက် ၀ါဖြေပွဲမတိုင်ခင် တစ်ရက်မှာ MMSY က မိသားစုဝင် ၄၀-ကျော်ပါဝင်မယ်လို့သိရတာကြောင့် IYS က မန်ဘာ ခန့်မှန်းတော့ သိပ်မများဘူးလို့သိရတာကြောင့် မိသားစုဝင် ၆၀-လောက်ပါဝင်ကြမယ်လို့ ခန့်မှန်းပြီး လူဦးရေ(၇၀)လောက် ပါဝင်မယ့် ၀ါဖြေပွဲလေးအတွက် ပါဝင်လုပ်အားပေးကြမယ်ဆိုတဲ့ မောင်နှမတွေစုပြီး တာဝန်တွေ ခွဲဝေယူကြတယ်။ Online က တစ်ခြား မွတ်စလင်မ်ဆိုက်တချို့ နဲ့ အခြားသူတစ်ချို့ကိုလည်း ဖိတ်ဖို့စီစဉ်ခဲ့ကြတယ်။ MFG, UOI တို့က Admin team နဲ့ YPD, YEDC, Smile Education, အစ္စလာမ့်တံခွန် တို့ကိုလည်း ဖိတ်ကြားခဲ့တယ်။

ဒီလိုနဲ့ ၀ါဖြေမယ့်နေ့ရောက်တော့ လုပ်အားပေးကြသူတွေ ၃-နာရီမှာ အားလုံးဆုံကြမယ်လို့ ချိန်းထားကြတာကြောင့် ကျွန်တော်ရယ်၊ Rosana ရယ် က ၃-နာရီမတိုင်ခင် ၀ါဖြေပွဲလုပ်မယ့်နေရာရောက်တော့ လှေကားထိပ်မှာ ရပ်စောင့်နေတဲ့ နာရူတိုကိုတွေ့ရတယ်။ အခန်းကိုရောက်တော့ ကိုမြတ်သူအရင်ရောက်နှင့်နေတာ တွေ့ရတယ်။ ခဏနေတော့ ကိုတိမ်မိုးလွင်ရောက်လာပြီးနောက် တစ်ခြား မောင်နှမတွေလည်း အသီးသီးရောက်လာကြတယ်။ အားလုံးလည်း ကိုယ်တာဝန်ယူထားကြရာအပိုင်းကို လုပ်ဆောင်ကြတော့တယ်။ ၄-နာရီလောက်ရောက်တော့ ကိုဝင်းဇော်လည်း Projector သယ်ပြီး ရောက်လာတာနဲ့ projector ဆင်ပြီး presentation လုပ်မယ့် powerpoint တွေကို စမ်းသပ်ကြတယ်။

ဘ၀ဆိုတာ






Saturday, August 20, 2011

တာဝန်နဲ့ဝတ္တရား

ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘ၀ထဲမှာ အမြဲကြားနေရတဲ့ စကားတစ်ခုရှိတယ်။ အဲဒါကတော့ တာဝန်ဝတ္တရားဆိုတာတဲ့စကားလေးပါပဲ။

“ငါကတော့ကွာ တာဝန်အရလုပ်လိုက်တာပဲ၊ ငါကတော့ ၀တ္တရားရှိလို့ လုပ်ပေးလိုက်ရတယ်”ဆိုတာကို ပတ်ဝန်းကျင်မှာ ခဏခဏကြားနေရတယ်။  ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာ တစ်ခု ရှိလာပါတယ်။ တာဝန် …. တာဝန်ဆိုတာဘာလဲ။ ၀တ္တရားဆိုတာကရောဘာလဲ။

[အဲဒါကို အင်္ဂလိပ်စာမှာ ဘယ်လိုသုံးထားလဲလို့ မြန်မာအဘိဓါန်မှာ ကျွန်တော်ရှာကြည့်တော့ တာဝန်ဆိုတာရော ၀တ္တရားဆိုတာရော (၂)ခုလုံးကို duty, responsibility လို့သုံးထားတာတွေ့ရတယ်။ အင်္ဂလိပ်စာလုံးကတော့ ရှင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာစာ မြန်မာစကားမှာ အသုံးအနှုန်းကျတော့
နည်းနည်းလေးကွာခြားနေတယ်။] ကျွန်တော် လေ့လာသုံးသပ်မိသလောက် တာဝန်နဲ့ဝတ္တရားဆိုတာလေးကို နားလည်သလိုပြောပြချင်ပါတယ်။

တာဝန်ဆိုတာက မဖြစ်မနေ လုပ်ဆောင်ဖို့ ကိုယ့်ကိုသူများက ပေးအပ်လာတဲ့လုပ်ငန်းကိစ္စရပ်ကို ကျေနပ်စွာလက်ခံလိုက်ရတာမျိုးရှိသလို ကိုယ်တိုင်လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့လုပ်ငန်းကိစ္စရပ်လည်း ရှိပါတယ်။ အဲဒီတော့ တာဝန်ဆိုတာ ကိုယ်စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ မဖြစ်မနေ လုပ်ကိုလုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။  (ကိုယ်တိုင်ယူချင်လို့ ယူလိုက်ကြတဲ့ တာဝန်ဆိုတာတွေလည်းရှိပါတယ်။ ကိုယ်တိုင်တာဝန်မယူနိုင်လို့၊ မယူချင်လို့ ငြင်းဆန်လိုရင်လည်း ငြင်းနိုင်တာမျိုးရှိပါတယ်။ ကိုယ်တိုင်တာဝန်မယူနိုင်တဲ့ကိစ္စရပ်တွေကို လက်မခံပဲ ငြင်းဆန်သင့်ပါတယ်။)

ဝါသနာနဲ့ အားမလိုအားမရမှုတွေကြောင့် မြန်မာစာကို လေ့လာဖြစ်သူ ကိုသန်းမင်းထိုက် (Ph.D Candidate) Part-2

ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာအထူးပြု ပါရဂူဘွဲ့(Ph.D) တက်ရောက်နေတဲ့ ဂုဏ်ယူဖွယ် ထူးချွန်မွတ်စလင်မ် လူငယ်တစ်ဦးဖြစ်တဲ့ ကိုသန်းမင်းထိုက် ကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ 

အပိုင်း(၁)ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ကိုသန်းမင်းထိုက်ဟာ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာအထူးပြု ပါရဂူဘွဲ့(Ph.D) တက်ရောက်နေတဲ့ ဂုဏ်ယူဖွယ် ထူးချွန်မွတ်စလင်မ် လူငယ်တစ်ဦးပဲဖြစ်ပါတယ်။

အပိုင်း(၂)
ကိုသန်းမင်းထိုက်နှင့် အင်တာဗျူးမှတ်တမ်း

အရင်က စကားဝိုင်းလေး ပြန်ဆက်လိုက်ရအောင် အစ်ကို။
ဟုတ်ကဲ့ ။ဒါနဲ့ ကျွန်တော် နောက်ပိုင်း ကျူရှင်သင်တာလည်း သိပ်ဝင်ငွေမကောင်းတော့ အလုပ်တစ်ခု လုပ်မယ် စိတ်ကူးတယ်။ ကျောင်းစရိတ်ကလည်း ရှာရသေးတာကိုး။ ဒါနဲ့ သူငယ်ချင်းတွေကိုလည်း ပြောဖြစ်တယ်။ အင်မရာန်းဘိုင်က ကျွန်တော့်ကိုပြောတယ်။ “ခင်ဗျားကိုကျွန်တော် စာပေအလုပ်ကလွဲလို့ တခြားအလုပ်လုပ်နေတာ မမြင်ချင်ဘူး”တဲ့။ အင်မရားန်ဘိုင်ဆိုတာ ကဗျာဆရာလှိုင်းဖြူ။ သူလည်း ကဗျာရေးကောင်းတယ်။ နောက်တစ်နေ့ကျ အင်မရာန်းဘိုင်က သန်းမင်းထိုက် အလုပ်ရပြီလို့ပြောတယ်။ ဘယ်မှာလဲဆိုတော့ အစ္စလာမ့်တံခွန်မှာလို့ပြောတယ်။ အစ္စလာမ့်တံခွန်က “အလ်ဟစ်က်မဟ်”နာမည်နဲ့ စာအုပ်ထုတ်ထားတာရှိတယ်။ ပထမတစ်အုပ် ထွက်ပြီးပြီ။ တစ်အုပ်ထဲနဲ့ ရပ်နေတာကြာပြီဆိုတော့ ဆက်ထုတ်ချင်တယ်တဲ့။ အဲဒီမှာ ကျွန်တော့်ကို အယ်ဒီတာလုပ်ပေးဖို့။ အဲဒါ လခပေးမယ်လို့ပြောတယ်။ သူအဲဒီလိုပြောလိုက်တော့ စိတ်ထဲမှာ မကောင်းဘူးဖြစ်သွားတယ်။ မကောင်းဘူးဆိုတာက တစ်ဘက်က သူကိုယ့်ကို ဂရုစိုက်ပြီးတော့ အလုပ်ကိစ္စအတွက်စဉ်းစားပေးတာရယ်၊ နောက်တစ်ခုက ဘာသာရေးနဲ့ပတ်သက်ပြီး ကျွန်တော်အရင်က ခံယူထားတာ ကိုယ့်ဘာသာကိုယ်စီးပွားသပ်သပ်ရှာမယ်။ ဘာသာရေးလုပ်တာ သပ်သပ်လုပ်မယ်။ လခယူပြီး ဘာသာရေုးလုပ်ရမယ်ဆိုတာကို စိတ်ထဲမှာတစ်မျိုးတော့ဖြစ်တယ်။ သူကတော့ပြောတယ် ဘာမှမပူပါနဲ့။ နှစ်ဘက်စလုံးအတွက် အဆင်ပြေသွားတာပေါ့တဲ့။ အဲဒါနဲ့ အယ်ဒီတာလုပ်ပြီး သူနဲ့စာအုပ်တွေ ဆက်တိုက်စီစဉ်ပြီး လက်တွဲလုပ်ဖြစ်သွားတယ်။

Wednesday, August 17, 2011

ဝါသနာနဲ့ အားမလိုအားမရမှုတွေကြောင့် မြန်မာစာကို လေ့လာဖြစ်သူ ကိုသန်းမင်းထိုက် (Ph.D Candidate) Part-1

ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာအထူးပြု ပါရဂူဘွဲ့(Ph.D) တက်ရောက်နေတဲ့ ဂုဏ်ယူဖွယ် ထူးချွန်မွတ်စလင်မ် လူငယ်တစ်ဦးဖြစ်တဲ့ ကိုသန်းမင်းထိုက် ကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

အပိုင်း(၁)

စလာမ်ပါ အစ်ကို။
ဝအလိုင်းကွန်းမ်စလာမ်

ထူးချွန်မွတ်စလင်မ်လူငယ်ကဏ္ဍအတွက် အင်တာဗျူးလုပ်မှာဆိုတော့ အမေးဖြေကဏ္ဍလေး စလိုက် ရအောင်နော်။
ဟုတ်ကဲ့။

အစ်ကို့ရဲ့ နာမည်လေးပြောပြပါလား။ မြန်မာနာမည်ရော၊ အာရဗီနာမည်ရောပေါ့။
ဟုတ်ကဲ့ ကျွန်တော့်ရဲ့ မြန်မာနာမည်က သန်းမင်းထိုက်ပါ။ အာရဗီနာမည်ကတော့ မုဟမ္မဒ်ဖိုင်သွလ္လာဟ်။

မွေးရပ်ဇာတိနဲ့ မွေးသက္ကရာဇ်ကရော။
မွေးရပ်ဇာတိကတော့ သာကေတပါပဲ။ မွေးသက္ကရာဇ်က ၂၅-၂- ၁၉၇၇ ပါ။

သန်းမင်းထိုက်ဆိုတာ နာမည်အရင်းပဲလား။ စာတွေရေးတော့ရော။
ဟုတ်ကဲ့ နာမည်ရင်းပါ။ စာရေးတော့လည်း သန်းမင်းထိုက်ဆိုတဲ့နာမည်ကို မြန်မာစာနဲ့တွဲပြီးတော့ သန်းမင်းထိုက်(မြန်မာစာ) ဆိုတဲ့နာမည်နဲ့ ရေးပါတယ်။

မြန်မာစာမေဂျာပေါ့နော်။
ဟုတ်ကဲ့ မြန်မာစာမေဂျာပါ။

Wednesday, August 10, 2011

ပန်းတစ်ပွင့်ရဲ့ကဗျာစု

"နေ့လေးတစ်နေ့"

သူနဲ့စတွေ့လာ ပြုံးပျော်ကာ
စကားများစွာ ပြောကာဖြင့်
ဝမ်းသာမှုလေး စသောနေ့ . . . . . . . .
သူ စကားမပြော နေသောအခါ
ပြန်လည်ခွဲခွာ ဝေးကွာခဲ့ရ
ရင်မှာခံစားရသော နေ့တစ်နေ့ . . . . . . ။


x x x x x

"အချစ်ဆိုတာ"

Monday, August 08, 2011

ဘ၀တစ်ကွေ့ ကြုံခဲ့ရ တစ်နေ့တာ (၅)

ကျွန်မခရီးတစ်ခုသွားရမယ်။ ကမ်းခြေတစ်လျှောက် ရွာ(၁၀)ရွာမှာရှိတဲ့ စေတနာ့ဝန်ထမ်းလေးတွေကို သင်တန်းသွားပေးရမယ်။ သင်တန်းက အခြေခံကျန်းမာရေးနဲ့ပတ်သတ်တာတွေလည်းပါတော့ ရုံးက ဆရာဝန်ဒေါက်တာညီမလေးနဲ့အတူတူ ရန်ကုန်ကနေ ချောင်းသာကို မနက်အစောကြီးကားနဲ့ထွက်လာလိုက်တယ်။ ဒေါက်တာညီမလေးက အဲဒီဘက်ကို သွားနေကျမဟုတ်တာကြောင့် ကျွန်မပဲ ဒီခရီးကို ဦးဆောင်ရတော့တယ်။ ချောင်းသာရောက်ပြီးရင် ကမ်းခြေတစ်လျှောက်က ရွာတွေဘက်ကို ဆိုင်ကယ်နဲ့ခရီးဆက်ရဦးမယ်ဆိုတော့ မိုးမရွာရင်ကောင်းမယ်လို့တွေးမိတယ်။

ချောင်းသာကိုလာကြိုပေးဖို့ ရုံးက ၀န်ထမ်းတွေကိုတော့ ပြောထားတယ်။ ၀န်ထမ်းတွေလို့သာပြောတာ ၀န်ထမ်းက အဲဒီဘက်မှာ (၂)ယောက်ပဲရှိတယ်လေ။ တစ်ယောက်ကလည်း ကျေးရွာက သက်ကြီးရွယ်အိုတွေကို အခြေခံကျန်းမာရေးသင်တန်းပေးနေတဲ့ ရုံးက နောက်ထပ် တစ်ခြားဒေါက်တာနဲ့လိုက်နေရတယ်။ နောက်တစ်ယောက်ကလည်း ကျွန်မတို့ပေးမယ့်သင်တန်းလာတက်မယ့် စေတနာ့ဝန်ထမ်းတွေ လာဖို့ တစ်ခြား(၂)ရွာကဝေးတော့ သီးသန့်သွားခေါ်ရမယ်ဆိုတော့ ကျွန်မတို့ကိုကြိုဖို့ ရွာက စေတနာ့ဝန်ထမ်းကောင်လေးတစ်ယောက်ကို လွှတ်ပေးမယ်လို ၀န်ထမ်းညီမလေးက့ပြောထားတယ်။ ဒါနဲ့ပဲ ‘တော်ပါသေးရဲ့ ငါတို့ချည်းပဲ သက်သက် မသွားရတော့ဘူး။ သိနေပြီးသားသူနဲ့ဆို အဲဒီဘက်လမ်းတွေက တော်သေးတယ်’လို့တွေးလိုက်မိတယ်။


Friday, July 22, 2011

ကျွန်တော့်ရဲ့ ခြေလှမ်းတိုင်းဟာ ပိုမိုတက်ကြွနေချင်တယ် ......

"လိမ့်နေတဲ့ကျောက်တုံး ရေညှိမတင်"ဆိုတဲ့ စကားလေးက တအားမှန်တာပဲ။ ၂၀၀၉-ခုနှစ် စက်တင်ဘာလထဲက တနင်္ဂနွေနေ့တိုင်း အပတ်စဉ်ဆွေးနွေးဝိုင်းကို ကျွန်တော် မသွားဖြစ်ခဲ့တော့ဘူး။ အဲဒီရက်ပိုင်းတွေကတော့ အလုပ်များလို့မသွားဖြစ်ခဲ့ဘူး။ နောက် အောက်တိုဘာလကတည်းက ကျွန်တော်စိတ်တွေတအားညစ်ခဲ့တော့ အပြင်မှာတအားခင်မင်တဲ့ သူငယ်ချင်းတွေနဲ့လည်း စကားမပြောချင်ဘူး။ ဒါကြောင့် ကျွန်တော်အားလုံးနဲ့ ဝေးအောင် ရှောင်နေခဲ့တယ်။ အဲလို ဝေးအောင်နေခဲ့တာဟာ ကျွန်တော့်ကို ပိုမိုအထီးကျန်ဖြစ်စေပြီး ပိုမိုပြီးစိတ်ညစ်စေခဲ့တယ်။ ဒါတောင် တချို့သူငယ်ချင်းတွေနဲ့ ကျွန်တော်အမြဲတမ်း နောက်ပြောင်ပြီးပျော်အောင်နေခဲ့တယ်။ သူတို့ကြာင့် စိတ်ညစ်တာတစ်ချို့ ပျောက်ကွယ်ခဲ့ပါတယ်။ တခြားသူတွေကို အားပေးရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း အားဖြစ်စေမယ့် စာတွေပဲများများဖတ်ပြီး blog တွေတင်ဖြစ်တယ်။

ကိုယ်တိုင်စာရေးဖို့အတွက်ကတော့ စဉ်းစားလိုက် မရေးဖြစ်လိုက်နဲ့ အချိန်တော်တော်ကြာမှ ကိုယ်တိုင်ရေးတစ်ပုဒ်တော့ ရေးဖြစ်လိုက်တယ်။ ၂၀၀၉-စက်တင်ဘာကနေ ၂၀၁၀- ဇန်န၀ါရီလဆန်းအထိ ကျွန်တော့်ရဲ့ စိတ်ဓါတ်တွေဟာ ဟိုးအောက်ဆုံးထိရောက်လုနီးနဲ့ ရပ်တန့်နေခဲ့တာ ၅-လနီးပါး ကြာသွားခဲ့တယ်။ အဲလိုရပ်တန့်သွားခဲ့တဲ့အတွက် ကျွန်တော်ဟာ တစ်ခုခုကို စဉ်းစားဖို့ဆိုရင် တော်တော်နှောင့်နှေးသွားခဲ့တယ်။ ဒါကြောင့် ကျွန်တော်အခုစဉ်းစားမိလာတာက ဘယ်တော့မှရပ်တန့်မနေပဲ အမြဲတမ်းတက်ကြွလန်းဆန်းနေဖို့ လိုအပ်တယ်ဆိုတာကို အလေးအနက် စဉ်းစားမိလာတယ်။

Monday, July 18, 2011

အမျိုးသမီးတို့၏ ဂုဏ်ယူဖွယ်ရာ ဂုဏ်ရည်များ

အစ္စလာမ်သာသနာ မထွန်းကားမီ အာရေဗျနိုင်ငံတွင် အမျိုးသမီးများကို အယုတ်တမာ အနှောက်အယှက်ပြုသူများဟူ၍ သတ်မှတ်ယူဆထားကြသည်။ သမီးမိန်းကလေးများမွေးဖွားလာလျှင်လည်း အရှင်လတ်လတ်သတ်ဖြတ်ခဲ့ကြသည်။ သနားစဖွယ် ငိုကြွေးနေသည့်ကြားမှပင် သနားညှာတာမှုကင်းမဲ့စွာ ရက်ရက်စက်စက် မြေမြှုပ်သတ်ဖြတ်ပစ်ကြသည်။ အချို့ဆိုလျှင် သမီးအရင်း၏သွေးဖြင့် မိမိတို့၏လက်ကို နှစ်ဆေးခဲ့ကြပေသည်။
တမန်တော်မြတ်ကြီး(ဆွ) ပွင့်ပေါ်တော်မူပြီး ဤကဲ့သို့သတ်ဖြတ်မှုများကို ကြားသိ၍ တမန်တော်မြတ်ကြီးသည် များစွာစိတ်နှလုံး မသာမယာဖြစ်စွာ ငိုကြွေးတော်မူခဲ့လေသည်။ တမန်တော်မြတ်ကြီးက သမီးငယ်များကို မုန်းတီးခြင်းနှင့် သတ်ဖြတ်ခြင်းကို တားမြစ်တော်မူခဲ့သည်။ မိမိရင်သွေးများကို သတ်ဖြတ်သည့်အလေ့အထကို တမန်တော်မြတ်ကြီး(ဆွ)သည် ကုရ်အာန်ကျမ်းတော်မြတ်လာ တရားတော်များ၊ စာရိတ္တပြုပြင်ရေး သြ၀ါဒတော်များ၊ လက်တွေ့ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့၍ သမီးငယ်များကို သတ်ဖြတ်သည့်အစဉ်အလာ ပပျောက်သွားလေသည်။

အမျိုးသမီးငယ်များကို ယုယကြင်နာစွာ မွေးမြူစောင့်ရှောက်ရန်အတွက် တမန်တော်မြတ်ကြီး၏ မိန့်မှာချက်မှာ “အကြင်သူသည် သမီးငယ်နှစ်ယောက်တို့အား အရွယ်ရောက်ကြီးပြင်းသည့်တိုင်အောင် ထိန်းသိမ်းမွေးမြူခဲ့အံ့။ ထိုသူသည် ဤလက်ချောင်းများပူးကပ်နီးစပ်လျက်ရှိသည့်ပမာပင် ကိယာမသ်နေ့၌ ငါနှင့်နီးကပ်စွာ နေရပေအံ့”ဟုဆို၍ မိမိ၏လက်ချောင်းများကို ပူးကပ်၍ပြတော်မူခဲ့၏။

နောက်ထပ်မိန့်မှာချက်တစ်ရပ်မှာလည်း “အကြင်သူ၌ သမီးငယ်ရှိ၍ အသက်ရှင်စွာထားရှိအံ့၊ ထိုသမီးငယ်ကို နှိမ်ချခြင်းမပြုအံ့၊ ထိုသမီးငယ်ထက် သားယောက်ျားလေးကို ဦးစားပေးခြင်းမပြုအံ့၊ ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဂျန္နသ်သုခဘုံသို့ ၀င်ရောက်စံမြန်းစေတော်မူပေအံ့။”ဟုလည်း မိန့်မှာခဲ့လေသည်။

တမန်တော်မြတ်ကြီးကိုယ်တိုင်လည်း သမီးငယ်လေးများကို ယုယကြင်နာစွာနှင့် ချစ်ခင်စွာ ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့လေသည်။
ကမ္ဘာလောက၏ လူ့အဖွဲ့အစည်းကိုကြည့်ပါက အမျိုးသမီးငယ်များကြီးပြင်းလာရာမှ မိခင်များဖြစ်လာလေသည်။ အမျိုးသားနှင့်အမျိုးသမီးတို့သည် အသက်တစ်ခုတည်းမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက်မှ အမျိုးသား အမျိုးသမီးတို့ များပြားလာခြင်းဖြစ်ပေသည်။

Friday, July 01, 2011

ဘ၀တစ်ကွေ့ ဆုံခဲ့ရ တစ်နေ့တာ (၄)

ဒီနေ့မနက်အစောကြီး ခရီးတစ်ခုသွားလိုက်ရတယ်။ ရန်ကုန်ဘက် ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဒလဆိပ်ကမ်းဘက်ကို သင်္ဘောနဲ့ကူးလိုက်တယ်။ ဒလဆိပ်ကမ်းရောက်တော့ ကားနဲ့ဖျာပုံကို ခရီးဆက်လိုက်တယ်။ ဖျာပုံကိုရောက်တော့ လာကြိုမယ့်သူက မရောက်သေးဘူး။ ပုံမှန် ရောက်ရမယ့်အချိန်ထက် အလွန်ကိုစောပြီးရောက်သွားတယ်။ ကားဆရာတွေ ကားမောင်းပုံများ လွန်တယ်။ (အသက်ကို ဖက်နဲ့ထုတ်ထားရတယ်ဆိုတာ လက်တွေ့ကြုံလိုက်ရမှ သေချာနားလည်လာသလိုပဲ။)

မနက်အစောကြီးကတည်းက အိမ်ကထွက်လာလိုက်တော့ ဗိုက်ကလည်း ဆန္ဒပြနေတယ်။ ဒါနဲ့ အနီးဆုံး လ္ဘက်ရည်ဆိုင်ကိုဝင်ပြီး လ္လက်ရည်တစ်ခွက်နဲ့မုန့်စားရင်း လာကြိုမယ့်ဝန်ထမ်းကိုဖုန်းဆက်လိုက်ရတယ်။ ခဏနေတော့ သူတို့ရောက်လာကြတယ်။ ဒီတော့ သွားစရာရှိတဲ့နေရာဆက်သွားလိုက်တယ်။ နေ့လည်ပိုင်းမှာ ဖျာပုံကနေပြန်လာခဲ့တယ်။ ပြန်လာတဲ့လမ်းတစ်လျှောက်လုံး မိုးကရွာလာလိုက်(ကားမှန်က ပိတ်မရတော့ လူကိုရွဲလိုက်) မိုးတိတ်လိုက်(လေနဲ့ စိုနေတာတွေ ခြောက်သွားလိုက်)၊ နေပူလိုက်(လူကို အကင်လုပ်သလိုခံစားရလိုက်)နဲ့ လကမ္ဘာပေါ်ကိုရောက်များသွားသလားလို့ထင်လိုက်မိတယ်။

Thursday, June 16, 2011

နေနဲ့လ ပုံပြင်


အများတင်စား နေနဲ့လဟာ
ဘာဆိုလိုမှန်း ကိုယ်မတွေးမိ
ကိုယ်ပြောနေတဲ့ နေနဲ့လဟာ
မင်းနဲ့ကိုယ့်ကို ရည်ညွှန်းတာပါ … ။

မင်းဟာနေမင်း ကိုယ့်ရဲ့မျှော်လင့်ခြင်းပါပဲ
ကမ္ဘာကြီးအတွက် မရှိမဖြစ်တဲ့ နေမင်းဟာ
တစ်ခါတစ်လေမှာ ပူပြင်းလွန်းလို့
သက်ရှိအားလုံး နွမ်းနယ်ကြသတဲ့ … ။

Thursday, June 09, 2011

တစ္ဆေတစ်ကောင်ရဲ့ ခြောက်လှန့်မှု

"တစ္ဆေတစ်ကောင်ရဲ့ ခြောက်လှန့်မှု"


ငါ့ရဲ့ အိပ်မက် မျှော်လင့်ချက်
ငါတို့အတွက်လို့  .....
စိတ်မှာစွဲမှတ်ထားပြီး .....ကြိုးစားခဲ့ ..... ။

အဲဒီ ... စိတ်ကူးအိပ်မက်တွေ
နင် .... ရိုက်ချိုးခဲ့ရက်တယ် ..... ။

Sunday, May 29, 2011

ဘ၀တစ်ကွေ့ ဆုံခဲ့ရ တစ်နေ့တာ (၃)


မျောက်အမျိုးသားနဲ့ မျောက်အမျိုးသမီးလေး

တိုင်းရင်းသားရွာလေးတစ်ရွာမှာပေါ့ ..... တစ်နေ့တော့ မျောက်လေး ၂-ကောင် ရခိုင်ရိုးမဘက်ကနေ ရွာထဲကို မျက်စိလည်ပြီး ရောက်လာပါသတဲ့။ အဲဒီ မျောက်လေး ၂-ကောင်(အထီးတစ်ကောင် အမတစ်ကောင်)ကို ရွာထဲက လူငယ်တစ်ယောက်ကဖမ်းထားလိုက်တယ်ပေါ့။ သူကလည်း အိမ်ရှေ့မှာ ကြိုးချည်ပြီး ထားထားလိုက်တယ်တဲ့။ အဲဒီအချိန်မှာပဲ အိမ်ရှေ့ကဖြတ်သွားတဲ့ ကရင်အမျိုးသမီးတစ်ယောက်က မျောက်လေးတွေကို ကြည့်ပြီး သူက မျောက်လေးတွေက အထီးတစ်ကောင် အမတစ်ကောင်ဆိုတာကို ပြောချင်တယ်။ ဒါပေမယ့် အထီးအမကို သူဘယ်လိုပြောရမှန်းမသိဘူးဖြစ်နေတယ်။ ဒါနဲ့ ခဏနေတော့ သူပြောလိုက်တာက "ဟယ် ... မျောက်အမျိုးသားနဲ့ မျောက်အမျိုးသမီးလေးတော့" တဲ့ ..........

လူလိုစား ....

တစ်နေ့တော့ ရွာထဲကို မြို့က ဧည့်သည်တစ်ယောက် ရောက်လာတယ်။ ရွာရဲ့ထုံးစံအတိုင်း ဧည့်သည်လာရင် တအားဧည့်ဝတ်ကျေချင်ကြတယ်လေ။ ဒါနဲ့ ဧည့်သည်ကို ထမင်းစားဖိတ်ပြီး ထမင်းကျွေးတာပေါ့။ ဧည့်သည်ကလည်း အိမ်ရှင်တွေကျေနပ်အောင် စားတာပေါ့။ ဧည့်သည်ထမင်းစားနေတာကိုမြင်ရတဲ့ အိမ်ရှင်ရွာသားက အားမရဘူး။ ရွာမှာစားတဲ့ပုံစံနဲ့ မြို့သားစားနေတဲ့ပုံစံကို အားမရဘူးလေ .... ဒါနဲ့ သူက အားမနာနဲ့ အားရပါးရစား၊ ကိုယ့်အိမ်လို သဘောထားပြီးစား လို့ပြောချင်တယ် ... ဒါပေမယ့် မြန်မာလို ရေလည်အောင် မပြောတတ်ဘူးဖြစ်နေတယ်။ ဒါနဲ့ သူက ဘယ်လိုပြောရမလဲ စဉ်းစားတယ်။ နောက်ဆုံးတော့ သူ အားတင်းပြီးပြောချလိုက်တယ် 'ဧည့်သည် စားစား .... လူလိုစား' တဲ့ .... ဧည့်သည်ခမျာမှာ ... ပါးစပ်ထဲဝင်ခါနီး ထမင်းလုတ် လက်ထဲက ပြုတ်ကျသွားပါလေရော .....

Friday, May 20, 2011

ဘ၀တစ်ကွေ့ ဆုံခဲ့ရ တစ်နေ့တာ (၂)

ကျွန်မ ချောင်းသာရွာကိုရောက်တော့ ကမ်းခြေမှာ အုန်းရည်သောက်ရင်း၊ ငေးရင်းနဲ့ … အုန်းသီးရောင်းတဲ့အဒေါ်နဲ့ စကားလေးတွေ ပြောဖြစ်ခဲ့တယ်။

သူက ကျွန်မကိုမေးတယ် ‘သမီးက ဘယ်ကလာတာလဲ’ ကျွန်မက ‘ရန်ကုန်ကပါ၊ အဒေါ်ကရော ဒီချောင်းသာ ဇာတိပဲလား’ ‘မဟုတ်ဘူး အဒေါ်က ပုသိမ်ဇာတိ၊ ဒီမှာ ယောက္ခတွေက အရင်က စားသောက်ဆိုင်လေးရှိတော့ လိုက်လာနေရင်း ဒီမှာနေဖြစ်သွားတာ၊ အခုတော့ ဆိုင်လည်းမရှိတော့ပါဘူး။ စီးပွားရေးလုပ်ရတာလည်း အရင်လို မကောင်းတော့ဘူး’ ‘သြော် … ဟုတ်လား။ ဘယ်လို မကောင်းတော့တာလဲအဒေါ်’ ‘အရင်ကဆို ဘာမှ သိပ်ဈေးမကြီးဘူး၊ အခုက အစစအရာရာ ဈေးကြီးနေတယ်။ ပြီးတော့ ဒီမှာက ဒီလိုရာသီပဲ အလုပ်ဖြစ်တာလေ။ ဧည့်ကျတဲ့အချိန်ပေါ့ ဒီလိုရာသီက၊ မိုးတွင်းဆို ဘာစီးပွားရေးမှမရှိဘူး။ ထိုင်စားနေရတာ။’

‘သြော် ….. ဘယ်အချိန်တွေမှာ ဒီကမ်းခြေမှာ ဧည့်ကျတတ်တာလဲ’ ‘အခုလို ကျောင်းက စာမေးပွဲတွေ ပြီးတဲ့အချိန်ကနေ သင်္ကြန်ပြီးလောက်ထိပေါ့။ ပြီးရင် မိုးတွင်းကာလ ဘာမှ မရှိတော့ဘူး။ နောက် ဆောင်းတွင်းကုန်ခါနီး နိုဝင်ဘာလောက်နဲ့ ခရစ်စမတ်နဲ့ နယူးရီးယားမှာတော့ လူများတယ်။ အဲလို အချိန်ဆို ဒီမှာ အားလုံးက ဈေးကြီးသွားပြီ။ တည်းခိုတဲ့ ဟိုတယ်တွေဆိုလည်း အနိမ့်ဆုံးအခန်း ၃၅၀၀၀ ဆိုတာ အနည်းဆုံးပဲ။ တည်းခိုခန်း လေးတွေတော့ရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း ဈေးများပြီလေ။ ဒီအချိန်ဆို အားလုံးက ဈေးတက်ကုန်ပြီ။’ ‘အင်း … ဟုတ်မယ်နော် …. ကျွန်မ အရင်ကလာရင် တည်းနေကျ ဟိုတယ်တောင် အရင်ကဆို ကျွန်မကို ဈေးလျှော့ပေးတယ်။ အခုဆို လုံးဝ မလျှော့နိုင်လို့ပါတဲ့ မလျှော့ပေးဘူး။ ဒါကြောင့် ကျွန်မတောင် အဲဒီမှာ မတည်းနိုင်တော့ဘူး။’

Tuesday, May 10, 2011

ဘ၀တစ်ကွေ့ ဆုံခဲ့ရ တစ်နေ့တာ (၁)

ချောင်းသာရွာလေးကို ရောက်သွားတော့ ကျွန်မ ဘာလုပ်ရမှန်းမသိ ယောင်ချာချာဖြစ်နေတယ်။ ကျွန်မ နောက်ထပ် (၇)ရက်တောင် ချောင်းသာမှာ တစ်ယောက်တည်း ဆက်နေရမယ့်အကြောင်း တွေးပြီးလည်း စိတ်က မကြည်မလင်ဖြစ်နေတယ်။ ဒီထဲ လျှပ်စစ်မီးကလည်း ဟိုတယ်တွေတလှည့်၊ တည်းခိုခန်းတွေတလှည့်၊ ရွာထဲတလှည့်ပေးတော့ ၃-ရက်နေမှ ၁-ရက်လာတယ်။ လာတဲ့ ၁-ရက်ကလည်း အချိန်ပိုင်းနဲ့ဆိုတော့ ညနေ ၆-နာရီက ည ၁၁-နာရီထိပဲ မီးစက်ဖွင့်ကြတယ်။ ညဘက်မှ မီးလာတော့ ကွန်ပျူတာသုံးဖို့ကလည်း ညပိုင်းအချိန်ခဏပဲရတယ်။ အလုပ်ကိစ္စစာလည်းရေးမရ၊ ကျွန်မရေးချင်တဲ့စာတွေလည်း ရေးလို့မရ။

ကျွန်မနေနေတဲ့နေရာကလည်း ရာသီဥတုတော်တော်လေးပူတာကြောင့် ကျွန်မလည်း ရာသီဥတုအေးရာအေးကြောင်းဖြစ်စေမှာရယ် စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ရယ် ကမ်းခြေဘက်ကို ဆင်းခဲ့လိုက်တယ်။ ကမ်းခြေရောက်တော့ လူတွေအများကြီးတွေ့ရတယ်။ အခါတိုင်း ကျွန်မ ချောင်းသာရောက်ရင် ‘ဧည့်သည်ချိန်မဟုတ်လို့ လူလာတာနည်းတယ်လို့’ မြို့ခံတွေရဲ့ ပြောစကားအမြဲကြားနေရတာ။ ဒီလူတွေကို မြင်လိုက်ရတော့ သြော် … ဒီအချိန်က ဧည့်ကျတဲ့အချိန်ဖြစ်မယ်လို့ တွေးလိုက်မိတယ်။

ကျွန်မလည်း ရေစပ်ဘက်ကိုဆင်း ကမ်းခြေတလျောက်လမ်းလျှောက်ပြီး ခဏနေတော့ အုန်းသီးလေးတွေအစီအရီ ချထားတဲ့ အုန်းရည်ဆိုင်လေးမှာ ၀င်ထိုင် အုန်းသီးတစ်လုံးမှာပြီး အုန်းရည်သောက်ရင်း လှမ်းမြင်နေရတဲ့ ကမ်းစပ်မှာ ရေဆော့နေကြသူတွေ၊ လှိုင်းစီးနေကြသူတွေ ကစားနေကြတဲ့သူတွေကို ငေးနေလိုက်တယ်။ ငေးရင်း အုန်းရည်သောက်နေတုန်း ဆိုင်ရှင် အဒေါ်ကြီးက ‘သမီးလေး … တစ်ယောက်တည်းလာတာလား … သူငယ်ချင်းတွေ မပါဘူးလား’တဲ့။ ကျွန်မလည်း ‘ဟုတ်ကဲ့ မပါပါဘူး။ တစ်ယောက်တည်းလာတာပါ’လို့ ပြန်ဖြေလိုက်တယ်။

Monday, May 02, 2011

သဘာဝဘေးကာကွယ်ရေး မိုးလေဝသအလေးပေး

လူသားတို့ အသက်ရှင်နေထိုင်လျက်ရှိသော ဩကာသလောကကြီး၌ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ် များစွာရှိလေသည်။ သဘာဝဘေးအန္တရာယ်ဟူသည် လူတို့၏ပယောဂမပါ အလိုအလျောက်ဖြစ်တတ်သော ရေကြီးခြင်း၊ မိုးကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ စသည်တို့ဖြစ်လေ သည်။သဘာဝဘေးအန္တရာယ်ဖြစ်သော အကြောင်းရင်းများကို လေ့လာကြည့်လျှင် ရေ၊ မြေ၊ လေ၊ အပူအအေး၊ မိုးလေဝသ ရာသီဥတုသဘာဝဖောက်ပြန်၍ဖြစ်ရသကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလိုအပ်ခြင်းကြောင့်လည်း ဖြစ်ရတတ် လေသည်။


"မိုးလေဝသဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်နှင့်အနီးဆုံးအလွှာရှိ လေထု၏ အဆက်မပြတ်ဖြစ်ပေါ်နေသော အခြေ အနေအရပ်ရပ်ကိုဆိုလိုသည်။" လေထု၏အပူချိန်၊ လေဖိအား၊ တိုက်လေ၊ စိုထိုင်းဆ၊ မိုးရွာခြင်း၊ ဆီးနှင်းကျခြင်း၊ တိမ်ဖြစ်ထွန်းခြင်း စသော သဘာဝဖြစ်စဉ်များအားလုံး အကျုံးဝင်သည်။ ကမ္ဘာမြေသည် မိုးလေဝသနှင့် အမြဲမပြတ် ထိတွေ့ဆက်ဆံ နေရသကဲ့သို့ ကမ္ဘာမြေကို အမှီပြုနေထိုင်ရသော လူသားတို့သည်လည်း မိုးလေဝသနှင့် ကင်းကွာ၍ မရနိုင်ပေ။

ကင်းကွာ၍မရရုံသာမက မိုးလေဝသသည် လူတို့၏ နေရေး၊ စားရေး၊ ကျန်းမာရေး အစစအရာရာကို လွှမ်းမိုးလျက် ရှိသည်။ ထို့ကြောင့် မိုးလေဝသမှန်ကန်ကောင်းမွန်စေရန် လူတိုင်းလိုလားတောင့်တကြသည်မှာ ကမ္ဘာဦး ကတည်းကပင်ဖြစ်သည်။ မိုးလေမှန်လျှင် ဆန်ရေစပါးပြေွါကယ်ဝမည်။ စားဝတ်နေမှုချောင်လည်ပြီး အလှူအတန်းများ၊ ပွဲလမ်းသဘင်များနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေကြရမည်။ မိုးလေမမှန်လျှင် စားရေရိက္ခာရှားပါးမည်။ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယဖြစ်ပွားခြင်းကပ်ဆိုးကြီးများနှင့် ရင်ဆိုင်ကြရမည်။ ဤသို့လျှင် မိုးလေဝသသည် လူအပေါင်း၏ သုခ၊ ဒုက္ခအဝ၀ကို ခြယ်လှယ်နိုင်စွမ်းရှိသည်။ သာမန်အားဖြင့် မိုးလေဝသ၏ သဘောသဘာဝသည် ကောင်းမွန်တတ်သော်လည်း တစ်ခါတစ်ရံ ဆိုးသွမ်း ကြမ်းကြုတ်လာသောအခါ လူ့အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာကို ခဏအတွင်း ချေမှုန်းဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

Saturday, April 30, 2011

ယဉ်ကျေးမှုနှင့်လျော်ညီသော လိုအပ်ချက်ငါးရပ်

(၁) တရားမျှတမှန်ကန်မှုအပေါ် အခြေခံသည်။

(၂) လူသားချင်း အပြန်အလှန် ချစ်ခင်လေးစားအပ်သောဂုဏ်ကို အားပေးရန် ရည်ရွယ်သည်။

(၃) ဘ၀ဟူသည် ရုန်းကန်ခြင်းမဟုတ်၊ အပြန်အလှန်ကူညီခြင်းဖြင့် သွေးစည်းခိုင်မာမှုကို ရရှိနိုင်မည်ဟု သဘောပေါက်လက်ခံသည်။

(၄) တူညီသောယုံကြည်ချက်၊ တန်ဖိုးထားမှုနှင့် ‘စံ’များအပေါ်အခြေခံ၍ လူတို့၏ သွေးစည်းညီညွတ်မှုကို တည်ဆောက်သည်။ (စိတ်၏ငြိမ်းချမ်းမှုနှင့် ညီရင်းအစ်ကို စိတ်ဓါတ်ကို ဖြစ်ပေါ်စေသည်။)

(၅) လူသားတို့အား အမှန်တရားဘက်သို့ လမ်းညွှန်သည်။ (သို့ဖြစ်ရာ သိပ္ပံနည်းပညာတိုးတက် ဖြစ်ထွန်းမှုကို အားပေးရုံသာမက ထိုဖြစ်ထွန်းမှုတို့ကို ဘ၀အတွက် ပြည့်စုံစေမှု၊ လူသားအဆင့်အတန်းမြင့်မားစေမှုဟူသော အချက်တို့ဖြင့် အကဲဖြတ်လေသည်။)

အစ္စလာမ်ယဉ်ကျေးမှုနှင့်လျော်ညီသော လိုအပ်ချက်ငါးရပ်


The Muslim Digest, No. 01, Volume 1, 2009

Friday, April 29, 2011

မိဘမေတ္တာရအောင်ယူပါ

ကျွန်မဘ၀မှာ မေမေဆိုတဲ့ ဝေါဟာရ ခေါ်ဆိုခွင့်ပျောက်ဆုံးခဲ့တာ နှစ်တွေတော်တော်ကြာခဲ့ပါပြီ။ ကျွန်မသိတက်၊ နားလည်စအရွယ်မှာ မေမေတွိုက်ဖွိုက်ဖြစ်လို့ ဆေးရုံတက်ရပါတယ်။ မေမေ့မှာ နှလုံးရောဂါတော့ရှိတယ်။ ဒါပေမယ့် နှလုံးရောဂါအတွက်ကြောင့် မေမေဆေးရုံမတက်ခဲ့ရပါဘူး။ တစ်ခုသော နွေရာသီရဲ့ နေ့တစ်နေ့မှာပေါ့ ကျူရှင်လာကြိုနေကျ ကျွန်မရဲ့ မမအငယ် ကျူရှင်ဆင်းချိန်ထက် တော်တော်လေး နောက်ကျပြီးမှ ရောက်လာခဲ့တယ်။ ဘာလို့နောက်ကျတာလဲဆိုတော့ မေမေဆေးရုံတင်လိုက်ရလို့တဲ့။ ကျွန်မကျူရှင်ထွက်လာတုန်းကမှ အကောင်းကြီးကို ခဏလေးအတွင်းမှာ ဘယ်လိုများဖြစ်သွားတာပါလိမ့်။ အိမ်ပြန်ရောက်တော့ ကျွန်မက ကလေးဆိုတော့ ဆေးရုံမလိုက်သွားရပါဘူး။ အိမ်မှာဘဲ နေခဲ့ရတာပေါ့။

ကျွန်မတို့ပါပါ ဆေးရုံက ပြန်လာမှ ကျွန်မမေမေ ဘာဖြစ်တာလဲဆိုတာ သိလိုက်ရတယ်။ မေမေက အသည်းခြောက်တာတဲ့။ လူကြီးတွေ ပြေပြလို့ အသည်းခြောက်တယ်ဆိုတာ အရက်သောက်လို့ ဖြစ်တယ်ဆိုတဲ့ စကားကြောင့် အရက်မသောက်တဲ့ ကျွန်မမေမေ ဘာကြောင့်များ အသည်းခြောက်ရလဲဆိုတာ ကျွန်မမတွေးတက်ခဲ့ပါဘူး။ မေမေကျန်းကျန်းမာမာနဲ့ဘဲ ဆေးရုံက ပြန်ဆင်းခဲ့ရပါတယ်။ အဲ့နောက်ပိုင်းမှာ ကျွန်မတို့အိမ်က ကျွန်မတို့အိမ်က မနက်မိုးလင်းရင် အလုပ်သွားတဲ့လူကသွား၊ ကျောင်းသွားတဲ့သူ သွားနဲ့ဆိုတော့ တစ်ယောက်တည်းကျန်နေခဲ့တက်တဲ့ မေမေ့ကို စိတ်မချတာနဲ့ ကျွန်မတို့ အဖိုး(မေမေ့ရဲ့ ပါပါ)အိမ်မှာ အမြဲပို့ထားခဲ့ရပါတယ်။ အဲ့အချိန်ကစလို့ ကျွန်မမေမေ့အနားမှာ အချိန်ပြည့်ကပ်ခွင့် မရတော့ပါဘူး။ ကျောင်းပိတ်ရက်တွေကျမှဘဲ မေမေ့နားကပ်ပြီး ဂျီကျရပါတော့တယ်။ ဒီလိုနဲ့ဘဲ မေမေက ဆေးရုံတက်လိုက် ၊ ဆင်းလာလိုက်၊ နေကောင်းသွားလိုက်နဲ့ သုံးနှစ်ကျော် လေးနှစ်လောက် နေခဲ့ရတယ်။

ကျွန်မ (၇)တန်းဖြေထားတဲ့ ၂၀၀၂ခုနှစ်၊ ဧပြီလရဲ့ နေ့တစ်နေ့မှာပေါ့၊ မေမေ့ကို ကျွန်မတို့အဖိုးအိမ်ကနေ ဆေးရုံထပ်တင်လိုက်ရတယ်။ မေမေက ဆေးရုံကို တက်လိုက်၊ ဆင်းလိုက် လုပ်နေရတော့ မေမေဆေးရုံတက်ရတယ်ဆိုတာ ကျွန်မတို့အတွက် အရမ်းကြီးထူးဆန်းလို့ မနေတော့ပါဘူး။ ဆေးရုံပေါ်မှာ ရက်အနည်းငယ် နေလိုက်ရင် ပြန်ကောင်းသွားတာကိုး။

Tuesday, April 19, 2011

စကားနိုင်လုခြင်း နဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးခြင်း

Debate(စကားနိုင်လုခြင်း) နဲ့ Dialogue(အပြန်အလှန်ပြောဆိုဆွေးနွေးခြင်း)

စကားနိုင်လုခြင်း (Debate)

*  ကိုယ်နဲ့ဆန့်ကျင်ဘက်ကို အသာရဖို့ စကားစစ်ထိုးရာမှာ အသာစီးရဖို့ ရည်ရွယ်တယ်။
*  ကြားရတဲ့အကြောင်းအရာတွေကို ပြန်လည်ချေပဖို့ နားထောင်တယ်။
*  အမှားရှာပြီး သူတစ်ပါးသေးသိမ်သွားအောင် တန်ဖိုးလျှော့စေရန် နားထောင်တယ်။
*  သူတစ်ပါးအနေအထားနဲ့ စေ့စော်မှုတွေကို ကိုယ်စိတ်ထင်သလို ကောက်ချက်ချပြောတယ်။
*  ခလုတ်တိုက်အောင် စိတ်ရှုတ်ထွေးအောင် မေးခွန်းတွေမေးတယ်။
*  ကြားဖြတ်ဝင်ပြောတယ်။ အကြောင်းအရာပြောင်းလိုက်တယ်။
*  နောက်ပြောမယ့်အချက်အလက်ကို အာရုံစိုက်တယ်။
*  တခြားသူတွေရဲ့ အတွေ့အကြုံတွေဟာ ပုံမကျ အရာမ၀င်လို့ ဝေဖန်တယ်။
*  ခံစားချက်ပြပြီး အခြားသူတွေ ကိုယ့်ဘက်ပါလာအောင်ဆွဲဆောင်တယ်။ အခြားသူတွေရဲ့ ခံစားချက်တွေကို မမှန်ကန်ဘူးလို့ ငြင်းဆိုပယ်ချတယ်။
*  ဆိတ်ငြိမ်မှုအပေါ် အမြတ်ထုတ်တယ်။

Friday, April 08, 2011

တွဲလက်ညီညီ ခိုင်မြဲမည်

သူငယ်ချင်း လဲ့ရည်ရေ ….

ငါသတိရစွာနဲ့ စာရေးလိုက်ပါတယ်။ နင်ရေးလိုက်တဲ့စာကိုလည်း ငါဖတ်ရပါတယ်။ နင့်ဆီ စာပြန်ရေးချင်နေတာတော့ကြာပါပြီ။ ငါလည်း ကျောင်းစာတွေနဲ့မအားမလပ်ဖြစ်နေတာကြောင့် စာမပြန်ဖြစ်တာကို ခွင့်လွှတ်ပါဟာ။ နင်ပြောပြခဲ့တာကြောင့် နင်တို့သူငယ်ချင်းတစ်စုအကြောင်းကိုသိခဲ့ရတယ်။ ငါလည်း ဒီမှာကျောင်းတက်နေရပေမယ့် နင်တို့တစ်တွေရဲ့အကြောင်းတွေကို ကြားသိရပါတယ်။

နင်တို့တစ်တွေဟာ စည်းစည်းလုံးလုံးနဲ့ လူငယ်ပီပီ တက်တက်ကြွကြွနဲ့ သာသနာရေးရာတွေ၊ လူမှုရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေကြတာတွေကိုသိရတော့ အလွန်အားကျမိတယ် သူငယ်ချင်းရယ်။ နင်တို့တစ်တွေဟာ အမြဲတမ်းစုစုစည်းစည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ အပြစ်မမြင်ကြဘူး။ တစ်ယောက်မှားနေရင် ၀ိုင်းဝန်းပြုပြင်ပေးကြတယ်။ တစ်ယောက်ရဲ့အခက်အခဲဟာ အားလုံးရဲ့အခက်အခဲ၊ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ရဲ့အားသာချက်နဲ့ ဖေးမတယ်။

အဲဒီလို နင်တို့သူငယ်ချင်းတစ်စုဟာ စည်းလုံးမှုရှိပြီး တစ်ယောက်နဲ့တစ်ယောက် မောင်နှမရင်းချာတွေကို အလွန်သံယောဇဉ်ရှိကြတာတွေသိရတော့ ငါအလွန်ဝမ်းသာတယ်။ နင်တို့တစ်တွေရဲ့ ချစ်ခင်စည်းလုံးမှုတွေအတွက် ငါဂုဏ်ယူမိတယ်။ သာသနာ့အဆုံးအမမှာ စည်းလုံးမှုနဲ့ပတ်သက်တာတွေလည်းပါရှိတယ်လေ။ နင်တို့အခုလို စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်ရှိနေတာဟာ သာသနာရဲ့အဆုံးအမတိုင်းပြုမူနေထိုင်မှုတစ်ရပ်ပါပဲ။ နင်တို့တစ်တွေရဲ့ စည်းလုံးချစ်ခင်မှုတွေကို ဘာအကြောင်းကြောင့်မှ မလျော့ပါးစေနဲ့ဟာ။

Friday, April 01, 2011

အချစ်က အဆိပ်ပြင်းတယ်

အချစ်နဲ့ပတ်သတ်လာရင် ပြောစရာတွေက အများကြီး။ ချစ်ခြင်းဖွဲ့ သီချင်းတွေ၊ စာဖွဲ့မှု့တွေကလည်း တစ်ပုံတစ်ပင်၊ တစ်ထောင်တစ်ညပုံပြင်ထက်ကို များလွန်း ရှည်လျားလွန်းတဲ့ အချစ်ပုံပြင်တွေကလည်း မရိုးနိုင်အောင်ပဲ။ အားလုံးအတွက် ‘ အချစ်’ ဆိုတာ အရေးပါတဲ့ နေရာမှာတည်နေတာလေ။ ချစ်ခြင်း မေတ္တာဆိုတာ လူသားတွေရဲ့ အခြေခံစိတ်ထဲမှာ ရှိနေတယ်။ ပျက်ယွင်းသွားတယ်လို့မရှိဘူး။


ဒါကြောင့်လဲအချစ်နဲ့မကင်းနိုင်ကြတာဖြစ်မှာပါ။ အချစ်ရဲ့ဖွင့်ဟချက်တွေကလဲ အများကြီးရှိနေတယ်။ အဓိပ္ပါယ်ညွှန်းဆိုချက်တွေက ကွဲပြားခြားနားတာတွေလည်းရှိတယ်။ တူညီကြတာတွေလည်းရှိတယ်။ အကောင်းဖက်ကရှု့မြင်ကြတဲ့ အတွေးအမြင်တွေ၊ အဆိုးဘက်ဖက်ကို ရှေးရှု့တဲ့ဖွင့်ဆိုချက်တွေ၊ အမျိုးမျိုးကွဲပြားနေမှာပဲ။ ဘာလို့ဘဲဖြစ်ပါစေ။ အကောင်းနဲ့အဆိုး မြင်တွေးသူတွေရဲ့ ရင်ထဲမှာအဲဒီချစ်ခြင်း ရှိနေလို့ဆိုတာ သူတို့ခံစားခဲ့ကြတယ်။

ပျော်ရွှင်ကြည်နူးမှု့၊ ၀မ်းနည်းကြေကွဲခြင်း၊ သာယာချမ်းမြေ့တဲ့သုခ၊ စိတ်ဆင်းရဲဒုက္ခတွေကြုံရမှာပဲ။ အဲဒီခံစားချက်တွေကို တသသနဲ့ သတိရရှိနေရင်းက အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဟချက်တွေ၊ ကောင်းခြင်းဆိုးခြင်း တွေကို ထုတ်ဖော်ရေးသား၊ ဖွင့်ဟခဲ့ကြတာပါ။ အဲဒီသူတွေလည်ုး ထုတ်ဖော်ရေးသား၊ ဖွင့်ဟခဲ့ကြတာပါ။ အဲဒီသူတွေလည်း အချစ်နဲ့မှမကင်းနိုင်တာ။

Sunday, March 27, 2011

ကြည်နူးခဲ့ရ တစ်နေ့တာ (သွားဘက်ဆိုင်ရာ ဆေးကုသမှုအစီအစဉ်)

သွားဘက်ဆိုင်ရာ ဆေးကုသမှုအစီအစဉ် - ငြိမ်းချမ်းသာယာ ဟာဖိဇ်ကျောင်း

သွားဘက်ဆိုင်ရာ ဆေးကုသမှုအစီအစဉ် - ငြိမ်းချမ်းသာယာ ဟာဖိဇ်ကျောင်း ( ၂၇ - ၀၃ - ၂၀၁၁ )
သာင်္ကေတက “ငြိမ်းချမ်းသာယာ ဟာဖိဇ်ကျောင်း”လေးမှာ MMSY လေးနှစ်ပြည့်အထိမ်းအမှတ်ကနေ စတည်လာတဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်လေးအဖြစ် ကလေးတွေကို မြန်မာစာ၊ သင်္ချာအခြေခံနဲ့ အင်္ဂလိပ်စာအခြေခံကို သင်ကြားပေးနေတဲ့ အစီအစဉ်လေးကို တစ်ပတ်ခြားတစ်ခါဆိုသလို မိသားစုဝင်တွေ သွားရောက်ပြန်လည်ကြည့်ရှုနေကြလေ့ရှိပါတယ်။

အခုလည်း စာသင်ကြားမှုအခြေအနေ၊ ကလေးတွေရဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြဖို့အတွက် ကျောင်းလေးကို သွားကြမယ်စီစဉ်တော့ MMSY ထဲက သွားဘက်ဆိုင်ရာဆရာဝန်ညီမလေးက ကလေးတွေအတွက် သွားကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို လုပ်ပေးဖို့အစီအစဉ်ရှိတယ်ဆိုရင် သူတို့ပါဝင်ချင်တယ်လို့ပြောလာတယ်။ ဒါနဲ့ပဲ ကျောင်းလေးကို သွားရောက်မယ့်နေ့မှာ ကလေးတွေအတွက် သွားကျန်းမာရေးစစ်ဆေးကြည့်ရှုလုပ်ဆောင်ပေးကြဖို့ ၀ိုင်းဝန်းတိုင်ပင် စီစဉ်လိုက်ကြတယ်။ ဒါနဲ့ပဲ ကျောင်းကို လှမ်းပြီးခွင့်တောင်းတယ်။ ကလေးတွေအတွက် သွားကျန်းမာရေးပြုလုပ်ပေးမယ့်အစီအစဉ်လေးကို ကျောင်းက ခွင့်ပြုဖို့ပေါ့။ ကလေးတွေရဲ့လိုအပ်ချက်အတွက်ဖြစ်လို့ ကျောင်းကလည်း အားလုံးအဆင်ပြေမယ့်တစ်ရက် ခွင့်ပြုပေးပါတယ်။

ဒီလိုနဲ့ MMSY က ဒေါက်တာညီမလေးတွေရယ် တစ်ခြားမောင်နှမတွေအားလပ်မယ့် ရက်တစ်ရက်မှာဆုံပြီး လိုအပ်မယ့်ဆေးဝါးတွေဝယ်ယူကြပါတယ်။ ကျောင်းကိုသွားမယ့်နေ့အတွက် ကုသဖို့လိုအပ်မယ့် ပစ္စည်းကိရိယာများကိုတော့ဒေါက်တာဆွေဇင်ထွန်း၊ ဒေါက်တာခင်မိုးလွင် တို့က သူတို့တွေရဲ့ဆေးခန်းက ပစ္စည်းကိရိယာများကို ယူဆောင်လာပေးကြတယ်။

Friday, March 04, 2011

ပသီဦးကိုကိုလေး ဘ၀နှင့်စာပေရေစီးကြောင်း

စာရေးဆရာ ပသီဦးကိုကိုလေး၏စာပေရေစီးကြောင်းကို စာဖတ်ပရိသတ်သို့ တင်ပြလိုပါသည်။ ဦးစွာပထမ စာဖတ်ပရိတ်နှင့် ဆရာပသီဦးကိုကိုလေးအား မိတ်ဆက်ပေးလိုပါသည်။ သို့သော် ဆရာ့နာမည်နှင့် ဆရာ့စာပေများကို ဖတ်ဖူးကြသူများ တိုင်းပြည်အနှံ့တော်တော်တန်တန်ရှိနေကြသည်မှာ ယုံမှားဖွယ်ရာမရှိပါ။ ဆရာဦးကိုကိုလေး စာပေရေစီးကြောင်းကိုရေးလိုသဖြင့် သူ့ဘ၀ဖြတ်သန်းလာပုံကို ပထမလေ့လာမိပါသည်။

၁၉၂၁-ခုနှစ် ဇွန်လ(၂)ရက်နေ့တွင် အဖ ဦးစလေမန်၊ အမိ ဒေါ်တီ တို့မှ မွေးဖွားခဲ့သည့် သားသမီး(၁၀)ဦးအနက် သားဦးဖြစ်ပါသည်။ မန္တလေးဇာတိဖြစ်ပါသည်။ ယခုအခါ အသက်(၇၀)ကျော်နေပါပြီ အသက်(၁၇)နှစ်အရွယ် မိဘများနှင့် ကသာခရိုင် ကောလင်းမြို့ (ယခု စစ်ကိုင်းတိုင်း)တွင် နေထိုင်စဉ် ၁၉၃၈-ခုနှစ် (တစ်နည်း ၁၃၀၀)ပြည့် အရေးတော်ပုံကာလ တစ်ပြည်လုံးကျောင်းသားများ သပိတ်မှောက်ကျောင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်မှစတင်၍ မိတ်ဆက်ပေးလိုပါသည်။
ပသီဦးကိုကိုလေး
၁၉၃၈-ခုနှစ် သပိတ်မှောက်ကျောင်းသားဘ၀မှစပြီး သူ့တွင် တိုင်းပြည်နှင့် အမျိုးသားစိတ်ဓါတ် ကိန်းအောင်းခဲ့ပါသည်။ တို့ဗမာအစည်းအရုံးနှင့်လက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့ ဆင်နွှဲကြစဉ် ကောလင်းမြို့ရှိ ပသီလူလတ်ပိုင်း (၄၀)ကျော်တို့ကိုစည်းကာ ဗမာမွတ်စလင်မြို့ရွာ ကာကွယ်ရေးတပ်ဟူ၍ ဖွဲ့စည်းခဲ့စဉ် တပ်ဖွဲ့အတွင်းရေးမှူး ဒု-ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။

Tuesday, March 01, 2011

ရွှေ့ … ရွှေ့ … မြန်မြန်ရွေှ့ …

ကျွန်တော်တို့တစ်တွေ ဗလီက ၀ိုဇူ(ကိုယ်လက်သန့်စင်)ရေကန်ဆေးဖို့ လုပ်အားပေးကြတဲ့နေ့ကပေါ့ ………

ဝိုဇူရေကန်ထဲက ရေတွေကိုလည်း အလဟသ မဖြစ်အောင် အဲဒီရေတွေကို ခပ်ပြီး ဗလီရင်ပြင်ရော ဘေးပတ်ဝန်းကျင်ရော အားလုံး ဆေးကြော သန့်ရှင်းရေးလုပ်ကြတယ်။

အဲဒီကန်ထဲက ငါးတွေကို ပလပ်စတစ်ကန်ကြီးတစ်ခုတည်းထည့်ပြီး ဗလီရင်ပြင်ပေါ်မှာ ချထားတယ်။ အဲဒီအချိန်မှာပဲ မိုးတွေက သည်းသည်းမည်းမည်း ရွာချလိုက်ပါလေရော။

လေ့လာသင်ယူ ... ပြန်လည်မျှဝေ ကြရအောင်

MMSY လေးနှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်လေးကနေ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်လေးက .... ကလေးတွေကို စာသင်ပေးဖို့ပါပဲ။ အဲဒီနေ့ ပြီးကတည်းက စပြီး စီစဉ်နေကြတာ အခုဆို စတင်လုပ်ဆောင်တော့မယ် အနေအထားကို ရောက်ခဲ့ပါပြီ။ တစ်ချို့လည်း လာမေးပါတယ် ... စာသင်နေပြီလား ... စနေပြီလားဆိုတာကို ... ကျွန်တော့်တို့အနေနဲ့လုပ်မယ့်လုပ်စဉ်က အနည်းဆုံး ၆-လ အချိန်ယူပြီး NFE (Non Formal Education = ကျောင်းပြင်ပ ပညာရေး)ပုံစံလေးနဲ့သင်မှာဖြစ်လို့ စလုပ်ကတည်းက သေချာစနစ်တကျလေး လုပ်ချင်တာကြောင့် အချိန်ယူပြီး Plan လုပ်ကြပါတယ်။

ကလေးတွေကို စာသင်ပေးဖို့အတွက် တိုင်ပင်ကြတော့ ကျွန်တော်တို့တွေအားလုံးရဲ့ ဆန္ဒက စေတနာဝန်ထမ်းသင်ပေးတာမျိုးမဟုတ်ပဲ ... သင်ပေးမယ့်ဆရာကို ပညာသင်စရိတ်ပြန်လည်ထောက်ပံ့ပေးမယ့် ပုံစံလေးနဲ့ပဲ သွားချင်ကြပါတယ် ..... (များသောအားဖြင့် စေတနာဝန်ထမ်းပုံစံက ရေရှည်မတည်တံ့ပဲ နောက်ပိုင်းမှာ အားနည်းသွားတတ်လို့ပါ။ စေတနာဝန်ထမ်းများမှာလည်း သူတို့စားဝတ်နေရေး၊ ရာသီဥတုဒဏ် ... အစရှိတာတွေကြောင့် ပျက်ကွက်မှုတွေရှိလာရင် ... နောက်ပိုင်း စာသင်မှုအပိုင်းမှာ အားနည်းသွားတတ်ကြလို့ပါ။) ... ဒါကြောင့် ... သင်ပေးမယ့် ဆရာ(၂)ယောက် ရွေးချယ်ခဲ့ရပါတယ် .... သူတို့ကို ကျွန်တော်တို့အနေနဲ့ ပညာသင်စရိတ်ပြန်လည်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကလေးကို စာသင်ပေးမယ့်ကာလက ၆-လ plan လုပ်ထားပါတယ်။ ခုနကပြောတဲ့ NFE ပုံစံနဲ့ သွားပါမယ်။ မြန်မာစာအရေး၊ အဖတ်၊ သင်္ချာအခြေခံအတွက်အချက်နဲ့ အင်္ဂလိပ်အခြေခံလေး(ရုပ်ပုံလေးနဲ့တွဲပြီး ကလေးတွေ မှတ်မိလွယ်မယ့်နည်းလမ်းလေးနဲ့)ပေါ့ ... ကလေးတွေ ဖတ်လို့အဆင်ပြေမယ့် စာကြည့်တိုက်ပုံစံ(စာအုပ်ဗီရို)လေးလည်း ထားပေးဖို့ စဉ်းစားထားတယ်။ အဲဒီအတွက်လည်း ဘယ်လိုပုံပစံတွေနဲ့ လုပ်ပေးရင် ပိုပြီးထိရောက်အဆင်ပြေမလဲဆိုတာ နားလည်တတ်ကျွမ်းသူတွေ၊ အကြံဥာဏ်အားပေးနိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုလေးတွေ လုပ်ကြတယ်။

Monday, February 28, 2011

ကလေးလေး

ကလေးလေးအဖေရယ်၊ သူ့အဖေရဲ့မောင်နှမတွေရယ်က ကျွန်မတို့မောင်နှမတစ်တွေနဲ့က မောင်နှမရင်းချာတွေလို ခင်မင်လာခဲ့တာ။ ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေကြတယ်။ ကျွန်မတို့မိသားစု အဲဒီရပ်ကွက်ကို စပြောင်းခါစက ကျွန်မက (၇)တန်းကျောင်းသူ အိမ်ရှေ့အိမ်ကိုလည်း အသစ်ပြောင်းလာတဲ့မိသားစု (ကလေးလေးအဖေအမေရယ်၊ မောင်နှမ ၄-ယောက်ရယ်)ရှိတယ်။

အဲဒီအိမ်နဲ့ ကျွန်မတို့အိမ်ဟာ နှစ်အိမ်တစ်အိမ် မိသားစုလိုဖြစ်သွားကြတယ်။ အိမ်ရှေ့အိမ်က မောင်နှမ ၄-ယောက်မှာ အကြီးဆုံးအစ်ကိုက အိမ်ထောင်ကျပြီး သူတို့မှာသမီးလေးတစ်ယောက်ရှိတယ်။ ကျွန်မတို့ မောင်နှမတွေကလည်း အဲဒီသမီးလေးကို ချစ်လွန်းလို့ ခဏခဏအိမ်ကိုခေါ်ခေါ်လာတယ်။ သမီးလေးရဲ့ ဦးလေးနဲ့အဒေါ်နှစ်ယောက်ကတော့ ကျွန်မတို့ မောင်နှမနဲ့ အတူတူ ကစားဖော်တွေဖြစ်လာတယ်။ ကျောင်းပိတ်ရက်တွေမှာ ၀ိုင်းစုပြီး ဒိုးဇက်၊ မိုနိုပိုလီ စတဲ့ကစားနည်းမျိုးစုံကစား၊ ကစားရင်း ညစ်ကျ ငြင်းကျနဲ့ပေါ့။

လသာတဲ့ညတွေဆိုလည်း အိမ်ရှေ့လမ်းပေါ်ထွက်ပြီး ဘောလုံးထု၊ ထုတ်စည်းတိုးတမ်းကစားကြတယ်။ သူတို့ညီအစ်တွေနဲ့ ကျွန်မတို့ညီအစ်မတွေ အိမ်နားကချောင်းထဲသွားပြီး ငါးမျှားတာတို့ ငါးဖမ်းတာတို့လည်း လုပ်ဖူးကြတယ်။ ကလေးလေးရဲ့ အဒေါ်အငယ်ဆုံးက အဲဒီအချိန်က တက္ကသိုလ်ပထမနှစ်စတက်နေပြီ။ သူကပဲ ကျွန်မတို့ မောင်နှမတွေရယ်၊ အိမ်နားဝန်းကျင်က ကျောင်းသူ/ကျောင်းသားတွေကို ကျောင်းဆင်းပြီးညနေပိုင်းအချိန်တွေမှာ စာသင်ပေးလေ့ရှိတယ်။ ကျွန်မတို့တွေကလည်း အတန်းစုံပဲလေ။ တတိယတန်းကနေ ကျွန်မအဆုံး ၈-တန်းအထိကို စေတနာထက်သန်စွာနဲ့ စာကျက်ဝိုင်းလေးလုပ်ပေးတယ်။

Tuesday, February 15, 2011

ဘာကို အရင်မြင်တတ်လဲ ?

တစ်ခါတုန်းကပေါ့ ...
တိုင်းပြည်တစ်ခုမှာ ဒိသာပါမောက္ခကြီးတစ်ယောက်ဟာ သူ့တပည့်တွေကို ပညာတွေသင်ပေးပြီးတဲ့နောက် တပည့်တွေ ပြန်ခါနီးမှာ နောက်ဆုံး နှုတ်ဆက်ပွဲလေး လုပ်ပါသတဲ့။ အဲဒီ ပွဲလေးမှာ ပါမောက္ခကြီးက အစီ အစဉ်လေးတစ်ခုကိုလည်း ထည့်သွင်းလိုက်ပါတယ် ……

အဲဒါကတော့ ….. သူ့တပည့်တွေထဲက တပည့်နှစ်ယောက်ကို ကျန်သူအားလုံးဘက် မျက်နှာမူပြီး ရှေ့ထွက် ရပ်စေခဲ့တယ် ….

ပါမောက္ခကြီး - ကဲ တပည့်တို့ အခု သူတို့ ၂-ယောက်ကို ကြည့်စမ်း။ ပြီးရင် ဘာမြင်လဲ ပြောကြစမ်း။

Thursday, February 10, 2011

သွားရောက်ခဲ့ပြန်တစ်ခါ မွတ်စလင်မ် ဘိုးဘွားရိပ်သာ

မန္တလေးမှာ မန်းတောင်ခြေ ဘိုးဘွားရိပ်သာဆိုတာကို ငယ်ငယ်လေးတုန်းက ကြားဖူးခဲ့တယ်။ အဲဒီအချိန်ကတော့ ခံစားချက်ဆိုတာ ဘာမှ မရှိခဲ့မိဘူး။ နောက်ပိုင်း နည်းနည်းလေး တွေးတတ်တဲ့အရွယ်ရောက်တော့ မွတ်စလင်မ် ဘိုးဘွားတွေ အသက်ကြီးလာရင် မန်းတောင်ခြေဘိုးဘွားရိပ်သာမှာပဲ သွားနေကြရမှာ အမြဲတမ်းအတွက်ဆို ကောင်းပါ့မလား။ မွတ်စလင်မ်ဘိုးဘွားရိပ်သာတစ်ခုလောက်ရှိရင် ကောင်းမှာပဲလို့ အတွေးဝင်ခဲ့မိတယ်။

နောက် ၁၉၉၉-ခုနှစ်လောက်မှာ မန္တလေး မြို့သစ်မှာ မွတ်စလင်မ်ဘိုးဘွားရိပ်သာတစ်ခု ဖွင့်ခဲ့ပြီဆိုတာ ကြားသိခဲ့ရတယ်။ ၂၀၀၀-ခုနှစ်မှာ နွေရာသီအစ္စလာမ့်ဗဟုသုတအရရှိရေးအစီအစဉ်လေးကို တက်ရောက်ဖြစ်တော့ အဲဒီကနေ မွတ်စလင်မ်ဘိုးဘွားရိပ်သာကို သွားရောက်လေ့လာခွင့်ရခဲ့တယ်။ ဘိုးဘွားရိပ်သာမှာနေထိုင်တဲ့ အဖိုးအဖွား (ဒါဒါ၊ နာနာ၊ ဒါဒီ၊ နာနီ)တွေနဲ့ စကားတွေပြောခဲ့ကြတယ်။ ကျွန်တော်တို့တွေနဲ့ စကားတွေပြောရတာ အဖိုးအဖွားတွေမှာ ၀မ်းသာပျော်ရွှင်နေကြတယ်။ အဲလိုစကားတွေလာပြောရင် အဖိုးအဖွားတွေ အလွန်ပျော်ကြတယ်လို့ သိခဲ့ရတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘိုးဘွားရိပ်သာကို တစ်ခါတစ်လေပဲ ရောက်ဖြစ်တော့တယ်။ နောက်ပိုင်းမှာ ချမ်းမြသာယာ ဘိုးဘွားရိပ်သာဆိုတဲ့နာမည်ဖြစ်လာတယ်။

Tuesday, February 01, 2011

ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်

မနေ့ည (၉း၀၀)နာရီကျော်ကျော်လောက်မှာ မီးသတ်ကားသံကြားတော့ .....
ဟာ - လုပ်ပြန်ပြီ မီးကတော့ ဘယ်နားပါလိမ့်လို့ အိမ်အပြင်ထွက်ကြည့်တော့ မီးအရောင်တော့မမြင်ရဘူး။
ဒါပေမယ့် မီးသတ်ကားသံက အနီးအနားကကြားနေရတာဆိုတော့ မီးလောင်တာလည်း နီးနီးနားနားမှာရှိမယ်လို့ထင်လို့ လမ်းထိပ်ထွက်ကြည့်မယ်စိတ်ကူးနေတုန်း မီးသတ်ကားသံတွေအများကြီး ကြားရတော့တာပဲ။
မီးသတ်ကားတွေက လမ်းမကြီးကနေ သွားနေပြီ ....

ဒါနဲ့ အဖေက "သမီး ... အဖေ သွားလိုက်ဦးမယ် ၊ သမီးလိုက်မှာလားဆိုတော့" ဘယ်ရမလဲ လိုက်မှာပေါ့ဆိုပြီး သားအဖနှစ်ယောက် ဆိုင်ကယ်နဲ့ထွက်လာကြတယ်။

လမ်းမလည်းရောက်ရော အိုး - မနည်းမနောတဲ့ ဆိုင်ကယ်တွေပါလား။ မြို့သစ်တစ်ခုလုံးက ရှိသမျှဆိုင်ကယ်တွေ အကုန်လို့တောင် ထင်ရတယ်။ ဘယ်ရမလဲ ကိုယ်တွေလည်း အဲဒီဆိုင်ကယ်တွေကြားထဲရောပြီး မီးသတ်ကားတွေသွားတဲ့ဘက် ထွက်ခဲ့တာပေါ့။ မီးလောင်တဲ့ မီးရောင်ကတော့ မမြင်ရဘူး။
အဲဒီမှာပဲ မီးသတ်တစ်ချို့(တော်တော်များတယ်) မြောက်ဘက်ကနေ တောင်ဘက်ကို ပြန်လာပြီး လမ်းမကြီးပေါ် ပြန်လာကြတယ်။

Tuesday, January 25, 2011

ကျွန်မတို့နှစ်ယောက်

သူနှင့်ကျွန်မ ဆုံခဲ့ကြပုံက သိပ်တော့ မထူးဆန်းလှပါဘူး။ အခြားသူတွေလိုပဲ တက္ကသိုလ်တက်ရင်းဆုံခဲ့ကြတာပါ။ တက္ကသိုလ်ဘယ်နှစ်ကတည်းက အတူတူတက်ခဲ့ကြသူတွေမှန်းတော့ ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မသူ့ကို သတိထားမိခဲ့တာက တက္ကသိုလ်နောက်ဆုံးနှစ်ရောက်မှပါ။ ကျွန်မနဲ့ စာသင်ခန်းတူနေတာရယ် ကျောင်းကင်တင်းမှာ ခဏခဏဆုံနေတာရယ်ကြောင့် မှတ်မိနေခဲ့တာ။ တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းမိနေကြပေမယ့် ကျောင်းသာပြီးသွားတယ် ကျွန်မတို့နှစ်ယောက် မခင်မင်ခဲ့ကြပါဘူး။

ကျောင်းပြီးသွားတဲ့နောက်မှာ ကျွန်မလည်း လုပ်ငန်းခွင်ဝင်ခဲ့တယ်။ တစ်နေ့တော့ ကျွန်မတို့နဲ့လုပ်ငန်းတူ ကုမ္ပဏီတစ်ခုက ကုန်ပစ္စည်းမိတ်ဆက်ပွဲတစ်ခုလုပ်တယ်။ အဲဒီမိတ်ဆက်ပွဲကို ကျွန်မရဲ့ MD ကိုယ်စား ကျွန်မသွားတက်ဖြစ်ခဲ့တယ်။ အဲဒီပွဲမှာ သူနဲ့ပြန်ဆုံကြတယ်။ ကျွန်မတို့နှစ်ယောက် စားပွဲတစ်ခုတည်းမှာ အတူတူလာဆုံဖြစ်ကြတယ်လေ။ ကျွန်မလည်း မြင်မြင်ချင်းသူ့ကို မှတ်မိလိုက်တယ်။ ဒါပေမယ့်လည်း အရင်ကတည်းက မခင်မင်ခဲ့တာရယ်၊ သူလည်း မမှတ်မိလောက်ဘူးရယ်လို့ယူဆပြီး မသိသလိုပဲနေလိုက်တယ်။

ခဏနေတော့ သူကလာပြီး မိတ်ဆက်တယ်။ ကျွန်မကို မှတ်မိတယ်၊ တက္ကသိုလ်တုန်းက တစ်နှစ်တည်းအတူတူတက်လာခဲ့ကြသူတွေဖြစ်ကြောင်း၊ ပထမနှစ်စတက်ကတည်းက ကျွန်မကို သိခဲ့ကြောင်း၊ သူ့ကိုရောမှတ်မိလားဆိုပြီးပေါ့။ ကျွန်မကလည်း မှတ်မိကြောင်း အလုပ်ကိစ္စတွေအကြောင်း ပြောကြရင်းနဲ့ ကျွန်မတို့ခင်မင်ရင်းနှီးသွားခဲ့တယ်။

Thursday, January 20, 2011

ကိုယ်တိုင်အကြောင်းကို (လူလူချင်း) အခြားသူတွေက ပိုမသိနိုင်ပါ

သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ ...
“နင်ပြောချင်သမျှ ငါ့အကြောင်း ငါ့ကိုလာပြောပါ။ နင်သိချင်သမျှငါ့အကြောင်း ငါ့ကိုမေးပါ။ အခြားသူကို မေးရင် နင်သိချင်သမျှ အားလုံး သိရမှာမဟုတ်။ ဘာကြောင့်လဲ ဆိုတော့ ငါ့အကြောင်းကို ငါကိုယ်တိုင်လောက် (လူလူချင်း) အခြားသူတွေက ပိုမသိနိုင်ပါ” ဆိုတဲ့ အကြောင်းလေးကို ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် ဆုံဖြစ်ကြတဲ့ တစ်ရက်မှာ စကားစပ်မိရင်း စိတ်ပြုတင်းပေါက် ကိုယ်စီဖွင့်မိကြတယ်။

A : အင်း …. ဟုတ်တယ် … လူတစ်ယောက်အကြောင်းကို ကိုယ်တိုင်လောက် ဘယ်သူမှ ပိုမသိနိုင်ဘူး။
B : ငါ့အကြောင်းပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ရင် ငါ့မိဘကိုသာ လာမေးပေတော့။ အဲဒါဆိုပိုမမှန်ဘူးလား။

Friday, January 14, 2011

စာတွေရေးဖြစ်လာတဲ့ကျွန်မ

ကျွန်မ စာဖတ်ဝါသနာပါလာရတဲ့အကြောင်းကို ရေးပြီးတဲ့နောက် စာရေးဝါသနာဖြစ်ပေါ်လာတဲ့အကြောင်းကိုလည်း ရေးချင်လာတယ်။ စိတ်ကူးထဲမှာ ရေးထားခဲ့တာတော့ကြာနေပြီ အခုမှ ချရေးဖြစ်တယ်။

ကျွန်မ စာဖတ်ဝါသနာပါလာပြီးတဲ့နောက် စာတွေဖတ်လာခဲ့တယ်။ အဲဒီနောက်ပိုင်း စာတွေဖတ်ရင်းနဲ့ စာတစ်ပိုဒ်/တစ်ပုဒ်ကိုဖတ်ပြီးတာနဲ့ အဲဒီစာပိုဒ်ရဲ့ ဆိုလိုရင်း စာရဲ့နောက်ကွယ်ကပေးတဲ့ Message တွေကို တွေးကြည့် စဉ်းစားကြည့်လာတယ်။ အဲလို စဉ်းစားကြည့်လာရင်းနဲ့ ကြာလာတော့ စာတွေဖတ်တဲ့အခါမှာ ကိုယ်ဖတ်တဲ့စာအုပ်ကို comment ပေးကြည့်တတ်လာတယ်။ အဲလိုတွေ လုပ်လာရင်းနဲ့ စာတွေကို ကိုယ်တိုင်ရေးကြည့်ချင်လာတယ်။

စာရေးကြည့်ချင်စိတ်တွေဖြစ်ပေါ်လာတဲ့အချိန်မှာ ကျွန်မအဖိုးစာတွေရေးနေတာကိုကြည့်ပြီး ပိုပြီး ရေးချင်လာတယ်။ မေမေကလည်း တစ်ခါတစ်ခါ ဆောင်းပါးတွေရေးတော့ မေမေ့ကိုလည်း အားကျတယ်။ ကျွန်မ ၁၀-တန်းနှစ်ရောက်တော့ မြန်မာစာကို လုံးဝ မကျက်တော့ဘူး။ ၁၀-တန်း မြန်မာစာသင်တဲ့ဆရာကလည်း စာရှင်းပြတာ တအားတော်တယ်။ ဆရာရှင်းပြတဲ့အချိန် ကျွန်မ နားထောင်တယ်။ ပြီးရင် ကဗျာတို့ စကားပြေတို့ ရေသည်ပြဇာတ်တို့ဆိုတာတွေကို ကိုယ့်ဘာသာကိုယ် စကားပြေပြန်ရေးတယ်။ ဆရာNoteထုတ်ပေးတာကို ကျွန်မ မကျက်တော့ဘူး။ လစဉ်စာမေးပွဲဖြေရင်လည်း ကိုယ်ဘာသာကိုယ်ပဲ ရေးတော့တယ်။ ဆရာကလည်း အဲဒါကို အားပေးတယ်။ ဆရာပေးထားတဲ့အတိုင်း မကျက်ရကောင်းလားလို့ ဘယ်တော့မှမဆူမပြောဘူး။ အဲလို ကိုယ်တိုင်စကားပြေပြန်တာကို သဘောကျအားပေးခဲ့တယ်။ အဲဒါကလည်း စာတွေရေးဖို့ ဖြစ်လာတဲ့ တွန်းအားတစ်ရပ်ပါပဲ။

နောက် ကျွန်မ ၁၀-တန်းဖြေပြီးချိန်မှာ အဖိုးကိုပြောမိတယ်။ “ဖိုးဖိုး သမီးလည်း ဖိုးဖိုးတို့ မေမေတို့လို စာရေးချင်လိုက်တာ” ဆိုတော့ အဖိုးက “ငါ့မြေး …. စာတကယ်ရေးချင်တယ်ဆိုရင် တစ်ခြား ဘာကိုမှ မစဉ်းစားနဲ့ဦး။ အခုလောလောဆယ် ငါ့မြေးရဲ့ နေ့စဉ်ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရတာလေးတွေ၊ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာလေးတွေကို နေ့စဉ် ၀တ္ထုသဖွယ် ချရေးကြည့်လိုက်”လို့ပြောတယ်။ မေမေက ကျွန်မကို နေ့စဉ် Diary ရေးဖို့ တိုက်တွန်းအားပေးတယ်။ Diary ရေးဖို့ စာအုပ်ဝယ်ပေးတယ်။ ကျွန်မ မရေးဖြစ်ခဲ့ပါဘူး။

ကျွန်မ တက္ကသိုလ် ပထမနှစ် စတက်တဲ့အချိန်မှာ ခင်ခဲ့တဲ့သူငယ်ချင်းတွေက နယ်တွေကများတယ်။ ကျောင်းပိတ်လို့ သူတို့တွေဆီက စာတွေလာတဲ့အချိန်မှာ သူတို့ကို စာပြန်ဖို့ ကျွန်မ ဘယ်လိုပြန်စာရေးရမှန်းမသိဘူး။ ဒီတော့ မေမေ့ကိုပြတယ်။ မေမေက ဖတ်ပြီး ဘယ်လိုပြန်ရေးရတယ်ဆိုတာကအစ သင်ပေးတယ်။ အဲလိုနဲ့ပဲ နောက်ပိုင်းတွေမှာတော့ သူငယ်ချင်းတွေအားလုံး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရင် ကျွန်မဆီပဲ ဒိုင်ခံ ဆက်သွယ်ကြတော့တယ်။ အားလုံးအတွက်ကို ကျွန်မပဲစာပြန်ပေးတယ်။ အဲဒီအကြောင်းအရာကလည်း စာတွေကို လက်ကချရေးဖို့အတွက်အကျင့်ဖြစ်လာစေတဲ့ တွန်းအားတစ်ရပ်ပါပဲ။

အဲဒီအချိန်ထိ ကျွန်မစိတ်ထဲမှာ စာတွေရေးချင်ပေမယ့် ၀တ္ထုတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ဖြစ်အောင် တစ်ခါမှ ချမရေးဖြစ်ခဲ့ဘူး။ အဖိုးကတော့ ကျွန်မကို စာတွေရေးစေချင်တယ်။ အဲလိုနဲ့ပဲ ကျွန်မ တက္ကသိုလ်တတိယနှစ်မှာ အဖိုး ဆုံးပါးသွားခဲ့တယ်။ အဖိုး ဆုံးပါးသွားတဲ့အချိန်မှာ ကျွန်မ အလွန့်အလွန်ကိုခံစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ အဖိုးကိုတအားချစ်သလို အဖိုးကလည်း မြေးတွေအားလုံးထဲမှာ ကျွန်မကို ယုံကြည်တယ်၊ အားကိုးတယ်။ အဖိုးလုပ်နေတဲ့ကိစ္စရပ်တွေကို အဖိုးနဲ့အမြဲလို အတူတူလိုက် စိတ်ဝင်စားတဲ့ မြေးတစ်ယောက် အဖြစ် ယုံကြည်ထားတယ်။ အဲဒါကြောင့် အဖိုးဆုံးသွားပြီးတဲ့နောက် ကျွန်မ ခံစားရတာကို စိတ်ထဲမှာရှိတဲ့အတိုင်း ကဗျာလေးတစ်ပုဒ် ချရေးဖြစ်သွားတယ်။ အဲဒီကဗျာလေးက အဖိုးမရှိတဲ့နောက် ကျွန်မ ပထမဦးဆုံး စရေးဖြစ်လိုက်တဲ့ ကဗျာလေးပေါ့။ အဲဒီနောက် အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ဆိုတော့ စာတွေမရေးဖြစ်တော့ဘူး။ စိတ်ထဲမှာတော့ စာတွေပဲရေးနေတယ်။

ကျွန်မ တက္ကသိုလ်စတုတ္ထနှစ်(ဖိုင်နယ်)တက်နေတဲ့အချိန်မှာ ၂၀၀၂-ခုနှစ်မှာ မေမေဆုံးပါးသွားပြန်တယ်။ အဲဒီအချိန်မှာလည်း ခံစားခဲ့ရတာဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး။ အဲဒီအချိန်ထိလည်း ဘာမှ မရေးဖြစ်သေးဘူး။ မေမေဆုံးပြီး ၆-လ ကျော်ကြာတဲ့အချိန် ကျွန်မ ဖိုင်နယ်စာမေးပွဲဖြေရတယ်။ ၃-ဘာသာမြောက် ဖြေမယ့်နေ့မှာ စာမေးပွဲဖြေဖို့ ကျောင်းကိုအသွား ဆိုင်ကယ်တိုက်ခံရတယ်။ ချက်ချင်းပဲ ညာဘက်လက်ကျိုးသွားတယ်။ အပြင်ဆေးခန်းတွေကလည်း ကျောင်းသားကေ့စ်ဖြစ်လို့ လက်မခံတဲ့အတွက် ပြည်သူ့ဆေးရုံကြီးပေါ်ရောက်သွားတယ်။ ဆေးရုံပေါ်မှာ တစ်လနီးပါးလောက် နေခဲ့ရတယ်။ ဖိုင်နယ်စာမေးပွဲလည်းကျသွားတယ်။ (မှတ်မှတ်ယယ တစ်သက်လုံးမှာ စာမေးပွဲတစ်ခါကျဖူးသွားတယ်)

ဆေးရုံပေါ်က ဆင်းလာတော့ ကျွန်မ လုပ်ငန်းခွင်လည်း ပြန်မ၀င်နိုင်သေးဘူး။ ဆေးရုံပေါ်က ဆင်းတော့ လက်ကလည်း ကျောက်ပတ်တီးနဲ့ဆိုတော့ ဘာလုပ်လုပ် အဆင်မပြေဘူး။ လက်တစ်ဘက်တည်းနဲ့ လုပ်နေရတာ။ ပြီးတော့ ကျွန်မက ညာသန် ကျိုးတာလည်း ညာလက်ဆိုတော့ ပိုပြီးခက်ခဲနေတယ်။ အိမ်မှာလည်း တစ်ယောက်တည်းနေနေရတာ တအားပျင်းတယ်။ ဒါနဲ့ပဲ ကျွန်မ စာရေးချင်လာပြန်တယ်။

ဘာရေးမလဲစဉ်းစားကြည့်လိုက်တော့ ကျွန်မ ပထမနှစ်စတက်တဲ့အချိန် နွေရာသီမှာ တက်ရောက်ခဲ့တဲ့ နွေရာသီအစ္စလာမ့်ဗဟုသုတရရှိရေးအစီအစဉ်လေးရယ်၊ ကျွန်မ ပါဝင်နေတဲ့ တက္ကသိုလ်မွတ်စလင်မ်အသင်းရယ်၊ ပြီးတော့ ကျွန်မ၀န်းကျင်မှာ (အထူးသဖြင့် ရုပ်ရှင် တီဗွီတွေထဲမှာ)ကြားနေရတဲ့ကုလားဆိုတဲ့အသုံးအနှုန်း အဲဒါတွေနဲ့ပတ်သက်ပြီး ကျွန်မရေးချင်လာတယ်။ အဲဒီအကြောင်းအရာ သုံး-ရပ်ကို စုပေါင်းပြီး ကျွန်မ ၀တ္ထုတိုပုံစံလေး ရေးလိုက်တယ်။ စရေးတော့ ကျွန်မ ဘယ်လက်နဲ့စပြီး ရေးကျင့်တယ်။ စရေးရေးချင်း စာစုလေးတစ်စုရဖို့ အချိန်တော်တော်ကြာ ယူခဲ့ရတယ်။ ဒါပေမယ့် ကျွန်မလည်း အိမ်မှာ တစ်ယောက်တည်းဒီအတိုင်း အချိန်ကုန်ရတယ်ဆိုတော့ ကျွန်မအတွက် အချိန်ကုန်လို့ ကုန်သွားမှန်းမသိလိုက်တော့ဘူး။ အဲလိုနဲ့ပဲ တစ်လနီးပါးလောက်ကြာတော့ A4 စာမျက်နှာ ၄-မျက်နှာနီးပါးရှိတဲ့ အဲဒီ ၀တ္ထုတိုလေး ပြီးသွားတယ်။

အဲဒီဝတ္ထုလေးကို သိမ်းထားလိုက်တယ်။ နောက် ၂၀၀၄-ခုနှစ်နွေရာသီအစ္စလာမ့်ဗဟုသုတရရှိရေးအစီအစဉ် မန္တလေးကို ရန်ကုန်က ဆရာတစ်ချို့ သင်တန်းလာရောက်ပို့ချပေးတဲ့အချိန် ဆရာတို့နဲ့တွေ့ပြီး ကျွန်မစာမူလေးကို ပေးလိုက်တယ်။ အဲဒီစာမူလေးက သာသနာ့ရေးရာ စာစောင်တစ်ခုမှာ ပါလာခဲ့တယ်။ အဲဒီစာမူလေး မဂ္ဂဇင်းမှာပါလာမှန်း ကျွန်မ မသိခဲ့ဘူး။ တက္ကသိုလ်မွတ်စလင်မ်အသင်းက သူငယ်ချင်းတစ်ချို့က လာပြောတယ်။ နင် တက္ကသိုလ်မွတ်စလင်မ်အသင်းအကြောင်းရေးထားတာ ဖတ်ရတယ်ဆိုမှ ကျွန်မ စာမူလေး မဂ္ဂဇင်းမှာပါလာမှန်းသိတယ်။ အဲလို စာမူလေးပါလာတာဟာ ကျွန်မ စာတွေဆက်ရေးဖို့ တွန်းအားပေးလိုက်တာပါပဲ။

အဲဒီနောက်ပိုင်းမှာတော့ အချိန်ရရင် ရသလို ကျွန်မ စာတွေ ရေးဖြစ်လာပါတော့တယ် …………..
စာတွေရေးဖြစ်လာအောင် မျိုးစေ့ချပေးခဲ့တဲ့ ဒါဒါ(အဖိုး)၊ ရေလောင်းပေါင်းသင် ယုယပေးခဲ့တဲ့ (မေမေ)၊ တွန်းအားပေးခဲ့တဲ့ VEC ပညာ့ရိပ်သာ တည်ထောင်အုပ်ချုပ်သူ ဆရာကြီး(ဦးသူရအောင်)နှင့် ဆရာများ၊ နွေရာသီဗဟုသုတရရှိရေးအစီအစဉ်မှ ဆရာများကို ကျေးဇူးအထူးတင်ရှိပါကြောင်း …..

Thursday, January 13, 2011

စာဖတ်ဝါသနာပါလာတဲ့ ကျွန်မ

ကျွန်မသည် စာဖတ်ဝါသနာပါသူဖြစ်သည်။ စာဖတ်ဝါသနာပါရခြင်းမှာလည်း အကြောင်းမဲ့တော့မဟုတ်ခဲ့ပါ။ ကျွန်မ ဖေဖေ၏ စာဖတ်ဝါသနာကြီးမားမှုကို အမွေဆက်ခံရခြင်းလို့ပင် ဆိုချင်ပါသည်။

ကျွန်မဖေဖေသည် အလွန်စာဖတ်သူတစ်ဦးဖြစ်ပါတယ်။ ဖေဖေ အလုပ်အားလပ်ချိန်တိုင်း ဖေဖေရဲ့ လက်ဝယ်မှာ စာအုပ်တစ်အုပ်ကိုင်ဖတ်နေတာကိုပဲ ကျွန်မသိတတ်သည့်အရွယ်ကတည်းကပင် တွေ့မြင်နေခဲ့ရခြင်းပါ။

စာအုပ်စာဖတ်ဝါသနာပါတဲ့ ဖေဖေဟာ စာအုပ်ဝယ်ရာ စာအုပ်စုဆောင်းရာမှာလဲ ဇွဲကြီးလှပါတယ်။ ဘယ်ကာလ ဘယ်အချိန်အခါက စုဆောင်းထားသည်မသိ။ တစ်ချို့စာအုပ်တွေရဲ့ ထုတ်ဝေခုနှစ်တွေဟာ ကျွန်မထက်ပင် အသက်ကြီးနေတာတွေ ဖေဖေ့စာအုပ်စင်ပေါ်မှာ အများပင်။ ဖေဖေ့စာအုပ်စင်က စာအုပ်တွေထဲမှာ ထူးဆန်းတာက အချစ်ဝတ္ထုဆိုလို့တော့ တစ်အုပ်တစ်လေမှ မတွေ့ရပါ။ မြန်မာစာပေနဲ့ရေးသားထားတဲ့ စာအုပ်တွေအပြင် အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ စာအုပ်တွေလည်း အများအပြားပါပဲ။

မြန်မာစာပေနဲ့ ရေးကြတဲ့ စာအုပ်တွေထဲက စာရေးဆရာကြီးတွေက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင် မြသန်း၊ မြသန်းတင့်၊ လင်းယုန်မောင်မောင်၊ ဗန်းမော်တင်အောင်နဲ့ ရှေးခေတ် စာဆိုရှင်ကြီးများဖြစ်ကြတဲ့ ဆရာကြီးပီမိုးနင်း၊ မဟာဆွေ၊ ဆရာတက်တိုးတို့ရဲ့ ရှားပါးလှတဲ့ စာပေတစ်ချို့ကိုလည်း ဖေဖေ့စာအုပ်စင်မှာ တွေ့ရတယ်။

Monday, January 10, 2011

MMSY လေးနှစ်ပြည့်အထိမ်းအမှတ်(မန္တလေး)

MMSY လေးနှစ်ပြည့်အထိမ်းအမှတ်ကို မန္တလေးမှာလည်း သေချာစီစဉ်ပြီး လုပ်ဖို့ စိတ်ကူးခဲ့ပေမယ့် ... အဘစွာရော ကျွန်တော်ရော အချိန်မရတာကြောင့် .... ဒီနှစ် မန္တလေးမှာ မလုပ်တော့ဘူးလို့ အဘစွာကပြောတယ် ... ကျွန်တော်ကတော့ အထိမ်းအမှတ်လေးတစ်ခုခုတော့လုပ်ချင်တယ် .... နောက်ဆုံး ဘာမှ မလုပ်ဖြစ်ရင်တောင် ကလေးတွေကိုမုန့်သွားကျွေးချင်တယ် .... အဲဒါလေး လုပ်မယ်လို့ စိတ်ကူးပြီး ..... ၉.၁.၂၀၁၁(တနင်္ဂနွေနေ့)မှာ မန္တလေးမှာရှိတဲ့ လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်းရယ် အမျိုးသမီးသက်မွေးပညာသင်ကျောင်း အဲဒီ (၃)ကျောင်းကို သွားပြီး မုန့်သွားကျွေးဖို့ စီစဉ်လိုက်တယ် ....

တစ်ခြားမန်ဘာတွေကိုလည်း သေချာ မပြောပြနိုင်ခဲ့တော့တာမို့ အဘစွာ၊ ခင်သူဇာ၊ ကြယ်စင်ချိုနဲ့ ကျွန်တော်တို့ပဲ သွားဖို့ စီစဉ်လိုက်တော့တယ် .... မုန့်ကျွေးဖို့ လက်ဆောင်ပေးဖို့ ကိစ္စတွေကို ခင်သူဇာက အားလုံး စီစဉ်ပေးထားတယ်လေ .... အဲဒီနေ့ မတိုင်ခင် တစ်ရက် ညနေမှာ ကျွန်တော်လည်း ပြင်ဦးလွင်ကနေ မန္တလေးကို ဆင်းလာလိုက်တယ်။ အဲဒီမှာပဲ သူရစိုးက ကျွန်တော့်ကို ဖုန်းခေါ်လာတယ် ... သူ မန္တလေးမှာရောက်နေတဲ့အကြောင်းပြောတော့ ကျွန်တော်က မနက်ဖြန် အစီအစဉ်လေးရှိတဲ့အကြောင်းပြောပြလိုက်တယ် ... သူကလည်း သူလည်းစိတ်ဝင်စားတယ် ... လိုက်ကြည့်ချင်တယ် ဆိုတာနဲ့ သူ့ကို ကျွန်တော် လာခေါ်မယ်လို့ ပြောလိုက်တယ် ....

Sunday, January 09, 2011

ခံစားမှုမျိုးစုံရရှိစေခဲ့တဲ့နေ့လေးတစ်နေ့(MMSY လေးနှစ်ပြည့်အထိမ်းအမှတ်)

၂၀၁၁ ဇန်န၀ါရီလ(၈)ရက်နေ့မှာ MMSY ဟာ လေးနှစ်ပြည့်ပြီဖြစ်လို့ ... ... .. လေးနှစ်သားလေး MMSY ရဲ့ မွေးနေ့မှာ အထိမ်းအမှတ်အစီအစဉ်လေးတစ်ခုကိုရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ ငြိမ်းချမ်းသာယာဟာဖိဇ်ကျောင်းလေးသို့ ဇန်န၀ါရီလ(၄)ရက်[လွတ်လပ်ရေးနေ့]က (အသက် ၃-နှစ်ခွဲကနေ၁၆-နှစ်အရွယ်ရှိ) ကလေးတွေဆီကို သွားရောက်ကြပြီး ကျွန်တော်တို့ တတ်စွမ်းနိုင်သမျှ တစ်ပိုင်တစ်နိုင်အစီအစဉ်လေးတစ်ခုကို လုပ်ဆောင်ပေးခဲ့ကြပါတယ်။ …….

အဲဒီနေ့ကကျွန်တော်တို့ ဘာအစီအစဉ်တွေလုပ်ခဲ့ကြသလဲဆိုတော့ ……………….. အဲ ဒါပေမယ့် … အဲဒီနေ့မတိုင်ခင်အကြောင်းလေးလည်း နည်းနည်းပြောပြချင်တယ်။ ကျွန်တော်တို့တွေ အဲဒီဟာဖိဇ်ကျောင်းလေးကိုသွားဖြစ်ခဲ့ရခြင်းအကြောင်းက(တိုင်းရင်းသားကျေးရွာမှာပြုလုပ်ခဲ့တဲ့) MMSY တွေ့ဆုံပွဲကထွက်လာတဲ့ ရလဒ်လေးပါ။ ဒါနဲ့ပဲ၂၀၁၀ ဒီဇင်ဘာလဆန်းပိုင်းမှာ ကျွန်တော်တို့တွေတွေ့ဆုံတိုင်ပင်ခဲ့ကြပြီး လုပ်မယ့်အစဉ်လေးကိုစတင်ကြေငြာခဲ့ပါတယ်။ ခါတိုင်းလို မန်ဘာတွေ တွေ့ဆုံရုံသက်သက်မဟုတ်ပဲ အကျိုးရှိမယ့် လူမှုလုပ်ငန်းလေးလုပ်ဖို့စိတ်ဝင်စားသူတွေကိုလည်း ရင်းနှီးစွာဖိတ်ခေါ်ခဲ့ပါတယ်။ အစီအစဉ်လေးကိုကြေငြာပြီးမကြာခင်မှာပဲစင်္ကာပူကနေ အလှူငွေထည့်ဝင်ချင်လို့ ငွေလွှဲပေးချင်ပါတယ်ဆိုပြီး မသီတာ၊ ကိုသန်းလှိုင်၊သူငယ်ချင်းမလေးတစ်ယောက်တို့က မြန်မာငွေ ၁၅၀၀၀၀ိ/-(တစ်သိန်းခွဲတိတိ)လွှဲပို့လာပါတယ်။အဲဒီနောက် မလေးရှားက မန်ဘာတွေလည်း ရန်ကုန်မှာလုပ်တဲ့ အစီအစဉ်လေးအတွက် ၀ိုင်းဝန်းပါဝင်ကြမယ်ဆိုတာသိလာရပြီး ကိုမင်းမင်းဦးဆောင်ပြီး မြန်မာငွေ ၁၅၀၀၀၀ိ/-(တစ်သိန်းခွဲ)တစ်ခါ၊ ၃၀၈၀၀၀ိ/-(သုံးသိန်းရှစ်ထောင်တိတိ)တစ်ခါငွေလွှဲပို့လာပါတယ်။ (အဲဒီအလှူငွေတွေအတွက် အလှူရှင်နာမည်စာရင်းများပေးရန် မလေးရှားသို့လှမ်းပြောထားပါတယ်။)အစီအစဉ်နေ့မတိုင်ခင်ထိ ရန်ကုန်မှ လှူဒါန်းကြသူများမှ ၁၃၇၀၀၀ိ/-(တစ်သိန်းသုံးသောင်းခုနှစ်ထောင်)၊ကျောင်းလေးသို့သွားရောက်သည်နေ့တွင် ၆၅၀၀၀ိ/-(ခြောက်သောင်းငါထောင်)ကို ထပ်မံထည့်ဝင်လှူဒါန်းကြပါတယ်။

Wednesday, January 05, 2011

Social Skills

THE TWELVE STEP TO SUCCESS

1. BE CONFIDENT
2. BE RESPONSIBLE
3. BE HERE
4. BE ON TIME
5. BE FRIENDLY
6. BE POLITE
7. BE PREPARED
8. BE A GOOD LISTENER
9. BE A DOER
10. BE A TOUGH WORKER
11. BE A RISK TAKER
12. BE A GOAL SETTER


သူငယ်ချင်းတစ်ယောက်ရဲ့ပေးစာ

"အဝေဖန်ခံနိုင်သောသူ လိမ္မာ၏။ လူတိုင်းရဲ့ဘဝမှာ ဝေဖန်မှုတွေကို အနည်းအများ၊ မလွဲမသွေကြုံရပါတယ်။ တကယ်တော့ အောင်မြင်သူတစ်ဦးဟာ အောင်မြင်လေလေ အဝေဖန်ခံရလေလေပါပဲ” လို့ Carnegie ကပြောခဲ့တယ်။

တကယ့်သတ္တိဆိုတာ တစ်ခြားလူ ဘယ်လိုပြောပြော မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတာကိုခေါ်တယ်။ ရေက လှေကိုထမ်းထားနိုင်သလို လှေကိုလည်း မှောက်ပစ်နိုင်တယ်။ ဒါပေမယ့် လှေထဲရေမဝင်ရင် လှေဘယ်တော့မှ မမြှုပ်နိုင်ပါဘူး။ တစ်ခုမှတ်ထားရမှာက ကိုယ်မှန်တယ်ဆိုရင် ကိုယ့်ယုံကြည်မှုကို ကိုယ်ကြံ့ကြံ့ခံထားရမယ်။ မတရားတဲ့ဝေဖန်မှုနဲ့ ကိုယ့်ယုံကြည်မှုကို မပျက်ပြားစေသင့်ဘူး။

“လင်ကွန်း”သာ ဝေဖန်ဆဲဆိုဒဏ်ကို မခံနိုင်ခဲ့ရင် အစောကြီးကတည်းက ပြည်တွင်းစစ်ရဲ့ ဖိအားကြောင့် သူရှုံးနိမ့်ခဲ့ပြီးဖြစ်တယ်။ လင်ကွန်းရေးခဲ့တဲ့ ဝေဖန်မှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့စာက စာပေလောကမှာ အဖိုးတန်တဲ့ စာဖြစ်ခဲ့တယ်။